ထိုင်းဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲ မြန်မာအမျိုးသမီးအသင်း ထိုင်းနှင့် အုပ်စုပထမပွဲ ယနေ့ကစားမည်

 

 

ရန်ကုန်    ဧပြီ   ၁၉
ထိုင်းဘောလုံးအဖွဲ့ချုပ်က    စီစဉ်ကျင်းပသည့်     ထိုင်းဖိတ်ခေါ်   NSDF Futsal Invitation Cham-pionship 2022 ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်   အမျိုးသမီးအသင်းသည်  အုပ်စု ပထမပွဲအဖြစ်   အိမ်ရှင်  ထိုင်းလက်ရွေးစင် အသင်းနှင့် စတင်ကစားရမည်ဖြစ်သည်။
ယင်းပြိုင်ပွဲကို  (၃၁)ကြိမ်မြောက်  ဆီးဂိမ်း ပြိုင်ပွဲ  အကြိုပြင်ဆင်မှုအဖြစ်    ဧပြီ  ၂၀ ရက်မှ ၂၆ ရက်အထိ  ပြုလုပ်မည်ဖြစ်ပြီး အသင်း ငါးသင်း  ယှဉ်ပြိုင်မည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် အိမ်ရှင် ထိုင်းလက်ရွေးစင်အသင်း၊   ထိုင်း   All Stars   အသင်း၊ မြန်မာ့လက်ရွေးစင်အသင်း၊ အင်ဒိုနီးရှား လက်ရွေးစင်အသင်းနှင့် သြစတြေးလျကလပ်    South Perth အသင်းတို့  ယှဉ်ပြိုင်မည်ဖြစ်ပြီး ငါးသင်း ပတ်လည်စနစ်ဖြင့် ကျင်းပမည်ဖြစ်သည်။   ပွဲစဉ်ရေးဆွဲထားမှုအရ  အုပ်စုပထမပွဲအဖြစ်  ဧပြီ ၂၀ ရက်(ယနေ့) မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲ တွင် ထိုင်း All Stars အသင်းနှင့်  သြစတြေးလျ ကလပ်  South Perth အသင်း၊ မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲတွင်    မြန်မာ့လက်ရွေးစင်အသင်းနှင့်   ထိုင်းလက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ အုပ်စုပွဲစဉ်များကို ဧပြီ ၂၀၊ ၂၁၊ ၂၃၊ ၂၄၊ ၂၆ ရက်တို့တွင် ပြုလုပ်သွားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်   အမျိုးသမီးအသင်းသည်    (၃၁)  ကြိမ်မြောက်  ဆီးဂိမ်းပြိုင်ပွဲ အကြိုပြင်ဆင်မှု အဖြစ် ယင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ မြန်မာအသင်းသည် အခြားအုပ်စုပွဲများ အဖြစ် ဧပြီ ၂၃ ရက်တွင် ထိုင်း All  Stars  အသင်း၊   ဧပြီ  ၂၄  ရက်တွင်   အင်ဒိုနီးရှား  လက်ရွေးစင် အသင်း၊ ဧပြီ ၂၆ ရက်တွင်  သြစတြေးလျကလပ် South Perth အသင်းတို့နှင့်  ထပ်မံယှဉ်ပြိုင်ကစား ရမည်ဖြစ်သည်။                               ရဲရင့်လွင်