
(၃၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ဂုဏ်ပြုဆောင်းပါး
မောင်သင်းပျံ့၊ ဓာတ်ပုံ - ဇွဲမာန်
ယနေ့ ကမ္ဘာနှင့်အဝန်း လူငယ်ထုတစ်ရပ်လုံးမှာ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ကြုံတွေ့နေရပြီး မူးယစ်ဆေးဝါးကို အလွယ်တကူဝယ်ယူသုံးစွဲနိုင်သည့် အခြေအနေသို့ ရောက်ရှိနေသည်။ လူလုပ်မူးယစ်ဆေးဝါးများ (synthetic drugs)မှာလည်း အချိန်နှင့်အမျှ ပေါ်ပေါက်လာလျက်ရှိရာ အဆိုပါ စိန်ခေါ်မှုကို ကမ္ဘာနှင့်အဝန်း ရင်ဆိုင်နေရသည်။ လူလုပ်မူးယစ်ဆေးဝါးများချက်လုပ်ရာတွင် အဓိကကျသော ပရီကာဆာဓာတုပစ္စည်းများမှာ မြန်မာနိုင်ငံတွင် ထုတ်လုပ်နိုင်ခြင်းမရှိဘဲ စက်မှုဓာတု ကုန်ကြမ်းပစ္စည်းများ အဓိကထုတ်လုပ်ရာ နိုင်ငံများမှ နည်းလမ်းအမျိုးမျိုးဖြင့် ဝင်ရောက်လာလျက်ရှိသည်။ မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း၊ ဖြန့်ဖြူး ရောင်းဝယ်ခြင်းနှင့် သုံးစွဲခြင်းတို့သည် ကမ္ဘာ့နိုင်ငံအသီးသီးတွင် လူသားတို့၏ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေလျက်ရှိရာ လူသားတို့၏ဘဝ ရှင်သန်နေထိုင်ရေးကိုပါ ခြိမ်းခြောက်လျက်ရှိသည်။ လူသားအားလုံးကို အညွန့်တုံးစေမည့် မူးယစ်ဆေးဝါးအန္တရာယ်ကို ဝိုင်းဝန်းစုပေါင်း လက်တွဲ၍ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဟန်ချက်ညီညီ ကာကွယ်တားဆီး တိုက်ဖျက်ရမည့်အချိန်အခါလည်း ဖြစ်သည်။
ဘိန်းသမိုင်း
ဘိန်းပင်သည် ကျောက်ခေတ် ကာလက မြေထဲပင်လယ်အနီး တောင် တန်းများပေါ်တွင် သဘာဝအလျောက် ပေါက်ရောက်ခဲ့သော အပင်ဖြစ်ကြောင်း ပညာရှင်တို့က သုံးသပ်ခဲ့သည်။ ဘိန်းပင် ကို BC ၃၄၀၀ ခန့်က မက်ဆိုပိုတေးမီးယား ဒေသ(ယခု အီရတ်နိုင်ငံ Euphrates မြစ်နှင့် Tigirs မြစ်ဝှမ်းဒေသ)တွင် စတင်စိုက်ပျိုးခဲ့ကြောင်း သမိုင်းရှိခဲ့ပြီး ထိုမှတစ်ဆင့် ဥရောပအလယ်ပိုင်းနှင့် အီဂျစ်သို့ ပျံ့နှံ့ရောက်ရှိခဲ့သည်။ ဘိန်းကို ခရစ်တော်မပေါ်မီ နှစ် ၁၀၀၀ ခန့်က ဆေးဝါးအဖြစ် နာကျင်ကိုက်ခဲမှုနှင့် ဝမ်းကိုက်ပျောက်ဆေးအဖြစ် အသုံးပြု ခဲ့ရာမှ သုံးစွဲမှုများလာပြီး ဘိန်းကို နှစ်သက်စွဲလမ်းလာခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ရှေးမင်းများ လက်ထက်က ဘိန်းမရှိခဲ့ဘဲ အေဒီ ၁၅၀၀ တွင် ပေါ်တူဂီလူမျိုးများ အိန္ဒိယနိုင်ငံ မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဘိန်းကုန်ကူး ခြင်း စတင်ခဲ့သည်။ အေဒီ ၁၅၈၀ ခန့် တွင် အိန္ဒိယမှ ပုသိမ်ဆိပ်ကမ်းသို့ သယ်ဆောင်လာသော ဘိန်းနှင့် သန်လျင် ဆိပ်ကမ်းသို့ အာရပ်ကုန်သည်များ သယ်ဆောင်လာသော ဘိန်းများရောက် ရှိခဲ့ကြောင်း အင်္ဂလိပ်လူမျိုး ဂျွန်ပင် ကာတန်၏ ခရီးသွားမှတ်တမ်းတွင် ဖော်ပြခဲ့သည်။ ၁၅၈၀ ပြည့်နှစ်တွင် အီတလီနိုင်ငံ ဗင်းနစ်မြို့မှ စီဇာ ဖရက်ဒရစ်ဆိုသူ ပဲခူးမြို့သို့ ရောက်ရှိပြီး ဘိန်းများ သယ်ဆောင်လာကာ ၁၆၁၃ ခုနှစ်တွင် ဟံသာဝတီ(ပဲခူး)တွင် ဘိန်းကို စတင် ရောင်းချခဲ့သည်။ ၁၈၂၆ ခုနှစ် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီးတွင် ရခိုင်နှင့် တနင်္သာရီဒေသသို့ ဘိန်းများ တင်သွင်းခဲ့ရာ မြန်မာနိုင်ငံ ကိုလိုနီ လက်အောက် ကျရောက်ပြီးနောက် ဘိန်းစိုက်ပျိုး၊ ထုတ်လုပ်၊ သုံးစွဲမှု စတင်ခဲ့သည်။ ထိုအချိန်က အင်္ဂလိပ်တို့ သည် ရှမ်းပြည်နယ်နှင့် ကချင်တောင် တန်းဒေသတို့တွင် ဘိန်းကို တရားဝင် စိုက်ပျိုးခွင့် ပြုခဲ့သည်။
ကျုးကျော်စိုက်ပျိုးထုတ်လုပ်
၁၉၄၆-၁၉၅၀ ခုနှစ်တွင် တရုတ် ဖြူကူမင်တန်တပ်များ ရှမ်းပြည်သံလွင် အရှေ့ခြမ်းသို့ ဝင်ရောက် ကျူးကျော်ခဲ့ရာ ဘိန်းကို စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အသွင်ဖြင့် စိုက်ပျိုးထုတ်လုပ်ခဲ့ပြီး ဘိန်းဖြန့်ချိရာ နေရာတစ်ခုအဖြစ် မြန်မာပြည်ကို အသုံးချခဲ့သည်။ ထိုအချိန်က နိုင်ငံရေးအကျပ်အတည်း များရင်ဆိုင်နေရသော နိုင်ငံတော်အစိုးရ အနေဖြင့် ပြည်တွင်းတည်ငြိမ်အေးချမ်း ရေးနှင့် တိုင်းရင်းသားစည်းလုံး ညီညွတ် ရေးကို ကြိုးပမ်းနေချိန်ဖြစ်ရာ အခက် အခဲများကြားမှ ပြည်ပကျူးကျော်မှု နှင့် ပြည်တွင်း မငြိမ်သက်မှုတို့ကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြည်သူတို့ လက်တွဲညီညီ တွန်းလှန်ခဲ့ ကြသည်။ တဖြည်းဖြည်းကြီးထွားလာ သော သံလွင်အရှေ့ခြမ်း ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုအန္တရာယ်မှာ နိုင်ငံ၏ အချုပ် အခြာအာဏာကို ထိပါးလာသောကြောင့် အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ် ရှင်းလင်း ဆောင်ရွက်ခဲ့ရာ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တိုင်းရင်းသား ညီအစ်ကိုတို့ အသက်များစွာ ပေးဆပ်၍ အောင်မြင်မှုရရှိခဲ့သည်။
တရုတ်ဖြူ ကူမင်တန်တပ်များ မြန်မာနိုင်ငံသို့ ကျူးကျော်ဝင်ရောက် မှုနှင့် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အကျိုး ဆက်ကို ယနေ့တိုင် တိုင်းရင်းသား ဒေသများ၌ ကြုံတွေ့နေရလျက်ရှိသည်။
အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့်
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော မူးယစ်ဆေးဝါးပြဿနာကို တားဆီး နှိမ်နင်းရာ၌ ပင်ရင်းထုတ်လုပ်၊ သို လှောင်၊ ဖြန့်ဖြူးသူတို့ကို အဓိကထား ဆောင်ရွက်ခြင်းနှင့် ကွင်းဆက်ပြတ်၍ ပိုင်ရှင် စုံစမ်းဆဲဖြစ်သွားသော မူးယစ် ဆေးဝါးများ ဖမ်းဆီးရရှိမှုကို တင်းကျပ် စွာ ဖြေရှင်းဆောင်ရွက်ခြင်းဖြင့် တစ်ချိန် တွင် ယခုထက်ပိုမို ကြီးထွားလာနိုင်သော မူးယစ်ဆေးဝါးပြဿနာများကို ဖြေလျှော့ စေမည်ဖြစ်သည်။ ထို့အပြင် မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့၏ လုပ်ပိုင်ခွင့်ကို အပြည့်အဝဖြည့်ဆည်းမှု နှင့်အတူ ဆုပေး၊ ဒဏ်ပေးစနစ်ကို ပြင်ဆင်ဆောင်ရွက်ခြင်းသည် တပ်ဖွဲ့ဝင် တို့၏ စွမ်းရည်ကို မြှင့်တင်စေလျက်ရှိ သည်။
