တာချီလိတ်မြို့၌ ဆိုင်ကယ်အငှား Taxi ကို ခရီးသည်အဖြစ် အသွင်ယူငှားရမ်းပြီး ဓားထောက်လုယက်မှုဖြစ်ပွား

 

တာချီလိတ်   ဇွန်  ၁၇


ရှမ်းပြည်နယ်( အရှေ့ပိုင်း)တာချီလိတ်မြို့ ရွှေတာချီလူမှုကူညီရေးအဖွဲ့ ဆိုင်ကယ် Taxi အသင်းသားတစ်ဦးကို   ခရီးသည်အဖြစ် အသွင်ယူ ငှားရမ်းပြီး ဓားထောက်လုယက်မှုဖြစ်စဉ် ယမန်နေ့ ညပိုင်းက ဖြစ်ပွားခဲ့သည်။

 


ဆန်ဆိုင်း (ခ)ရပ်ကွက် ဆိုင်ကယ် Taxi ဂိတ်သို့ ခရီးသည်တစ်ဦးက မြို့ပြင်ဟွေခိုက်ကျေးရွာ  စာသင်ကျောင်းအနီးသို့ လိုက်ပို့ရန်ငှားရမ်းပြီး  အဆိုပါရွာအနီးသို့ရောက်ရှိချိန်တွင်    ခရီးသည်အသွင်ယူထားသူက ဓားဖြင့်ထောက်၍     ဆိုင်ကယ်ကို    လုယက်မှုပြုလုပ်ခဲ့ကြောင်း၊ လုယက်ခံရသူ ရွှေတာချီ Taxi အသင်းသား  ဦးမျိုးလွင်က  လုယက်သူကို ပြန်လည်ခုခံခဲ့ခြင်းကြောင့်  ထိုသူမှာ ဆိုင်ကယ်ကိုထားကာ ထွက်ပြေး သွားခဲ့ကြောင်း၊   ဦးမျိုးလွင်မှာ ပြန်လည်ခုခံရင်း    ဘယ်ဘက်နံကြားနှင့်    ဘယ်ဘက်ပေါင်တို့တွင်    ဓားဒဏ်ရာတစ်ချက်စီရရှိခဲ့သဖြင့်   ခရိုင် ပြည်သူ့ဆေးရုံသို့  သွားရောက်ဆေးဝါးကုသမှု   ခံယူလျက်ရှိကြောင်း သိရသည်။

 


ဒဏ်ရာရရှိသူ ဦးမျိုးလွင်ကို ရွှေတာချီလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးဘိုစံနှင့် ကော်မတီဝင်များက သွားရောက်ကြည့်ရှု၍   ဆေးကုသမှု စရိတ်   ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ ပြစ်မှု ကျူးလွန်သူအား အမြန်ဆုံး ဖမ်းဆီးနိုင်ရေး ရဲတပ်ဖွဲ့က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                  

                  
ယာဆေး( ပြန်/ဆက်)