ထူးခြားမှုများနဲ့ အားလုံးအမှတ်ရနေမယ့် တိုကျိုအိုလံပစ်

Type
1

 

တက္ကသိုလ် မောင်ရူပ

ဂျပန်နိုင်ငံမှာ ဇူလိုင်လ ၂၃ ရက်နေ့ကနေ  ဩဂုတ်လ ၈ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့တဲ့ တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲကြီးဟာ  အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ အိုလံပစ်ပြိုင်ပွဲကြီး မကျင်းပခင် ဇူလိုင်လ ၁၂ ရက်နေ့ကနေ ဩဂုတ်လ ၂၂ ရက်နေ့အထိ တိုကျို မြို့အပါအဝင် မြို့ကြီးအချို့မှာ ကိုဗစ်-၁၉ ထိန်းချုပ်ရေးဆိုင်ရာ အရေးပေါ်အခြေအနေ (State of Emergency) ကို သတ်မှတ်ကြေညာထားတဲ့အတွက် အိုလံပစ်ပွဲကြီး အောင်မြင်မှု ရှိနိုင်ပါ့မလားလို့ သံသယဝင်ခဲ့သူတွေ၊ စိတ်ပူပင်ခဲ့သူတွေရှိခဲ့ပါတယ်။ တကယ့်လက်တွေ့မှာ ဂျပန်အစိုးရရဲ့ တင်းကျပ်တဲ့ ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ဆောင်ရွက်ခဲ့မှု ကြောင့် တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲကြီးကို အောင်မြင်စွာကျင်းပနိုင်ခဲ့တာကို တွေ့မြင်ရပါတယ်။ 


တိုကျိုအိုလံပစ်ပွဲတော် ဖွင့်ပွဲအခမ်းအနား


ဇူလိုင်လ ၂၃ ရက်နေ့က  ကျင်းပခဲ့တဲ့ တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲ  ဖွင့်ပွဲ အခမ်းအနားကို    ဂျပန်ဧကရာဇ်   နာရူ ဟီတို      တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ဝန်ကြီးချုပ်   ယိုရှိဟီဒေးဆူဂ    လည်း တက်ရောက်ခဲ့ပါတယ်။         ပြည်ပ ခေါင်းဆောင်တွေအနက်   အမေရိကန် သမ္မတ Joe Biden ရဲ့ဇနီး    Jill Biden၊ ပြင်သစ်သမ္မတ   Emmanuel Macron၊  မွန်ဂိုလီးယားဝန်ကြီးချုပ်   Luvsanna-msrai Oyun-Erdene တို့အပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံက  အကြီးအကဲတွေ၊ အစိုးရအဖွဲ့ဝင်  ဝန်ကြီးအဆင့် စုစုပေါင်း ကိုယ်စားလှယ် ၇၀ ကျော်   ပါဝင်တက် ရောက်ခဲ့ကြပါတယ်။       ကိုဗစ်-၁၉ ကူးစက်မှုတွေ     များပြားနေတဲ့ကြားက ကျင်းပပြုလုပ်ရတာ        ဖြစ်တဲ့အတွက် အိုလံပစ်ဖွင့်ပွဲ          အခမ်းအနားကို သက်ဆိုင်ရာနိုင်ငံတွေက  တက်ရောက် လာတဲ့   ကိုယ်စားလှယ်တွေ၊ အမျိုးသား အိုလံပစ်ကော်မတီ အဖွဲ့ဝင်တွေကိုသာ တက်ရောက်ခွင့်ပေးခဲ့ပြီး      ပွဲကြည့် ပရိသတ်တွေ ခွင့်မပြုခဲ့တာကို  တွေ့ရပါ တယ်။


