ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့် ပြသခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှု လုပ်ငန်းအဖြစ် သတ်မှတ်သည့် အမိန့်နှင့် ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်တို့ကို ပြန်ကြားရေးဝန်ကြီးဌာနက မတ် ၁၃ ရက်တွင် အမိန့်ထုတ်ပြန် ခဲ့ပြီးဖြစ်ရာ တစ်လပြည့်မြောက်သည့်အချိန်တွင် စတင်အာဏာ သက်ဝင်တော့မည်ဖြစ်သည်။ သို့ဖြစ်ရာ ဆက်သွယ်ရေးကွန်ရက် ကိုအသုံးပြုပြီး ရုပ်ရှင်ရုံတည်ထောင်ခြင်း၊ ရုပ်ရှင်ဆိုင်ရာအက်ပလီ ကေးရှင်းလွှင့်တင်ခြင်း၊ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းတို့ လုပ်ကိုင်နေသည့်လုပ်ငန်းများ မှာ အဆိုပါအမိန့်များကို လိုက်နာကြရတော့မည်ဖြစ်သည်။
ဒစ်ဂျစ်တယ်နည်းပညာအသုံးပြု ရုပ်ရှင်ထုတ်လုပ်ပြသမှု လုပ်ငန်းများနှင့်ပတ်သက်ပြီး အတိုင်းအတာတစ်ခုအထိ စနစ် တကျရှိစေရေး၊ ရသင့်ရထိုက်သည့် နိုင်ငံတော်၏အခွန်ဘဏ္ဍာ ငွေများရရှိစေရေး၊ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် မြန်မာ့ဓလေ့ ထုံးတမ်းကို ပျက်ပြားစေနိုင်သည့် ရုပ်ရှင်ကားထုတ်လုပ်ပြသမှု များကို တားမြစ်ပိတ်ပင်နိုင်စေရေးနှင့် ထုတ်လုပ်ပြသမည့် ရုပ်ရှင် ကားများသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ မျိုးချစ် စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးကို အထောက်အကူဖြစ်စေပြီး မြန်မာ့ရုပ်ရှင်အဆင့်အတန်းတိုးတက်စေရေးကို အထောက်အကူ ဖြစ်စေရေးတို့အတွက် ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှု အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
နှစ်ပေါင်းရာချီ၍ သက်တမ်းရှည်လာခဲ့ပြီဖြစ်သည့် ရုပ်ရှင်ပြသ မှုလုပ်ငန်းသည် ရုပ်ရှင်ရုံများတွင် ပရိသတ်အများအပြားကိုပြသ သည့်စနစ်မှ စတင်ကာ အိမ်တွင်မိသားစုဝိုင်းဖွဲ့ ကြည့်ရှုကြသည့် စနစ်သို့လည်းကောင်း၊ ဟန်းဖုန်းတစ်လုံးရှိရုံဖြင့် အချိန်မရွေး၊ နေရာမရွေး၊ တစ်ယောက်ချင်းကြည့်ရှုနိုင်သည့်စနစ်သို့လည်း ကောင်း ခေတ်အလျောက်ကူးပြောင်းရောက်ရှိခဲ့ပြီဖြစ်သည်။ အွန်လိုင်းမှ ထုတ်လွှင့်ပြသသည့် ရုပ်ရှင်ကားတို၊ ကားရှည်တို့မှာ ကောင်းသည်လည်းရှိ၊ မကောင်းသည်လည်းရှိသည်။ ကြည့်ရှုရန် သင့်သည်ရှိသလို၊ မသင့်သည်လည်းရှိသည်။ ရုပ်ရှင်များသည် ကြည့်ရှုသူများအပေါ် လွှမ်းမိုးနိုင်စွမ်းရှိသည့် မီဒီယာများပင်ဖြစ် သည့်အလျောက် အပြစ်ကင်းဖို့လိုသည်။ လွတ်လပ်စွာ အနုပညာ ဖန်တီးခွင့်သည် ပြည်သူလူထုအပေါ်အကျိုးမပြုလျှင်ပင် လူ့ အဖွဲ့အစည်းအတွင်း တစ်စုံတစ်ရာထိခိုက်မှုမဖြစ်စေရန် လိုသည်။