မူးယစ်ဆေးဝါး သယ်ဆောင်ရောင်း ဝယ်မှုမှရရှိလာသော ငွေကြေးနှင့် အကျိုးအမြတ်တို့သည့် အကျင့်ပျက်ခြ စားမှု၊ ငွေကြေးခဝါချမှု၊ တရားမဝင်သစ် ရောင်းဝယ်မှု၊ လူကုန်ကူးမှု၊ အစွန်း ရောက် အကြမ်းဖက်တိုက်ခိုက်မှု၊ လက်နက်မှောင်ခိုမှုနှင့် ပင်လယ်ဓားပြမှု စသော နိုင်ငံဖြတ်ကျော်မှုခင်းများ အရှိန်မြင့်စေရန် လောင်စာသဖွယ် တွန်းအားပေးလျက်ရှိသည်။ မြန်မာ နိုင်ငံသည် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု၊ စိတ်ပြောင်းဆေးဝါးများ ထုတ်လုပ်မှုနှင့် မူးယစ်ဆေးဝါးသုံးစွဲမှု ပြဿနာတို့ကို ရင်ဆိုင်နေရပြီး နိုင်ငံတော်အစိုးရ မှ မူးယစ်ဆေးဝါးပပျောက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့် အလေးထား ဆောင်ရွက်လျက်ရှိရာ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် တွန်းလှန်ခြင်းဖြင့် မူးယစ်ဆေးဝါး ကင်းစင်၍ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်မည် ဖြစ်သည်။
ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကျဆင်း
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် တရားမဝင်ဘိန်းစိုက်ပျိုးထုတ်လုပ်သော နိုင်ငံတစ်ခုဖြစ်ပြီး နိုင်ငံတော်အစိုးရ အဆက်ဆက်နှင့် ပြည်သူလူထု ပူးပေါင်း ဆောင်ရွက်မှုဖြင့် တရားမဝင် ဘိန်းစိုက် ပျိုးမှုများ လျော့ကျလာခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှု ဟက်တာ ၁၆၃၀၀၀ ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှုမှာ ဟက်တာ ၃၃၁၀၀ ရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် ဟက်တာ ၂၉၅၀၀ ရှိခဲ့ရာ ၂၀၁၉ ခုနှစ်ထက် ၁၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ဘိန်းထုတ်လုပ်မှုအနေဖြင့် ၅၀၈ မက်ထရစ်တန်ရှိပြီး ၂၀၂၀ ပြည့်နှစ် တွင် ၄၀၅ မက်ထရစ်တန်သာရှိရာ ၂၀၁၉ ခုနှစ်ထက် ၂၀ ရာခိုင်နှုန်း သိသိသာသာ ကျဆင်းခဲ့သည်။ ထို့အပြင် တရားမဝင် ဘိန်းခင်းများကို ၂၀၁၉-၂၀၂၀ ဘိန်းစိုက် ရာသီတွင် ၂၀၂၆ ဒသမ ၅၈ ဟက်တာ နှင့် ၂၀၂၀-၂၀၂၁ ဘိန်းစိုက်ရာသီတွင် ၄၆၃၂ ဒသမ ၉၇ ဟက်တာ ဖျက်ဆီး နိုင်ခဲ့သည်။ ၂၀၁၄ ခုနှစ်မှစ၍ ဘိန်းစိုက် ပျိုးထုတ်လုပ်မှု တစ်နှစ်ထက်တစ်နှစ် ကျဆင်းလာခြင်းသည် နိုင်ငံတော်အစိုးရ နှင့် ဒေသခံပြည်သူတို့ ပူးပေါင်း ဆောင်ရွက်မှု၊ နိုင်ငံတကာအဖွဲ့အစည်း များ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ အစည်းဖြစ်သော UNODC တို့နှင့် ပူးပေါင်း ဆောင်ရွက်မှုကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံသည် တရားမဝင် ဘိန်းစိုက် ပျိုးထုတ်လုပ်မှုမှာ တတိယအဆင့်သို့ ကျဆင်းခဲ့သော်လည်း ဒေသတွင်းနိုင်ငံ များနည်းတူ လူလုပ်မူးယစ်ဆေးဝါးများ ထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုနှင့် သုံးစွဲမှု ပြဿနာများစွာ ကြုံတွေ့နေရ လျက်ရှိသည်။ ထို့အပြင် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အဓိကကျသော ပရီကာဆာဓာတုပစ္စည်းများ နယ်စပ် ဖြတ်ကျော်သယ်ဆောင်ခြင်းနှင့် မူးယစ် ဆေးဝါးသုံးစွဲမှုနှင့် ဆက်စပ်သော နောက်ဆက်တွဲအန္တရာယ်များ မြင့်တက် လာမှုကို ရင်ဆိုင်လာရလျက်ရှိသည်။
