တစ်ချိန်က တက္ကသိုလ်ဆရာမများအဆောင်၏ ပုံရိပ်များ

Type
၁

ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်

========================

 

တစ်ချိန်က တက္ကသိုလ်ဆရာမများအဆောင်၏ ပုံရိပ်များ

================================

 

ဒေါ်ရှိန်းပိုင်

 

လွန်ခဲ့တဲ့အနှစ် (၄၀) ဝန်းကျင်ခန့်က ရန်ကုန်တက္ကသိုလ် ဝင်းထဲမှာရှိတဲ့ တက္ကသိုလ်ဆရာမများအဆောင်မှာ ကျွန်မနေခဲ့ဖူးပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ ဘယ်တက္ကသိုလ် က ဆရာမ မဆို အဆောင်လျှောက်ခွင့်၊ နေထိုင်ခွင့်ရှိတဲ့ တစ်ခုတည်းသော ဆရာမများအဆောင်ပါ။ အင်းလျား ဆောင်၊ ရတနာဆောင်၊ မာလာဆောင်၊ သီရိဆောင်တွေမှာ တက္ကသိုလ်ကျောင်းသူတွေ ထားပါတယ်။

တက္ကသိုလ်မှာ တာဝန်ထမ်းဆောင်တဲ့ ဆရာ ဆရာမတွေအတွက် ဆရာ ဆောင်တစ်ဆောင်၊ ဆရာမဆောင်တစ်ဆောင် သီးသန့် ရှိပါတယ်။ ဆရာများအဆောင်က တက္ကသိုလ်ရိပ်သာ လမ်းပေါ်မှာရှိလို့ လူသိများပါတယ်။ ဆရာမများအဆောင် ကတော့ စစ်ကိုင်းလမ်းပေါ်က အင်းဝဆောင်ရဲ့အလွန်မှာ ရှိတဲ့ လမ်းသွယ်(လမ်းတို) တက္ကသိုလ်လက်တွေ့ခန်း အဆောက်အအုံ (ULB- University Laboratory Building) လမ်းကဝင်ရပါတယ်။ အဲဒီလမ်းသွယ် လေးမှာ နာမည် လည်းမရှိ၊ လမ်းညွှန်ဆိုင်းဘုတ်လည်းမရှိပါ။ အဆောင် နေ ဆရာမတွေကလွဲလို့ ဆရာမများ အဆောင်ကို မသိတာ များပါတယ်။ အဆောင်ကိုလာတဲ့ မိဘဆွေမျိုးနဲ့ သူငယ် ချင်းတွေတောင် မျက်စိလည်ပြီး အဆောင်ရောက်မလာ တော့ဘဲ ပြန်သွားကြတာ မကြာခဏကြုံကြရပါတယ်။

 

“အညတရ” လမ်း

 

လမ်းသွယ်လေးဟာ မြေသားလမ်းကလေးပါ။ လမ်းရဲ့ဘေးနှစ်ဖက်မှာ ပင်အိုပင်ပျိုပင်တန်းတွေ အစီအရီ အုပ်မိုးနေပြီး လျှောက်လမ်းကတော့ ကျယ်ပါတယ်။ တချို့က တဝဂူလမ်းလို့ ခေါ်ပါတယ်။ တစ်ဖက်ပိတ်လမ်း ဖြစ်နေလို့ ထင်ပါတယ်။ လမ်းသွယ်လေးက လမ်းတိုလေး ပါ။ လမ်းထိပ်ရောက်ရင် ထွက်ပေါက်မရှိတော့ပါ။ ချုံနွယ် သစ်ပင်တွေက ပိတ်ထားပါတယ်။ ရော်ရွက်တွေ ကြွေချိန် ရောက်ရင် လမ်းကလေးပေါ်က ရွက်ကြွေတောကို အပျော်စိတ်ကူးလေးနဲ့ နင်းလျှောက်သူတွေရှိသလို ဖိနပ်မှာ အမှိုက်တွေကပ်လို့ စိတ်ရှုပ်စိတ်ညစ်ညူးတဲ့ သူတွေလည်း ရှိပါတယ်။ ဒီလမ်းလေးကလွဲလို့ ရွေးချယ် စရာလမ်းမရှိတာမို့ ကျွန်မတို့အတွက် တန်ဖိုးကြီးတဲ့လမ်း၊ အကျိုးပြုတဲ့ လမ်းကလေးပါ။ “အညတရ” လမ်းလို့ ကင်ပွန်းတပ်သူတွေကလည်း ရှိပါတယ်။

