လူသားများနှင့်တကွ သက်ရှိဇီဝတို့ ရှင်သန်နေထိုင်ရာ မြေကမ္ဘာ၏ သက်တမ်းမှာ နှစ်ပေါင်း ၄ ဒသမ ၅ ဘီလီယံ ကျော် ရှိပြီဖြစ်ကြောင်း ဘူမိဗေဒပညာရှင်တို့က ခန့်မှန်းခဲ့ကြ သည်။ နောက်ထပ်စမ်းသပ်တွေ့ရှိချက်များအရ မြေကမ္ဘာ၏ သက်တမ်းသည် မူလခန့်မှန်းသည့်အောက် နှစ်သန်းပေါင်း ၇၀၀ ခန့် လျော့နည်းကြောင်း ၂၀၁၀ ပြည့်နှစ်တွင် ထုတ်ပြန် ကြေညာခဲ့ရာ မိမိတို့ ရှင်သန်နေထိုင်ရာ မြေကမ္ဘာ (Earth)၏ သက်တမ်းမှာ နှစ်ပေါင်း ၃ ဒသမ ၈၃၇ ဘီလီယံခန့် ရှိပြီဟူ၍ ခန့်မှန်းရမည်ဖြစ်သည်။
အနန္တစကြာဝဠာကြီးအတွင်း နေကိုဗဟိုပြု၍ လှည့်ပတ် နေသည့် ဂြိုဟ်ကိုးလုံးအနက် အပြာရောင်မြေကမ္ဘာသည်သာ သက်ရှိဇီဝများ ရှင်သန်နေထိုင်ကြသည့် တစ်ခုတည်းသော ဂြိုဟ်ဖြစ်ပြီး နှစ်သန်းထောင်ပေါင်းများစွာ တည်ရှိလာခဲ့သည့် ကမ္ဘာကြီးမှာ ယိုယွင်းပျက်စီးမှုများ ဖြစ်ပေါ်လာနေသည်ကို တွေ့ရှိနေရပြီဖြစ်သည်။ မျက်မှောက်ကမ္ဘာကြီးသည် သက်ရှိ အားလုံးတွင် ထိပ်ဆုံးမှဖြစ်သော ဉာဏ်ကြီးရှင်လူသားတို့၏ အလွန်အကျွံထုတ်ယူမှု၊ မဆင်မခြင်သုံးစွဲမှု၊ စည်းမဲ့ကမ်းမဲ့ စွန့်ပစ်မှုများကြောင့် ရေထု၊ လေထု၊ မြေထုနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ အိုဇုန်းလွှာပျက်စီးမှု၊ အက်ဆစ်မိုးရွာမှု၊ သစ်တော များ ပြုန်းတီးမှု၊ သဲကန္တာရဖြစ်ထွန်းမှု၊ ပလတ်စတစ်နှင့် စွန့်ပစ် ပစ္စည်းများ စုပုံလာမှု၊ မြေဆီလွှာပြုန်းတီးမှု၊ ရေအရင်းအမြစ် များ ပျက်စီးမှု၊ ဇီဝမျိုးစုံမျိုးကွဲများ မျိုးသုဉ်းပျောက်ကွယ်သွား မှုတို့နှင့် ရင်ဆိုင်နေရပြီး ကမ္ဘာ့အပူချိန် မြင့်တက်လာမှုကြောင့် ရာသီဥတုပြောင်းလဲခြင်းနှင့်အတူ သဘာဝဘေးအန္တရာယ် ကျရောက်မှုများကလည်း ပို၍ပြင်းထန်၊ ပို၍ အကြိမ်ရေ များလာခဲ့ရာ လူတို့၏ပယောဂကြောင့် ကမ္ဘာကြီး ဖျားနာနေပြီ ဟူ၍ ဆိုကြသည်။
ကမ္ဘာ့နိုင်ငံများအားလုံးရှိ လူသားတို့အနေဖြင့် ဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်ကြရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ရန်၊ သဘာဝ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်ရန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုကို ပြန်လည်ကုစားနိုင်ရန်တို့ကိုပါ ထည့်သွင်း စဉ်းစားဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ သယံဇာတများ ထုတ်ယူသုံးစွဲမှုနှင့် စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုတို့ကိုလည်း ဆင်ဆင်ခြင်ခြင် အကျိုးရှိရှိ ထိထိရောက်ရောက် ဆောင်ရွက် သွားကြရမှာဖြစ်သည်။ မြန်မာနိုင်ငံသည်လည်း တာဝန်သိ ကမ္ဘာ့မိသားစုဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးကို ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ထိန်းသိမ်းဆောင်ရွက်နေစဉ်ကာလ အတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ မြေပေါ်မြေအောက်သဘာဝသယံဇာတများ ထုတ်ယူသုံးစွဲမှု များကို လျှော့ချပြီး တိုင်းပြည်၏ အရန်သယံဇာတအဖြစ် ထိန်းသိမ်းနိုင်ရေး၊ ရာသီဥတုဖောက်ပြန်မှု ပြန်လည်မျှတရေး၊ နိုင်ငံပိုင်သစ်တောများ စိမ်းလန်းစိုပြည်ရေး၊ ကျေးရွာပိုင် ထင်းစိုက်ခင်းများ တည်ထောင်ရေး၊ ပင်လယ်ကမ်းခြေဒေသ များရှိ ဒီရေတောများ ပြန်လည်ထိန်းသိမ်းရေးတို့ကို အမျိုးသား ရေး တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိသည်။ ယင်း လုပ်ငန်းစဉ်များတွင် ပြည်သူများနှင့် အဖွဲ့အစည်းများကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုအပ်သည်။
လူ့ပယောဂကြောင့် မြေကမ္ဘာကြီး ပျက်စီးခဲ့သည်ရှိသော် ရွှေ့ပြောင်းနေထိုင်စရာ နောက်ထပ်ကမ္ဘာဟူ၍မရှိ။ လူသား တို့ အမှီပြုရှင်သန်ကြရသည့် ကမ္ဘာကြီး၏ သယံဇာတတို့မှာ အကန့်အသတ်ရှိသလို စွန့်ပစ်မှုများအတွက်လည်း အကန့် အသတ်ရှိသည်။ ကမ္ဘာသူ ကမ္ဘာသားတို့အဖို့ ကမ္ဘာဂြိုဟ်၏ ပေးအပ်နိုင်သော အကန့်အသတ်အတွင်း ဖွံ့ဖြိုးမှုနှင့် သဘာဝ တို့၏အကြား မျှတစွာ ဆောင်ရွက်ခြင်းဖြင့် မြေကမ္ဘာကို စောင့်ရှောက်ကြရန် ဇွန် ၅ ရက်တွင် ကျရောက်မည့် ‘‘၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့’’ကို ကြိုဆိုဂုဏ်ပြု ၍ တိုက်တွန်းရေးသားလိုက်ရပါကြောင်း။ ။