ဈေးကွက်သဖွယ်ဖြစ်ပေါ်လာသော ဓာတုကုန်ကြမ်းပစ္စည်းများ
ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ကျဆင်း လာမှုနှင့်အတူ ဘိန်းအခြေခံမူးယစ် ဆေးဝါးထုတ်လုပ်မှုမှာလည်း ကျဆင်း လာခဲ့သည်။ သို့ရာတွင် မူးယစ်ဆေးဝါး ထုတ်လုပ်ရာ၌ မရှိမဖြစ် လိုအပ်သော ပရီကာဆာဓာတု အစပြုကုန်ကြမ်းများ တရားမဝင် သယ်ဆောင်ရောင်းဝယ်မှု မှာ မြင့်မားလာလျက်ရှိသည်။ ဒေသတွင်း စိတ်ပြောင်းဆေးဝါးထုတ်လုပ်မှု မြင့်မား လာမှုကြောင့် မူးယစ်ဆေးဝါးဖမ်းဆီး ရရှိမှု တိုးမြှင့်လာသော်လည်း အသွင် ပြောင်းလာသော လူလုပ်မူးယစ်ဆေးဝါး (synthetic drug) ထုတ်လုပ်မှုကျဆင်း ခြင်း မရှိဘဲ ဈေးနှုန်းသက်သာပြီး အရည် အသွေးပိုမိုကောင်းမွန်သော မူးယစ် ဆေးဝါးတို့ကို ပိုမိုထုတ်လုပ်လာလျက် ရှိသည်။ ထိုသို့ ထုတ်လုပ်နိုင်ရန် ဈေးကွက်သဖွယ် ဖြစ်ပေါ်လာသော ဓာတုကုန်ကြမ်း ပစ္စည်းများ အရေးပါ လျက်ရှိပြီး အသွင်ပြောင်းလဲလာသော လူလုပ်မူးယစ်ဆေးဝါး ထုတ်လုပ်ရာ တွင် အသုံးပြုသည့် ဓာတုကုန်ကြမ်း ပစ္စည်းတို့ကို အိမ်နီးချင်း နယ်စပ်ဒေသ တို့မှ တရားမဝင် ဝင်ရောက်လျက်ရှိသော ကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ နှစ်စဉ် ဖော်ထုတ်ဖမ်းဆီးရမိလျက်ရှိသည်။
ဓာတုပစ္စည်းထိန်းချုပ်ရေး
ဆောင်ရွက်မှု(Precursor)
Precursor ဓာတုပစ္စည်းများ မပါဝင် ဘဲ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများထုတ်လုပ်၍ မရနိုင် သဖြင့် Precursor ဓာတုပစ္စည်းများ ထိန်းချုပ်ရေးအခန်းကဏ္ဍသည် အလွန် အရေးပါလာပါသည်။ ထိန်းချုပ်ဓာတု ပစ္စည်းများသည် လူသုံး/ အိမ်သုံးကုန် ပစ္စည်းများ ထုတ်လုပ်ရာတွင် လည်း ကောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တွင် လည်းကောင်း မရှိမဖြစ်သုံးစွဲနေရ သဖြင့် ပြည်ပမှ တင်သွင်းရာတွင် ထိန်းချုပ်ဓာတုပစ္စည်း ကြီးကြပ်ရေး နည်းဥပဒေနှင့်အညီ ခွင့်ပြုဆောင်ရွက် လျက်ရှိပါသည်။ ထိန်းချုပ်ဓာတု ပစ္စည်းများသည် နည်းလမ်းအမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် မြန်မာနိုင်ငံ အတွင်း တရားမဝင် တင်သွင်းလျက် ရှိသည်ကို ဖမ်းဆီးရမိမှုများအရ တွေ့ရှိ ရပါသည်။ တရားဝင် တင်သွင်းမှုမှ လမ်းလွဲရောက်ရှိမှု မရှိစေရေးနှင့် တရားမဝင်တင်သွင်းမှု မရှိစေရေး ပို့ကုန် ကြိုတင်သတင်းပေးစနစ် (Pre-Export Notification-PEN) စနစ်ကို အသုံးပြုကာ ပြည်ပနိုင်ငံများနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် ထိန်းချုပ်ဓာတုပစ္စည်း ၃၉ မျိုးကို ထိန်းချုပ်ဆောင်ရွက်ခြင်းဖြင့် မူးယစ်ဆေးဝါး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