ဖွင့်ပွဲအခမ်းအနားမှာ    အိုလံပစ် အားကစားပြိုင်ပွဲ   ကျင်းပရေးတာဝန်ခံ ဝန်ကြီး Seiko  Hashimoto က  မိန့်ခွန်း ပြောကြားရာမှာ         တိုကျိုအိုလံပစ် အားကစားပြိုင်ပွဲကြီးကို   တစ်နှစ်  အချိန် ရွှေ့ဆိုင်းခဲ့ရပေမယ့်  နောက်ဆုံးမှာတော့ ဖွင့်ပွဲအခမ်းအနားကြီးကို   ယနေ့ကျင်းပ နိုင်ခဲ့ပြီ ဖြစ်ကြောင်း၊      ကမ္ဘာနဲ့အဝှမ်း ကိုဗစ်-၁၉ ကူးစက်မှုတွေ  ဖြစ်ပွားနေချိန် မှာ      အိုလံပစ်အားကစားပြိုင်ပွဲကြီးကို အခက်အခဲတွေကြားကနေ   လက်တွေ့ ကျင်းပနိုင်အောင် အိမ်ရှင်အဖြစ်  လက်ခံ ကျင်းပပေးတဲ့         ဂျပန်ပြည်သူများ၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ၊ ဂျပန်အစိုးရ၊      တိုကျိုမြို့ပြအစိုးရနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးရဲ့ ကြိုးပမ်း      အားထုတ်မှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊      အိုလံပစ် အားကစားပြိုင်ပွဲကြီးကို   အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ဖို့   ကြိုးပမ်းခဲ့တဲ့ လွန်ခဲ့တဲ့  ၁၀ နှစ်က     ဂျပန်နိုင်ငံဟာ  အင်အားပြင်းထန်လှတဲ့     မြေငလျင်နဲ့ ဆူနာမီရေလှိုင်းကြီးတွေရဲ့        ဒဏ်ကို အကြီးအကျယ် ခံစားနေခဲ့ကြရကြောင်း၊  အဲဒီအချိန်တုန်းက       နိုင်ငံတကာက ပြည်သူတွေကလည်း   တတ်နိုင်သရွေ့ အားပေးကူညီပြီး   ရှေ့ဆက်နိုင်အောင် တွန်းအားပေးခဲ့ကြောင်း၊ အခု ၁၀-နှစ် ကြာအချိန်မှာ    ဂျပန်နိုင်ငံရဲ့   ပြန်လည် အားပြည့်လာမှုကို  မိမိတို့ ပြသနိုင်ပြီဖြစ် ကြောင်း၊ ဒီအတွက်လည်း အားလုံးကို ကျေးဇူးတင်ရှိကြောင်း၊    ဒီနေ့အချိန်မှာ ကမ္ဘာအနှံ့က    အားကစားသမားတွေနဲ့ ဂျပန်အားကစားသမားတွေဟာ အိုလံပစ် အလံအောက်ကနေ   ပါဝင်ယှဉ်ပြိုင်ကြဖို့ တိုကျိုအိုလံပစ်     အားကစားရုံကြီးဆီ ရောက်ရှိနေကြပြီ ဖြစ်ကြောင်း၊ ငြိမ်းချမ်း မှုနဲ့ အပြန်အလှန်လေးစားမှုတွေ လွှမ်းခြုံ ထားတဲ့ “မတူကွဲပြားမှုများရဲ့  ပေါင်းစည်း မှု” ဟာ   အနာဂတ်အတွက် မျှော်မှန်းချက် ဖြစ်ကြောင်း၊  ဒီအချက်ဟာ အားကစားရဲ့ အင်အားဖြစ်သလို   အိုလံပစ်လှုပ်ရှားမှု များရဲ့  အခြေခံတန်ဖိုးလည်းဖြစ်ကြောင်း၊ အခုအချိန်ဟာ အားကစားနဲ့   ပြိုင်ပွဲဝင် တွေရဲ့ စွမ်းအားကို    ထုတ်ဖော်ပြသရမယ့် အချိန်ဖြစ်ကြောင်း၊    ဒီစွမ်းအားတွေဟာ ကမ္ဘာကြီးကို   ပေါင်းစည်းပေးနိုင်မှာဖြစ် ကြောင်း၊   နှစ်ပေါင်း ၅၀ ကျော်ကြာမြင့် ပြီးတဲ့အချိန်မှာ      အိုလံပစ်အားကစား ပွဲတော်ကြီးဟာ   တိုကျိုမြို့ကို   ထပ်မံရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း၊          ဒီ အားကစားပြိုင်ပွဲကြီးဟာ နောင်လာမယ့် မျိုးဆက်သစ်တွေ  ဂုဏ်ယူဖွယ်ရာအဖြစ် ကျန်ရှိနေစေဖို့ မိမိတို့ အစွမ်းကုန်ကြိုးပမ်း သွားမှာဖြစ်ကြောင်း     ပြောကြားခဲ့ပါ တယ်။