 

လမ်းသွယ်လေးရဲ့အဆုံး လမ်းထိပ်ရောက်လို့ ညာဘက်ချိုးလိုက်ရင် တစ်ဆောင်တည်းထီးတည်းရှိတဲ့ သုံးထပ် အုတ်အဆောက်အအုံ ဆရာမများအဆောင်ကို တွေ့ရမှာပါ။ စိမ်းစိုငြိမ်းချမ်းတဲ့ တောအုပ်လေးတစ်ခုထဲက အဆောက်အအုံတစ်ခုဆီကို ရောက်သွားသလို ခံစားရပါ တယ်။ တောရိပ်တောင်ရိပ်မှာ မွေးဖွားကြီးပြင်းလာတဲ့ ကျွန်မ အလိုလိုကြည်နူးပျော်မွေ့ခဲ့ရပါတယ်။ ‘တဝဂူ’ လည်း မဟုတ်တဲ့ တံခါးပေါက်တွေ၊ ပြတင်းပေါက်တွေနဲ့ သုံးထပ်ဆောင်ကြီးပါ။

 

ပန်းချစ်သူ၊ ပန်းကောက်သူ

 

အဆောင်ဝင်းထဲဝင်လာပြီဆိုရင် သူ့ရာသီအလိုက် ပွင့်တဲ့ ဆိပ်ဖလူးပန်းနံ့က ဆီးကြိုနေတတ်ပါတယ်။ အဆောင်အဝင်လမ်းကလေးရဲ့ ဘယ်ဘက်မြက်ခင်း စိမ်းစိမ်းတွေကြားမှာ ဆိပ်ဖလူးညီနောင်သုံးပင်က ပူးကပ် ပြီး အပြိုင်ပေါက်နေတာ တွေ့ရပါတယ်။ ပွင့်တဲ့ရာသီ ရောက်ပြီဆိုရင် ရှိသမျှအကိုင်းအခက်အလက်တွေပါ မကျန် ပင်လုံးကျွတ်ပွင့်ပါတယ်။ ဆိပ်ဖလူးပန်းအနံ့က မွှေးအီစူးရှလို့ အနံ့မခံနိုင်သူ၊ မနှစ်သက်သူလည်း ရှိပါ တယ်။ ပန်းလေးတွေကို ချစ်တတ်တဲ့ကျွန်မ ဆိပ်ဖလူး ပန်းပွင့်လေးတွေကို တစ်ပွင့်ချင်းကောက် ဆန်ခါလေးနဲ့ အပြည့်ရပြီဆိုရင် အပ်ချည်ကြိုးလေးနဲ့ တစ်ကုံးပြီး တစ်ကုံးသီ၊ ဘုရားကပ်လှူချင်သူတွေလည်း ကပ်လှူ၊ ပန်ချင်သူတွေလည်း ပန်ရအောင် ပန်းဒါနပြုသလို ကိုယ်တိုင်လည်း ပန်းကုံးလေးတွေရော ပန်းပွင့်လေး တွေပါ ဘုရားကိုကပ်လှူပါတယ်။ အဆောင်မှာ ကျွန်မ လိုပဲ ပန်းချစ်သူ၊ ပန်းကောက်သူတွေလည်း ရှိကြပါတယ်။

 

အဆောင်ရှေ့မျက်နှာစာ ညာဘက်မှာလည်း စံပယ် ပန်းရုံကြီးတစ်ခု၊ အဆောင်အောက်ဆုံးထပ်မှာရှိတဲ့ ရေချိုး ခန်းတွေနဲ့ကပ်ပြီး စံပယ်ပန်းချုံကြီးတွေ ပွင့်ချိန်ဆိုရင် အဆောင်အောက်ဆုံးကနေ အပေါ်ဆုံးအထိ အဆောင် ဝန်းကျင်တစ်ခုလုံး စံပယ်ပန်းနံ့တွေ မွှေးပျံ့ကြိုင်လှိုင် နေပါတယ်။

 

အဆောင်ဝန်းကျင်တစ်ခုလုံး ပင်အိုပင်ပျိုတွေ အပြိုင် အဆိုင် ဝိုင်းရံထားပြီး အောက်ခြေမှာလည်း စိမ်းစိုတဲ့မြက်ပင် တွေ ဖုံးနေလို့ တကယ့်တောအုပ်လေးတစ်ခုပါ။ ငှက်ပစ် သမား၊ ငှက်ထောင်သမား၊ ငှက်ဖမ်းသမားလည်းမရှိ၊ ငြိမ်းချမ်း တဲ့ ဘေးမဲ့တောလေးတစ်ခုပါ။ ဥဩတွန်သံ၊ ချိုးကူသံလေး တွေ ကြားရတတ်ပါတယ်။ ဥဩသံချိုချိုကြားရတော့ အသံလာရာအပင်ဆီကို မှန်းဆပြီးရှာမိရာ အကောင်က သေးသေး၊ အမွှေးက မည်းမည်းနက်နက်လေးနဲ့၊ ရုပ်ဆိုးရင် အသံကောင်းတယ် ဆိုတဲ့ အပြောင်အပြက်စကားကို  သတိရမိပါတယ်။ ဥဩငှက်ကလေးကို ဒီအဆောင်ရောက်မှ မြင်ဖူးတာပါ။ ပင်ထိပ်ပင်ဖျား ကိုင်းခက်ကိုင်းလက်တွေ ကြားမှာ ပျံလိုပျံ နားလိုနား ဘေးကင်းနေကြရှာပါတယ်။

 

ချိုးလေးတွေရဲ့ တကူကူးသံကိုလည်း မကြာခဏ ကြားရပါတယ်။ ကျွန်မက အောက်ဆုံးထပ်မှာနေတော့ ချိုးလေးတွေ၊ ဆက်ရက်ကလေးတွေ၊ စာကလေးတွေစတဲ့ သူတို့ရဲ့ လှုပ်ရှားမှုလေးတွေ၊ အသံလေးတွေကို အသေးစိတ် မြင်လည်းမြင်ရ ကြားလည်းကြားနေရပါတယ်။

 

နေရေးထိုင်ရေးအဆင်မပြေခက်ခဲလို့ အဆောင်မှာ ခိုနားတဲ့ ဆရာမတွေအများစုကိုကြည့်ရင် မြန်မာပြည် မြောက်ဖျားမှ တောင်ဖျားအထိ၊ အရှေ့ဖျားမှ အနောက် ဖျားအထိ နေရာအနှံ့က ဖြစ်ပါတယ်။ ကျွန်မကိုယ်တိုင်က ရောက်လေရာတက္ကသိုလ်ကောလိပ်တွေမှာ အဆောင်ပဲ ခိုကပ်နေခဲ့ရတာပါ။ မြစ်ကြီးနားကောလိပ် (ယခု- တက္ကသိုလ်) မှာ အီမော်ဘွန်းဆောင်၊ ဆွမ်ပရာဘွမ်ဆောင်၊ မန္တလေးတက္ကသိုလ်ကို နှစ်ကြိမ်ရောက်တော့ နှစ်ကြိမ်စလုံး စာသင်ဆောင်ကို အခန်းဖွဲ့ထားတဲ့ ဆရာမအဆောင်၊ ရန်ကုန်ပညာရေးတက္ကသိုလ်ရောက်တော့ ကျောင်းသူတွေ ထားတဲ့ ပြည်အဆောင်နဲ့ ဆရာမများအဆောင်၊ ရွှေဘို ကောလိပ် (ယခုတက္ကသိုလ်) ရောက်တော့ အဝေးရောက်တဲ့ ဆရာ ဆရာမတွေအတွက် စာသင်ခန်းတစ်ခုကို အရေးပေါ် လုပ်ထားတဲ့ဆရာမများအဆောင်၊ မုံရွာတက္ကသိုလ် ရောက်တော့လည်း ဆရာမများအဆောင်မှာ နေထိုင်ခဲ့ရပါ တယ်။ ပင်စင်ယူခါနီး ရန်ကုန်အဝေးသင်ရောက်တော့ တိုက်ခန်းလေးတစ်ခုမှာနေပြီး တာဝန်ထမ်းဆောင်ခဲ့ပါ တယ်။ ကျွန်မဘဝမှာ အဆောင်ဟာ ကျွန်မအိမ်ပါပဲ။