စံချိန်စံညွှန်းနှင့်အညီ
မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဗဟို အဖွဲ့သည် ၂၀၁၆ ခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ကမ္ဘာ့မူးယစ်ဆေးဝါးပြဿနာများဆိုင်ရာ အထူး အစည်းအဝေးက ချမှတ်ခဲ့သော လမ်းညွှန် မှုနှင့်အညီ မြန်မာနိုင်ငံ၌ အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒ တစ်ရပ်ကို ရေးဆွဲခဲ့သည်။ မူဝါဒကို အထောက်အကူပြုစေမည့် အမျိုးသား မဟာဗျူဟာစီမံချက်ကို ဆက်လက် ရေးဆွဲခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၅ ရက်နေ့တွင် အတည်ပြုခဲ့သည်။ မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကြုံတွေ့နေရသော COVID-19 ရောဂါ အခြေအနေကြောင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင် ခြင်း မရှိသေးသော်လည်း ရောဂါ ထိန်းချုပ်နိုင်သည့် အခြေအနေအပေါ် မူတည်ပြီး ဒေသအလိုက် လုပ်ငန်း စီမံချက်များရေးဆွဲကာ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်သည်။ ထို့နည်းတူ ၁၉၉၃ ခုနှစ်၊ မူးယစ်ဥပဒေကို ပြစ်မှု ပြစ်ဒဏ်များ ညီမျှစေရန်နှင့် နိုင်ငံတကာစံချိန်စံညွှန်း နှင့်ကိုက်ညီစေရန် ပြန်လည်ရေးဆွဲခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေသစ်တစ်ရပ် ထုတ်ပြန်ကြေညာခဲ့သည်။
ပင်လယ်ရေကြောင်းကိုအသုံးပြု၍
မူးယစ်ဆေးဝါး သယ်ဆောင်သူ တို့သည် ကုန်းကြောင်းလမ်း၊ လေကြောင်းလမ်းနှင့် ရေကြောင်းလမ်း ကို အသုံးပြုလျက်ရှိရာ ယခုနောက်ပိုင်း တွင် ကုန်ကျစရိတ်သက်သာပြီး ထိခိုက် မှုနည်းသော ရေကြောင်းလမ်းကို အသုံးပြုမှုများလာခြင်းကြောင့် နိုင်ငံ တကာရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာနိုင်ငံတို့ မှ ရဲတပ်ဖွဲ့တို့ ပူးပေါင်းဖမ်းဆီးလျက်ရှိ သည်။ ပင်လယ်ရေလမ်းကြောင်းကို အသုံးပြုပြီး သယ်ဆောင်ရာတွင် ပင်လယ်လမ်းကြောင်း၏ သဘော သဘာ၀အရ စစ်ဆေးရေးဂိတ်များ နည်းပါးခြင်း၊ ကုန်ပစ္စည်းများစွာ တင်ဆောင်နိုင်ခြင်း၊ တားဆီးနှိမ်နင်းရေး လုပ်ငန်းများလုပ်ဆောင်ရန် အကန့် အသတ်များရှိနေခြင်း၊ ခရီးဝေးကွာစွာပို့ဆောင်နိုင်ခြင်းတို့ကြောင့် မူးယစ်ဆေး ဝါးတားဆီးနှိမ်နင်းရေးတွင် စိန်ခေါ်မှု ပမာ ကြုံတွေ့ရလျက်ရှိသည်။ ကမ္ဘာ့ ကပ်ရောဂါ COVID-19 ရောဂါကြောင့် နိုင်ငံတကာတွင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် သယ်ဆောင်၊ ရောင်း ဝယ်မှုပုံစံများ ပြောင်းလဲခဲ့ပြီး မြန်မာ နိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများ၌ COVID-19 ကပ်ရောဂါကာလအတွင်း ပင်လယ်ရေကြောင်းကို အသုံးပြု၍ မူးယစ်ဆေးဝါးသယ်ဆောင် ရောင်း ဝယ်မှုမြင့်တက်ခဲ့သည်။ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့မှ ၂၀၂၀ ပြည့်နှစ်အတွင်း ပင်လယ်ရေကြောင်း ကိုအသုံးပြု၍ ပြည်ပနိုင်ငံများသို့ ပို့ဆောင်မည့် အိုက်စ် ၆ ဒသမ ၄ တန်ကျော်၊ ကတ်တမင်း ကီလို ၄၉၀ နှင့် စိတ်ကြွဆေးပြား ၀ ဒသမ ၁၉ သန်း တို့ကို ကြားဖြတ်ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။ ထိုသို့ ဖမ်းဆီးရရှိမှုများသည် ပင်လယ်ရေကြောင်းကို အသုံးပြု၍ မူးယစ်ဆေးဝါး သယ်ဆောင်မှု ပုံသဏ္ဌာန် ပြောင်းလဲလာမှုအပေါ် နိုင်ငံတော်မှ မျက်ခြည်မပြတ် ဖိဖိ စီးစီးဖြင့် အရေးယူဆောင်ရွက်နေမှုကို ပြသလျက်ရှိသည်။
သမိုင်းကျန်ရစ်မည့်မှတ်တိုင်များ
တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဒေသခံပြည်သူတို့ လက်တွဲပူးပေါင်းဆောင်ရွက်မှုဖြင့် ဘိန်းဖြူအပါအဝင် မူးယစ်ဆေးဝါး အမြောက်အမြားကို အဆိုပါ အထူးစစ်ဆင်ရေးတို့တွင် စံချိန်တင် ဖမ်းဆီးနိုင်ခဲ့ရာ ဒေသတွင်း နိုင်ငံတို့၏ အသိအမှတ်ပြုခံရမှုမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် နိုင်ငံ အတွက် ဂုဏ်တင့်စေလျက်ရှိသည်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်း ထိုင်း နိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာ၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတို့ ပါဝင်သော ‘မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ မဲခေါင်နားလည်မှုစာချွန်လွှာ’ ဝန်ကြီး အဆင့်အစည်းအဝေးကို ကျင်းပခဲ့ရာ ရွှေတြိဂံဒေသအတွင်းသို့ မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ပရီ ကာဆာဓာတုပစ္စည်းများ ဝင်ရောက်မှု မရှိစေရေးနှင့် ရွှေတြိဂံဒေသမှ မူးယစ် ဆေးဝါးများ အခြားဒေသသို့ ပျံ့နှံ့မှုမရှိ စေရန် မဲခေါင် MoU ၆ နိုင်ငံ ပူးပေါင်း ဆောင်ရွက်သော အထူးစစ်ဆင်ရေး တစ်ရပ်ကိုဆောင်ရွက်ရန် သဘော တူညီမှု ရရှိခဲ့သည်။
ထိုစစ်ဆင်ရေးမှာ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက် သည့် 'Operation 1511' အထူး စစ်ဆင်ရေးဖြစ်ပြီး ထိုစစ်ဆင်ရေးကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှ မတ်လ ၃၁ ရက်ထိ ဆောင်ရွက်ခဲ့ရာ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့၏ စွမ်းဆောင်ရည်ကို ကမ္ဘာ့အလယ်တွင် ချပြနိုင်ခဲ့သည်။ စစ်ဆင်ရေးကာလသည် COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေ သည့် အချိန်ကာလဖြစ်သော်လည်း မြန်မာ့မြေပေါ်တွင် မူးယစ်ဆေးဝါး ကင်းစင်ပပျောက်လိုသော နိုင်ငံတော် အစိုးရအနေဖြင့် တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို နိုင်ငံတကာနှင့် ပူးပေါင်း ၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ရာ အောင်မြင်မှု၏ အသီးအပွင့်အဖြစ် ဒေသတွင်း နိုင်ငံများကြား အပြန် အလှန် လေးစားယုံကြည်မှုကို ရရှိ လျက်ရှိသည်။