အပြည်ပြည်ဆိုင်ရာ        အိုလံပစ် ကော်မတီ ဥက္ကဋ္ဌ  Thomas Bach   က အဖွင့်မိန့်ခွန်းပြောကြားရာမှာ     မိမိတို့ မျှော်မှန်းထားတဲ့ ပုံစံမျိုးနဲ့  များစွာကွဲပြား ခြားနားနေပေမယ့်လည်း  ဒီကနေ့မှာ တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲကြီးကို စတင်ကျင်းပနိုင်ခဲ့တာကို ဝမ်းမြောက်စွာ ကြိုဆိုရမှာ ဖြစ်ကြောင်း၊   နိုင်ငံ/ဒေသ ပေါင်း ၂၀၆ နိုင်ငံက  အားကစားသမားတွေ အခုလို    တစ်စုတစ်စည်းတည်း    လာ ရောက် ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ အစစအရာရာ စီစဉ်ဆောင်ရွက်ပေးခဲ့ကြတဲ့      ဂျပန် ပြည်သူများ၊    ဂျပန်အစိုးရ၊  အိုလံပစ်ပွဲ တော်     ကျင်းပရေးဦးစီးကော်မတီနဲ့ တာဝန်ရှိသူများအားလုံးကို    အားကစား သမားများကိုယ်စား   ကျေးဇူးတင်ရှိပါ ကြောင်း၊   အထူးသဖြင့်    ကိုဗစ်-၁၉ ကူးစက်ရောဂါ  ပြန့်ပွားနေတဲ့   ခက်ခဲလှ တဲ့အချိန်အခါမျိုးမှာ    ဒီလိုနိုင်ငံတကာအားကစားပြိုင်ပွဲကြီး     ကျင်းပနိုင်ဖို့ ကြိုးစားပေးခဲ့မှုအပေါ်  အထူးပင်ဂုဏ်ယူ လေးစားရပါကြောင်း၊     နိုင်ငံတကာ အိုလံပစ်အသိုက်အဝန်းအနေနဲ့   မိမိတို့ အကြား   စုစည်းညီညွတ်စွာ   ရပ်တည် လက်တွဲဆောင်ရွက်ကြမယ်ဆိုရင် မိမိတို့ ခေတ်မှာကြုံတွေ့နေရတဲ့  အခက်အခဲ တွေကို    ရင်ဆိုင်ကျော်လွှားနိုင်မှာ    ဖြစ် ကြောင်း၊   အခုလို   ကိုဗစ်-၁၉   ကူးစက် ရောဂါ   ဖြစ်ပွားနေတဲ့ကာလမှာ   တိုကျို အိုလံပစ်အားကစားပြိုင်ပွဲကြီး     ဖြစ် မြောက်လာအောင်      နောက်ကွယ်က ပံ့ပိုးပေးနေကြတဲ့            ဆရာဝန်များ၊ သူနာပြုများနဲ့ လုပ်အားပေးများ အားလုံး ကို      အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ 


မြန်မာအားကစားအသင်း
ပါဝင်ယှဉ်ပြိုင်ခြင်း


တိုကျိုအိုလံပစ်ပွဲတော်မှာ    မြန်မာ နိုင်ငံက     ကြက်တောင်၊    သေနတ်ပစ်နဲ့ ဂျူဒိုအားကစား   အမျိုးအစား ၃-မျိုးမှာ ပါဝင်ယှဉ်ပြိုင်ဖို့ စီစဉ်ခဲ့ပါတယ်။  သို့သော် လည်း အခြေအနေအရ  ဂျူဒိုအားကစား မယ်ဟာ     လာရောက်နိုင်ခြင်းမရှိတာ ကြောင့်   ကြက်တောင်အားကစားမယ် သက်ထားသူဇာနဲ့       သေနတ်ပစ် အားကစားသမား     ရဲထွန်းနောင်တို့ ၂-ဦးသာ   တိုကျိုအိုလံပစ်  ပွဲတော်မှာ ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ 