 

ရန်ကုန်တက္ကသိုလ်များ ဆရာမအဆောင်မှာ ဝင်ရောက်ခိုနားတဲ့ ဆရာမတွေကိုကြည့်ရင် နေရာဒေသ အနှံ့အပြားက ရောက်လာတဲ့ တိုင်းရင်းသားညီအစ်မတွေပါ။ ဘဝတူညီအစ်မတွေ ဆုံစည်းတဲ့ ဆရာမအဆောင်ပါ။ အဲဒီအချိန်ကာလတွေက တက္ကသိုလ်တွေမှာ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ၊ ဆပ်ကော်မတီတွေ ဖွဲ့စည်းခွင့်ကို တရားဝင်ခွင့်ပြုပါတယ်။ တက္ကသိုလ်ဆရာ ဆရာမတွေ ဦးစီးပြီး တက္ကသိုလ်အသီးသီးက ကျောင်းသား ကျောင်းသူတွေ ပါဝင်ဖွဲ့စည်းတာ ဖြစ်ပါတယ်။ တိုင်းရင်းသားစာပေမဂ္ဂဇင်းတွေ၊ ပြက္ခဒိန်တွေ၊ ပို့စကတ် လေးတွေ နှစ်စဉ်ကြိုးစားထုတ်ဝေပါတယ်။ ပြည်နယ်နေ့၊ အမျိုးသားနေ့၊ နှစ်သစ်ကူးနေ့ စတဲ့ထူးခြားတဲ့ပွဲတွေကို တက္ကသိုလ်ဝင်းထဲမှာ တရားဝင်လုပ်ခွင့်ပေးထားပါတယ်။

 

တက္ကသိုလ်အသီးသီးက ဆရာ ဆရာမကြီးတွေ၊ ဆရာ ဆရာမတွေကို ဖိတ်ပါတယ်။ တကူးတကလာပြီး အားပေး ချီးမြှင့်တာတွေ့ရပါတယ်။ အဆောင်နေ ဆရာ ဆရာမ တွေက အများဆုံးအားပေးတာ တွေ့ရပါတယ်။ တိုင်းရင်းသား ရိုးရာအစားအစာတွေက အထူးအဆန်းဖြစ်လို့ မြည်းစမ်း ကြပါတယ်။ တိုင်းရင်းသားရိုးရာအကတွေကို တိုင်းရင်းသား ကျောင်းသား ကျောင်းသူတွေကိုယ်တိုင် ကပြဖျော်ဖြေတာမို့ နှစ်သက်အားပေးကြပါတယ်။ အဲဒီအချိန်တွေမှာ တိုင်းရင်းသားရိုးရာဓလေ့၊ အဝတ်အစား၊ အစားအသောက်၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအချို့ကို ပကတိအတိုင်း  မျက်မြင်တွေ့မြင်ခွင့်ရကြပါတယ်။

 

အပြန်အလှန်ပေးလေ့ရှိ

 

အဆောင်မှာလည်း တိုင်းရင်းသားရိုးရာအထည်လေး တွေ၊ အလှဆင်ပစ္စည်းလေးတွေ အပြန်အလှန်ပေးလေ့ ရှိပါတယ်။ ရိုးရာအစားအစာတွေလည်း အပြန်အလှန် ကျွေးလေ့ရှိပါတယ်။ ကချင်ခေါပုတ်၊ ရှမ်းခေါပုတ်၊ ရခိုင် မုန့်ဟင်းခါး၊ ပုသိမ်မုန့်ဟင်းခါး၊ ကရင်တာလပေါဟင်း၊ မန္တလေးမုန့်တီစတဲ့ အစားအစာတွေ ကျွေးတဲ့သူကကျွေး၊ စားတဲ့သူတွေကလည်း အကြွင်းအကျန်မရှိအောင် ရှင်းကြ လို့ ကျေနပ်ပျော်ရွှင်ခဲ့ကြပါတယ်။ ကျွန်မကတော့ ကျွန်မ မိဘတွေရဲ့ ခြံထွက်ချင်းပြည်နယ် ရာသီပေါ် ပန်းသီး၊ လိမ္မော်သီး၊ ကမ္ဗလာသီး၊ စပျစ်သီးတွေ ဝေလေ့ရှိပါတယ်။

 