ထို 'Operation 1511' အထူးစစ်ဆင် ရေးတွင် တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ရရှိသော သတင်းများနှင့် အမေရိကန် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးအုပ်ချုပ်မှုအဖွဲ့ (DEA)၊ ဩစတြေးလျ ပြည်ထောင်စုရဲတပ်ဖွဲ့ (AFP)တို့ သတင်းဖလှယ် ပူးပေါင်း ဆောင်ရွက်မှုဖြင့် ၂၀၂၀ ပြည့်နှစ် ဖေဖော် ဝါရီလမှ မေလအတွင်း ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာအုပ်စု လွယ်ခန် ကျေးရွာအနီး ပတ်ဝန်းကျင်၌ မူးယစ် ဆေးဝါးနှင့် မူးယစ်ဆေးဝါးထုတ်လုပ် ရာတွင် အသုံးပြုသောဓာတုပစ္စည်းများ အပါအဝင် ဆက်စပ်ပစ္စည်း ကျပ် ၄၁၄ ဒသမ ၄ ဘီလီယံကျော်ကို စံချိန်တင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ထိုနှစ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး စစ်ဆင်ရေးမှ နိုင်ငံတော်ဘဏ္ဍာငွေ အဖြစ် ကျပ် ၂၇၈၂ သန်းကျော်ကို သိမ်းဆည်းနိုင်ခဲ့သည်။
ထို့နည်းတူ ၂၀၂၀ ပြည့်နှစ်အတွင်း ရှမ်းပြည်နယ်နှင့် ဆက်စပ်တိုင်းဒေသ ကြီး၊ ပြည်နယ်တို့၌ ရှမ်းရိုးမ-၃၊ မန်းကမ္ဘောဇ-၂ အထူးစစ်ဆင်ရေးတို့ကို ထပ်မံဆောင်ရွက်ခဲ့ရာ ၂၀၁၃ ခုနှစ်မှစ၍ ၂၀၂၁ ခုနှစ် ဧပြီလအထိ အထူးစစ်ဆင် ရေးပေါင်း ၃၁ ကြိမ်ဆောင်ရွက်နိုင်မှုသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အောင်မြင်မှုကို ကမ္ဘာ့နိုင်ငံများသို့ လက်တွေ့ ပြသနိုင်ခဲ့ သည်။
၂၀၂၁ ခုနှစ်တွင် လာအို-မြန်မာ-ထိုင်း သုံးနိုင်ငံအကြား မိမိနိုင်ငံအလိုက် တစ်ချိန်တည်း တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့သည့် ‘ဘေးကင်းလုံခြုံသောမဲခေါင်စစ်ဆင်ရေးစီမံချက်’တွင် ထိုင်းနိုင်ငံနှင့် ထိစပ်သော မြန်မာနိုင်ငံမှ တာချီလိတ်ခရိုင်၊ မိုင်းဆတ်ခရိုင်တို့ ပါဝင်ခဲ့ရာ ရှမ်းပြည်နယ်အတွင်း ဖေဖော် ဝါရီလ ၁ ရက်မှ ဧပြီလ ၃၁ ရက်အထိ ဆောင်ရွက်ခဲ့သည့် ရှမ်းရိုးမ-၄ အထူး စစ်ဆင်ရေးနှင့်ချိတ်ဆက်၍ ဟန်ချက် ညီညီဆောင်ရွက်ခဲ့ရာ အောင်မြင်မှု များစွာရရှိခဲ့သည်။ ထိုသို့ အောင်မြင်မှု အသီးအပွင့်ရရှိခြင်းသည် ပြည်သူ လူထု၏ ပူးပေါင်းပါဝင်မှုစွမ်းရည် ကို ပြသခြင်းဖြစ်ပြီး နိုင်ငံတော်က ဖော်ဆောင်သော ကဏ္ဍအသီးသီးတွင် နိုင်ငံသားတို့၏ အမျိုးသားရေးနိုးကြားမှု မှာ အထူးအရေးပါလျက်ရှိရာ မြန်မာ နိုင်ငံရဲတပ်ဖွဲ့အနေဖြင့် တစ်နှစ်ထက် တစ်နှစ် စံချိန်တင် ဖမ်းဆီးနိုင်ရန် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်မှုသည် နိုင်ငံတော်အတွက် သမိုင်းကျန်မည့် မှတ်တိုင်များပင်ဖြစ်သည်။
နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်
မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအတွက် ကုလသမဂ္ဂမူးယစ် ဆေးဝါးဆိုင်ရာ ကွန်ဗင်းရှင်းတို့တွင် ပူးပေါင်းပါဝင် လက်မှတ်ရေးထိုးပြီး နိုင်ငံတကာ မူးယစ်ဆေးဝါးထိန်းချုပ် ရေးအဖွဲ့ (INCB)၊ ကုလသမဂ္ဂမူးယစ်ဆေး ဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC)နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGO)နှင့်လည်းမူးယစ်ဆေးဝါးဆိုင်ရာလုပ်ငန်းတို့ကို ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။ ထို့အပြင် ရန်ကုန်မြို့ အခြေစိုက် အမေရိကန်မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အုပ်ချုပ်မှုအဖွဲ့ (DEA)၊ ဩစတြေးလျ ပြည်ထောင်စု ရဲအဖွဲ့ (AFP)၊ ထိုင်းနိုင်ငံမူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့(ONCB)၊ တရုတ်နိုင်ငံ အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ် ရေးကော်မရှင် (NNCC) တို့နှင့်လည်း နွေးထွေးစွာ ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။ မူးယစ်ဆေးဝါး ပူးပေါင်း ထိန်းချုပ်ရေးကဏ္ဍတွင်လည်း အမေရိ ကန်၊ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ လာအိုနိုင်ငံ တို့နှင့် နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံနှင့်လည်း နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုး နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံ တို့နှင့် ပူးပေါင်းဆောင်ရွက်မှုအဖြစ် တရုတ်၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့ပါဝင်သော မဲခေါင်ဒေသခွဲ ၆ နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို ၁၉၉၃ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ မြန်မာနိုင်ငံ သည် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံဖြစ် သည်နှင့်အညီ မူးယစ်ဆေးဝါးနှင့် ဓာတု ပစ္စည်းများ တရားမဝင် သယ်ဆောင် ရောင်းဝယ်မှုတိုက်ဖျက်ရေး ဘင်းမ်စတက် လုပ်ငန်းခွဲအုပ်စုကို ဦးဆောင်နိုင်ငံ အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိ ကာ အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း ကျင်းပလေ့ရှိသည့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အစည်းအဝေးများသို့ တက်ရောက်၍ တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်လျက် အာဆီယံအဖွဲ့မှ ချမှတ်ထားသော ဘေးကင်းလုံခြုံသော လူမှုအဖွဲ့ဖြစ်စေရေး ‘မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အာဆီယံလုပ်ငန်းစီမံချက်’ (၂၀၁၆-၂၀၂၅) (ASEAN Work Plan, 2016-2025) ကိုလည်း လက်တွဲ ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံနှင့်အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် MoU လက်မှတ် ရေးထိုး၍ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းတို့အတွက် နှစ်နိုင်ငံ အလှည့်ကျအိမ်ရှင်အဖြစ် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
(ဆက်လက်ဖော်ပြပါမည်)
- Log in to post comments