သေနတ်ပစ်      အားကစားသမား ရဲထွန်းနောင်ဟာ ဇူလိုင်လ ၂၄ ရက်နေ့မှာ Asaka  သေနတ်ပစ်ကွင်းမှာ  ကျင်းပတဲ့ ၁၀ မီတာ   လေသေနတ်ပစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။   ကျည်အတောင့်  ၆၀ ပစ်ခတ်ယှဉ်ပြိုင်ရတဲ့ပွဲမှာ   ရဲထွန်း နောင်ဟာ  စုစုပေါင်း ရမှတ် ၅၇၆ မှတ် (၉၂၊ ၉၅၊ ၉၂၊ ၉၆၊ ၉၈၊ ၉၇)  နဲ့  ပျမ်းမျှ ၉ ဒသမ ၆၀ ရရှိခဲ့ပါတယ်။  စုစုပေါင်း ၃၆ ဦး ယှဉ်ပြိုင်ခဲ့ပြီး ၈ ဦးကိုသာ   ဆက်လက် ယှဉ်ပြိုင်ဖို့ ရွေးချယ်ခဲ့တာကြောင့် အဆင့် (၁၄) ရရှိခဲ့တဲ့    ရဲထွန်းနောင်အတွက် ဆက်လက်ယှဉ်ပြိုင်ဖို့  အခွင့်မသာ  ဖြစ်ခဲ့ ရပါတယ်။ ကြက်တောင်အားကစားမယ် သက်ထားသူဇာဟာ    ဇူလိုင်လ ၂၅ ရက် နေ့မှာ Musashino Forest Sport Plaza မှာ    ကျင်းပတဲ့ပြိုင်ပွဲမှာ    အင်ဒိုနီးရှား ကြက်တောင်အားကစားမယ် Tunjung G.M. နဲ့ ယှဉ်ပြိုင်ကစားခဲ့ရပြီး ရှုံးနိမ့်ခဲ့ပါ တယ်။ ဇူလိုင်လ ၂၇ ရက်နေ့မှာလည်း ဘယ်လ်ဂျီယံနိုင်ငံက     ကြက်တောင် အားကစားမယ် Tan Lianne နဲ့ ယှဉ်ပြိုင် ကစားခဲ့ရပြီး ရှုံးနိမ့်ခဲ့ပါတယ်။  ဒါကြောင့် ၎င်းဟာလည်း    ဆက်လက်ယှဉ်ပြိုင်ဖို့ အခွင့်မသာ ဖြစ်ခဲ့ရပါတယ်။


တိုကျိုအိုလံပစ်    အားကစားပြိုင်ပွဲ ကြီးမှာ  နိုင်ငံပေါင်း ၂၀၆ နိုင်ငံ/ဒေသက အားကစားသမား စုစုပေါင်း ၁၀,၃၀၅ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။  အားကစား အမျိုးအစားပေါင်း  ၃၃ မျိုး  ပါဝင်ခဲ့ပြီး ဆုတံဆိပ်ပေါင်း ၃၃၉ ခု ချီးမြှင့်ခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ (International Olympic Committee) က ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲကစပြီး ကရာတေး၊   ရေလွှာလျှောစီး၊   စကိတ် ဘုတ်စီးပြိုင်ပွဲနဲ့ အခက်အခဲတက်ပြိုင်ပွဲ (Sport climbing) တို့ကို   အိုလံပစ် အားကစားများအဖြစ်  သတ်မှတ်ထည့်သွင်းယှဉ်ပြိုင်ခဲ့ပါတယ်။ 


