
နေပြည်တော် ဧပြီ ၂၅
NSDF ထိုင်းဖိတ်ခေါ် အမျိုးသမီးဖူဆယ်ပြိုင်ပွဲ နောက်ဆုံးနေ့ကို ဧပြီ ၂၆ ရက် (ယနေ့) တွင် ထိုင်း နိုင်ငံ၌ ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး မြန်မာ့ လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် သြစတြေးလျကလပ်အသင်းနှင့် ယှဉ်ပြိုင်ကစားရ မည်ဖြစ်သည်။
ပြိုင်ပွဲကို ငါးသင်းပတ်လည်စနစ်ဖြင့် ကျင်းပ နေခြင်းဖြစ်ပြီး နောက်ဆုံးနေ့အဖြစ် ယနေ့ မြန်မာ စံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် မြန်မာအသင်းနှင့် သြစတြေးလျကလပ် South Perth အသင်း၊ မြန်မာ စံတော်ချိန် ညနေ ၃ နာရီခွဲတွင် ထိုင်းလက်ရွေးစင် အသင်းနှင့် အင်ဒိုနီးရှားလက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ယခုနောက်ဆုံးနေ့တွင် ထိုင်းနှင့် အင်ဒိုနီးရှားပွဲမှာ ချန်ပီယံဆုအတွက် အဆုံး အဖြတ်ကစားရမည်ဖြစ်ပြီး မြန်မာနှင့် သြစတြေးလျ ကလပ် South Perth အသင်းတို့ပွဲမှာ ပထမဆုံးနိုင်ပွဲ နှင့်အတူ ဂုဏ်သိက္ခာပိုင်းအတွက် ကစားရမည်ဖြစ် သည်။ ဧပြီ ၂၄ ရက် ပွဲစဉ်များအပြီးတွင် ထိုင်းနှင့် အင်ဒိုနီးရှားလက်ရွေးစင်အသင်းတို့က သုံးပွဲကစား ကိုးမှတ်စီ၊ ထိုင်း All Stars အသင်းက လေးပွဲကစား ကိုးမှတ်၊ သြစတြေးလျကလပ် South Perth အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်းတို့က သုံးပွဲ စလုံးရှုံးကာ အမှတ်မရသေးပေ။
မြန်မာအသင်းသည် အုပ်စုပွဲများတွင် ထိုင်း လက်ရွေးစင်အသင်းကို ခုနစ်ဂိုးပြတ်၊ ထိုင်း All Stars အသင်းကို လေးဂိုး-တစ်ဂိုး၊ အင်ဒိုနီးရှားလက်ရွေးစင် အသင်းကို သုံးဂိုး- နှစ်ဂိုးတို့ဖြင့် အရေးနိမ့်ထား သည်။
မြန်မာအမျိုးသမီး ဖူဆယ်အသင်းသည် လာမည့် မေလတွင်ကျင်းပမည့် (၃၁) ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲ ယှဉ်ပြိုင်ရန် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ယခုပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။
ရဲရင့်လွင်