သူငယ်ချင်းတွေကလည်း အသီးတွေကိုပဲ တောင်းဆိုလေ့ ရှိပါတယ်။ သီးစုံစိုက်တဲ့ ကိုယ်ပိုင်ခြံက ထွက်တဲ့အသီး လေးတွေကို ကျွန်မမိဘတွေက သိပ်တန်ဖိုးထားပါတယ်။ သမီးချစ်တဲ့ မိတ်ဆွေတွေအတွက် ကောင်းပေ့လှပေ့ဆိုတဲ့ ခေါင်သီးတွေကို သေချာရွေးပြီး မရောက်ရောက်အောင် ပို့ရှာကြတာပါ။  အခုတော့မိဘတွေလည်း မရှိရှာကြ တော့ပြီ။

 

အားလပ်တဲ့ စနေ၊ တနင်္ဂနွေ မနက်တိုင်း အဆောင် က ဆရာမတွေ လမ်းလျှောက်ထွက်ကြပါတယ်။ မနက် ၅ နာရီလောက်ဆိုရင် အဆောင်ကထွက်ကြပါပြီ။  လမ်းသွယ်လမ်းလေးကထွက်၊ စစ်ကိုင်းလမ်းကိုလျှောက်၊ အဓိပတိလမ်းအတိုင်း ဆက်လျှောက်၊ အဓိပတိ အဆောက်အအုံနဲ့ သစ်ပုပ်ပင်ကြားကဖြတ်၊ အဓိပတိ နောက်ကခြံတံခါးနဲ့ အင်းလျားလမ်းကိုကျော်၊ အင်းလျား ကန်ပေါင်ကိုရောက်တော့ ကန်ပေါင်လျှောက်လမ်းကနေ အဆုံးအထိ အားရပါးရအမြန်နှုန်းနဲ့ အပြိုင်လျှောက် ကြပါတယ်။  အပြန်မှာတော့ တစ်နေရာရာမှာရပ်ပြီး ကိုယ်လက်လေ့ကျင့်ခန်း လုပ်တဲ့သူကလုပ်၊ ထိုင်ပြီး အင်းလျားရေပြင်ရဲ့ နံနက်ခင်းအလှကို ငေးမောရင်း အမောဖြေကြပါတယ်။ အဆောင်က တော်တော်များများ လမ်းလျှောက်ပါတယ်။ အပြန်မှာတော့ လာလမ်းအတိုင်း လမ်းလျှောက်ပြန်သူပြန်၊ အင်းလျားလမ်းအတိုင်း လျှောက်ပြီး အင်းလျားအဆောင်ရှေ့ကိုကျော်၊ စစ်ကိုင်း လမ်းဘက် ပြန်ချိုးပြီး ပြန်သူတွေလည်း ရှိပါတယ်။ အဆောင်ပြန်ရောက်တဲ့အချိန်က အစောဆုံး ၇ နာရီပါပဲ။ တချို့ကျတော့လည်း လှည်းတန်းအထိလျှောက်၊ ဈေးဝယ် ထွက်ပြီး ပြန်ရောက်လာကြ ပါတယ်။ လမ်းတစ်လျှောက် ကံ့ကော်တောနဲ့ စိန်ပန်းနီနီ ပန်းကော်ဇောကို ဖြတ် ကျော်ပြီး လျှောက်ရတော့ အလိုလို စိတ်အမောလည်းပြေ ခွန်အားအသစ်တွေ ပြည့်လာရတယ်လို့ ခံစားမိပါတယ်။ အင်းလျားရေပြင်ကို  ဖြတ်ကျော်လာတဲ့ လေပြည် လေညင်းကလည်း သန့်ရှင်းအေးမြပြီး တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းသွားရပါတယ်။

ပြန်တွေးမိတိုင်း တစ်ချိန်က တက္ကသိုလ် ဆရာမများအဆောင်ရဲ့ ပုံရိပ်တွေကို တရေးရေး မြင်ယောင်မိပါတယ်။ ခြေရာချင်းထပ်အောင် လျှောက်ခဲ့ ဖူးတဲ့ အဓိပတိလမ်း၊ အင်းလျားလမ်း၊ အဓိပတိနဲ့ သစ်ပုပ် ပင်ကြီး ဘေးရန်ကင်းရှင်းပြီး သက်ရှည်ကျန်းမာ ပါစေ။ ။