တစ်နှစ်ပြည့်အလွန်တာဝန် တည်ငြိမ်အေးချမ်းလုံခြုံရေး

ငါးနှစ်လျှင် တစ်ကြိမ်ကျင်းပသည့် အထွေထွေရွေးကောက်ပွဲက မြန်မာနိုင်ငံကဲ့သို့သော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် နိုင်ငံတစ်နိုင်ငံအတွက် လွန်စွာအရေးကြီးသည်။ အထူးသဖြင့် ဒီမိုကရေစီသက်တမ်း လွန်စွာနုနယ်သေးသည့် မြန်မာနိုင်ငံအဖို့ ဒီမိုကရေစီလမ်းကြောင်းမှ ဖယ်ကြဉ်တိမ်းစောင်းမသွားစေ‌ရေး ကလည်း ပို၍ပင်အရေးကြီးသေးသည်။ ဝါရင့်ဒီမိုကရေစီနိုင်ငံကြီး များ၏ သမိုင်းအတွေ့အကြုံများအရ ဒီမိုကရေစီထူထောင်ရေး လမ်းကြောင်းများမှာ လွယ်လွယ်ကူကူ၊ ချောချောမွေ့မွေ့မဟုတ်ဘဲ အခက်အခဲ၊ အကျပ်အတည်းများကို ကြမ်းကြမ်းတမ်းတမ်းရင်ဆိုင် ကျော်လွှားခဲ့ကြရသည့် သာဓကများရှိသည်။
ဒီမိုကရေစီစနစ်များ ပြိုကွဲမှု၊ ကျဆုံးမှုတို့၏ လက်သည်များ တွင် အများကြိုက်လူထုခေါင်းဆောင်ဆိုသူများလည်းပါဝင်ရာ ဒီမိုကရေစီသည် ၎င်းတို့၏လက်ထဲတွင်  ပြိုလဲမှန်းမသိပြိုလဲ၊   ပျက်စီးမှန်းမသိပျက်စီးသွားတတ်ကြောင်း နိုင်ငံရေးသိပ္ပံသုတေသီ တို့က ဆိုထားသည်။ ပြည်သူလူထုကိုယ်တိုင် ရွေးချယ်တင်မြှောက် လိုက်သည့် နိုင်ငံရေးခေါင်းဆောင်များကိုယ်တိုင် ဒီမိုကရေစီကို လုံးပါးပါးစေရာတွင် ဒီမိုကရေစီ၏ အသွင်သဏ္ဌာန်တို့ အပေါ်ယံ ၌ ဆက်လက်တည်ရှိနေပြီး ပြည်သူလူထုကလည်း အရာရာတို့  နေသားတကျရှိနေသည်ဟု     ယုံကြည်နေတတ်ကြသည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲသည် အကြိုကာလမှာကတည်းက ကန့်ကွက်မှုများ၊ တောင်းဆိုမှုများ၊    ငြင်းဆန်မှုများ၊    မျက်ကွယ်ပြုမှုများဖြင့် တည်ငြိမ်မှုကင်းမဲ့ခဲ့သလို ရွေးကောက်ပွဲအပြီးတွင်လည်း ထိုနည်း နှင်နှင်ပင်။ သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်တို့က ဖြေရှင်းရန် လိုအပ်ပါလျက် တာဝန်ယူဆောင်ရွက်ခြင်း ကင်းမဲ့စွာ ပျက်ကွက် ခဲ့ခြင်း၊   နိုင်ငံ့အာဏာကို  ဇွတ်ရယူရန်    ကြိုးပမ်းခြင်းတို့က ဒီမိုကရေစီလမ်းကြောင်းကို တိမ်းစောင်းသွားစေခဲ့ပြီး အင်အား ကြီးသူက အင်အားဖြင့် လွှမ်းမိုးမှု ပေါ်ပေါက်လာသည်။ ယင်းသို့ သော    အခြေအနေကို   ပါတီထောက်ခံသူအစွန်းရောက်များ၊ လော်ဘီမီဒီယာများ၏ လှုံ့ဆော်ဝါဒဖြန့်မှုများဖြင့် ငါတကော ကောကာ ရှေ့ဆက်တိုးကြရာမှ နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာ၍ တပ်မတော်၏ အာဏာထိန်းသိမ်းမှု ဖြစ်ပေါ်လာခဲ့ ရသည်။
ယခုတစ်နှစ်ပြည့်မြောက်သည့် ကာလတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ လုပ်ငန်းစဉ်(၅) ရပ်အနက် ပြီးမြောက် သည်တို့ရှိသကဲ့သို့  ဆက်လက်လုပ်ဆောင်ရန်   ကျန်ရှိနေသည် များလည်း ရှိနေသည်။ အထူးသဖြင့် ရွေးကောက်ပွဲမဲပေးရာတွင် အရေးပါသည့် အထောက်အထားဖြစ်သော နိုင်ငံသားစိစစ်ရေး ကတ်ပြားများ  ပြုလုပ်ပေးမှုတို့ ဆက်လက်ကျန်ရှိနေသည်။ ထို့အပြင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ပြည်သူ့ဘဝလုံခြုံ ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းများ ဆက်လက်ပြုလုပ်ရန် ကျန်ရှိ နေသည်။ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ရာတွင် တည်ငြိမ်အေးချမ်းမှုက  မဖြစ်မနေ  လိုအပ်သည်။  တည်ငြိမ် အေးချမ်းမှုကင်းမဲ့၍ ပြည်သူများဘဝ မလုံခြုံနိုင်သည့်နေရာများတွင် ဒီမိုကရေစီကိုကျင့်သုံး၍ ရနိုင်မည်မဟုတ်။ ပြီးခဲ့သည့် တစ်နှစ်တာ ကာလအတွင်း ဒီမိုကရေစီဟူ၍ ကြွေးကြော်ကာ ဆန္ဒပြမှုမှသည် တစ်ဆင့်ပြီးတစ်ဆင့်တက်ကာ အကြမ်းဖက် သတ်ဖြတ်ဖျက်ဆီး မှုများဖြင့် နိုင်ငံအလုံးစုံပျက်သုဉ်းရေးဆီ ဦးတည်နေကြသည်ကို  တွေ့ခဲ့ကြရပြီးဖြစ်သည်။ ဆက်လက်၍လည်း နိုင်ငံကို မပျက် ပျက်အောင် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းနေကြဆဲဖြစ်သည်။ 
နိုင်ငံနှင့်ပြည်သူတို့၏    အနာဂတ်ကောင်းရန်အတွက်မှာ အကြမ်းဖက်ခြင်း၊ လက်နက်စွဲကိုင်တိုက်ခိုက်ခြင်းတို့ အလျှင်းမရှိ၊ ပကတိတည်ငြိမ်အေးချမ်းနေဖို့ လိုသည်။ နိုင်ငံရေးကို အခြားနည်း ဖြင့် ဖြေရှင်းရန်မလိုဘဲ လမ်းကြောင်းလည်းရှိနေပြီးဖြစ်ရာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးအတွက် အပြုသဘောဆောင်သော ပေါင်းစုအင်အားများဖြင့် ဆောင်ရွက် သွားကြရပါမည့်အကြောင်း။        ။