တိုကျိုအိုလံပစ်ပွဲတော်၏ 
ထူးခြားချက်များ


တိုကျိုအိုလံပစ်ပွဲတော်မှာ   ထူးခြား ချက်အချို့  ရှိခဲ့ပါတယ်။   ပထမထူးခြား ချက်က   အသက်  ၁၃ နှစ် အရွယ်သာရှိ သေးတဲ့  ဂျပန်နိုင်ငံသူ Momiji Nishiya ဟာ စကိတ်ဘုတ်စီး  ကျွမ်းကျင်မှုပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု    ဆွတ်ခူးရရှိခဲ့ပါတယ်။ စကိတ်ဘုတ်စီး   ကျွမ်းကျင်မှုပြိုင်ပွဲဟာ အခု     တိုကျိုအိုလံပစ်ပွဲတော်ကစပြီး အိုလံပစ်အားကစားပြိုင်ပွဲမှာ    စတင် ထည့်သွင်းခဲ့တာဖြစ်သလို       Momiji Nishiya ဟာ အိုလံပစ်အားကစားပြိုင်ပွဲ သမိုင်းမှာ အသက်အငယ်ဆုံး  ရွှေတံဆိပ် ဆုရှင်ဖြစ်လာခဲ့ပါတယ်။     အရင်စံချိန် တင်ထားတဲ့    အသက်အငယ်ဆုံး   ရွှေ တံဆိပ်ဆုရှင်တွေဖြစ်တဲ့  ၁၉၃၆ ခုနှစ်၊ ဘာလင်အိုလံပစ်ပြိုင်ပွဲရဲ့    ၃-မီတာ ဒိုင်ဗင်ထိုးပြိုင်ပွဲမှာ  ရွှေတံဆိပ် ရရှိခဲ့တဲ့ အမေရိကန်နိုင်ငံသူ Marjorie Gestring (အသက် ၁၄ နှစ် နီးပါး) နဲ့  ၁၉၉၂ ခုနှစ် ဘာဆီလိုနားအိုလံပစ်ပြိုင်ပွဲရဲ့  ရေကူး ပြိုင်ပွဲမှာ ရွှေတံဆိပ်ရရှိခဲ့တဲ့ ဂျပန်နိုင်ငံသူ Kyoko Iwasaki (အသက် ၁၄ နှစ်) တို့ ထက် ငယ်တာကြောင့် Momiji Nishiya ဟာ အိုလံပစ်အားကစားပြိုင်ပွဲ သမိုင်းမှာ အသက်အငယ်ဆုံး     ရွှေတံဆိပ်ဆုရှင် ဖြစ်လာခဲ့သလို အိမ်ရှင်ဂျပန်နိုင်ငံအတွက် ဂုဏ်ယူဖွယ်ရာမှတ်တမ်းတစ်ခု    ဖြစ်ခဲ့ ပါတယ်။ 


ဒုတိယထူးခြားချက်က    အိုလံပစ်အားကစားပြိုင်ပွဲသမိုင်းမှာ     တစ်အူ ထုံ့ဆင်း     မောင်ရင်း နှမ ၂-ဦး  ဖြစ်တဲ့ Hifumi Abe နဲ့ Uta Abe တို့ဟာ ဂျူဒို အားကစားပြိုင်ပွဲမှာ  တစ်ရက်တည်းမှာ ရွှေတံဆိပ်အသီးသီး     ဆွတ်ခူးနိုင်ခဲ့တဲ့ ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။  ဇူလိုင်လ ၂၅ ရက် နေ့က   ကျင်းပပြုလုပ်ခဲ့တဲ့  ၆၀-ကီလို အမျိုးသားဂျူဒိုပြိုင်ပွဲမှာ Hifumi Abe ဟာ ရွှေတံဆိပ်ဆု ရရှိခဲ့တာဖြစ်ပြီး Uta Abe ဟာ အဲဒီနေ့မှာပဲ ပြုလုပ်ခဲ့တဲ့ ၅၂-ကီလို    အမျိုးသမီးဂျူဒိုပြိုင်ပွဲမှာ     ရွှေ တံဆိပ်ဆု     ရရှိခဲ့တာ   ဖြစ်ပါတယ်။ အသက် ၅ နှစ်၊ ၆ နှစ်အရွယ်တွေကစပြီး ဂျုဒိုအားကစားကို   စတင်လေ့ကျင့်သင်ယူ လာကြသလို  ပြိုင်ပွဲအသီးသီးမှာလည်း ရွှေတံဆိပ်တွေ ရရှိခဲ့ကြတဲ့ Hifumi Abe နဲ့ Uta Abe    မောင်နှမနှစ်ယောက်ရဲ့ ရည်မှန်းချက်က   အိုလံပစ်ပြိုင်ပွဲမှာ   ရွှေ တံဆိပ်အတူတူ  ဆွတ်ခူးရေးဖြစ်တယ်လို့ သိရတဲ့အတွက် တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ သူတို့ရဲ့မျှော်မှန်းချက်တွေ    လက်တွေ့ ဖြစ်လာခဲ့သလို     အိုလံပစ်သမိုင်းမှာ မောင်ရင်းနှမ ၂-ဦး  တစ်ရက်အတွင်း ရွှေတံဆိပ်အတူတူ    ဆွတ်ခူးနိုင်ခြင်း ဖြစ်တာကြောင့်    အိမ်ရှင်   ဂျပန်နိုင်ငံ အတွက်လည်း   နောက်ထပ်  ဂုဏ်ယူဖွယ် ရာ  မှတ်တမ်းတစ်ခု  ဖြစ်ခဲ့ပါတယ်။ 


