
ဘောလုံးလောကတွင် ထင်ရှားကျော် ကြားသော သွင်းဂိုးနှစ်ဂိုး သွင်းယူရရှိ ရန် ဒီယေဂို မာရာဒိုနာ အသုံးပြုခဲ့သည့် ဘောလုံးကို လေလံတင်ရောင်းချသွား မည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
၁၉၈၆ ခုနှစ်က ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်အဖြစ် အင်္ဂလန်နှင့် အာဂျင်တီးနားအသင်းတို့ ပွဲစဉ်၌ အသုံးပြုခဲ့သည့် အဆိုပါ ဘောလုံးကို လေလံတင် ခန့်မှန်းဈေးနှုန်း ပေါင် ၂ ဒသမ ၅ သန်းမှ ၃ သန်းအထိ ရောက်ရှိဖွယ်ရှိကြောင်း သိရသည်။ မာရာဒိုနာ၏ လက်ဖြင့်သွင်းယူ သောဂိုးကို ခွင့်ပြုပေးခဲ့သည့် တူနီးရှားကွင်းလယ်ဒိုင် အလီဘင် နာဆာက ဘောလုံးကို ရောင်းချပေးသွားမည်ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲ၌ ပွဲချိန် ၅၁ မိနစ်တွင် အင်္ဂလန်အသင်းဘက်သို့ သွင်းယူခဲ့သော မာရာဒိုနာ၏ သွင်းဂိုးသည် ဘုရားပေးသောလက်ဟု လူသိများ ကျော်ကြားခဲ့သလို ပွဲချိန် ၅၅ မိနစ်တွင် အင်္ဂလန်ကစား သမား ငါးဦးခန့်ကို ကျော်ဖြတ်ကာ သွင်းယူရရှိခဲ့သော မာရာဒိုနာ၏ ဒုတိယသွင်းဂိုးသည်လည်း ရာစုနှစ်၏ အကောင်းဆုံးသွင်းဂိုးအဖြစ် လူသိများလာခဲ့သည်။ အဆိုပါ ဘောလုံးကို ပွဲချိန်ပြည့်အသုံးပြုခဲ့ပြီး ပွဲပြီးချိန်တွင် အာဂျင်တီးနားအသင်းက မာရာဒိုနာ၏ သွင်းဂိုး နှစ်ဂိုး နှင့်အတူ နှစ်ဂိုး-တစ်ဂိုးဖြင့် အင်္ဂလန်အသင်းကို အနိုင်ရရှိခဲ့သည်။
အောင်ဇော် - စုစည်းသည်