လက်ရှိအွန်လိုင်းမှ ထုတ်လွှင့်ပြသနေသည့် ရုပ်ရှင်အချို့တွင် လူမျိုးရေး၊ ဘာသာရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် အမျိုးသားယဉ်ကျေးမှု၊ နိုင်ငံတော်၏မူဝါဒ စသည်တို့ကို ထိခိုက် စေသော၊ မောင်နှင့်နှမ၊ သားနှင့်အမိ ကြည့်ရှုရန် မသင့်တော် သော၊ ရက်စက်ကြမ်းကြုတ်သော အပြောအပြများပါဝင်နေသည်။ အဆိုပါအွန်လိုင်းရုပ်ရှင်ကားများကို ကြည့်ရှုသူသောင်းဂဏန်း မှသည် သိန်းဂဏန်းအထိ ရှိနေသည်။ အွန်လိုင်းရုပ်ရှင်ကားများ နှင့် တစ်ဆက်တည်းတွင် အွန်လိုင်းလောင်းကစားကြော်ငြာများ၊ ငွေလိမ်လုပ်ငန်းကြော်ငြာများ၊ လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှု ကြော်ငြာများကိုပါ ပြသလျက်ရှိရာ လူ့အဖွဲ့အစည်းကို အန္တရာယ် ဖြစ်ပေါ်စေနိုင်သည့်အလျောက် အွန်လိုင်းရုပ်ရှင်ပြသမှုများ စနစ် တကျဖြစ်အောင်ဆောင်ရွက်ခြင်းသည် လုပ်သင့်လုပ်ထိုက်သည် ကို ပြုလုပ်ခြင်းသာဖြစ်သည်။
မြန်မာ့အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ တရုတ်နိုင်ငံ တို့မှာ ကမ္ဘာ့ထိပ်တန်းရုပ်ရှင်ထုတ်လုပ်သည့်နိုင်ငံများတွင် ပါဝင် ပြီး ၎င်းတို့၏ရုပ်ရှင်ကားများမှာ နိုင်ငံအတွက် ဝင်ငွေကြီးမားစွာ ရှာဖွေပေးနိုင်ကြသည့်အပြင် ၎င်းတို့နိုင်ငံနှင့် လူမျိုးကိုလည်း ကောင်း၊ ယဉ်ကျေးမှုကိုလည်းကောင်း ကမ္ဘာကသိရှိနားလည် အောင် ရုပ်ရှင်လုပ်ငန်းဖြင့် ပြုလုပ်နိုင်ကြသည်။ မြန်မာတို့ နှစ်ခြိုက်စွာအားပေးကြသည့် ကိုရီးယားရုပ်ရှင်များနှင့် ဇာတ်လမ်း တွဲများသည်လည်း ၎င်းတို့၏ အမှတ်တံဆိပ်များနှင့် ရိုးရာ ဓလေ့များ၊ ယဉ်ကျေးမှုများကို ကမ္ဘာကကျယ်ကျယ်ပြန့်ပြန့်သိရှိ အောင် စွမ်းဆောင်နိုင်ကြသည့် မီဒီယာများပင်ဖြစ်သည်။ ဒီမို ကရေစီခေတ်တွင် လွတ်လပ်စွာအနုပညာဖန်တီးခွင့်ကိုကျင့်သုံး ကြရာ၌ မိမိတို့လူ့အဖွဲ့အစည်းအပေါ် တစ်စုံတစ်ရာထိခိုက်မှု မရှိစေရန် တာဝန်ရှိသကဲ့သို့ မိမိတို့နိုင်ငံ၏ ပကတိအခြေအနေ နှင့်အညီ နိုင်ငံနှင့်လူမျိုး ကောင်းရာကောင်းကျိုးအတွက်လည်း တာဝန်သိသော ရုပ်ရှင်ရိုက်ကူးထုတ်လုပ်မှု၊ ထုတ်လွှင့်ပြသမှု လုပ်ငန်းများအဖြစ် ဂုဏ်တင့်ထည်ဝါနိုင်ကြပါစေကြောင်း။ ။