အလားတူပဲ       တစ်အူထုံ့ဆင်း ညီအစ်မ အရင်း ၂-ဦး ဖြစ်တဲ့ Yukako Kawai နဲ့ Risako Kawai တို့ဟာလည်း နပန်းအားကစားပြိုင်ပွဲမှာ    ရွှေတံဆိပ် အသီးသီး  ဆွတ်ခူးနိုင်ခဲ့တာကလည်း အိုလံပစ်ပွဲတော်အတွက်    ပိုမိုထူးခြား စေခဲ့ပါတယ်။   ဩဂုတ်လ ၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ၆၂-ကီလို အမျိုးသမီး နပန်းပြိုင်ပွဲမှာ Yukako Kawai ဟာ ရွှေတံဆိပ်ဆု ရရှိခဲ့တာ ဖြစ်ပြီး ဩဂုတ်လ ၅ ရက်နေ့က  ပြုလုပ်ခဲ့တဲ့ ၅၇-ကီလို အမျိုးသမီးဂျူဒိုပြိုင်ပွဲမှာ Risako Kawai ဟာ ရွှေတံဆိပ်ဆု ရရှိခဲ့တာဖြစ်ပါတယ်။ နပန်းအားကစားမိသားစုက ဆင်းသက် လာကြတဲ့ Yukako နဲ့ Risako Kawai တို့ဟာ    ငယ်ရွယ်စဉ်    အခြေခံပညာ ကျောင်းသူတွေ     ဘဝကတည်းက အိုလံပစ်ပြိုင်ပွဲတွေမှာ     ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖို့ ရည်မှန်းချက်ထားရှိခဲ့ကြ တာဖြစ်ပါတယ်။ Risako Kawai ဟာ ၂၀၁၆ ခုနှစ်က ဘရာဇီးလ်နိုင်ငံ  ရီယိုဒီ ဂျနေးရိုးမြို့မှာ    ကျင်းပခဲ့တဲ့   အိုလံပစ် အားကစားပြိုင်ပွဲ ၆၃-ကီလို အမျိုးသမီးဂျူဒိုပြိုင်ပွဲမှာလည်း ဂျပန်နိုင်ငံအတွက် ရွှေတံဆိပ်            ဆွတ်ခူးပေးခဲ့ပါတယ်။  Kawai   ညီအစ်မ ၂-ယောက်စလုံးဟာ  နိုင်ငံတကာ  နပန်းပြိုင်ပွဲတွေမှာလည်း ဆုတံဆိပ်တွေ အသီးသီးရရှိခဲ့ကြသလို အခုလို    ဂျပန်နိုင်ငံက    အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့     တိုကျိုအိုလံပစ်ပြိုင်ပွဲ ကြီးမှာ    ညီအစ်မ ၂-ယောက်စလုံးက ရွှေတံဆိပ်ဆု  ဆွတ်ခူးပေးနိုင်ခဲ့တာဟာ အိုလံပစ်သမိုင်းမှာရော၊    အိမ်ရှင် ဂျပန် နိုင်ငံအတွက်ရော ထူးခြားလှတဲ့ မှတ်တိုင် တစ်ခု ဖြစ်စေခဲ့ပါတယ်။ 


(ဆက်လက်ဖော်ပြပါမည်)