
ဂျိုဟန်နက်စဘတ် စက်တင်ဘာ ၁၁
တောင်အာဖရိကနိုင်ငံ ကျန်းမာရေး အာဏာပိုင်များက Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အသက် ၁၂ နှစ် နှင့်အထက်အရွယ် လူငယ်များအား ထိုးနှံ ပေးရန် ယနေ့အတည်ပြုခဲ့ကြောင်း သိရသည်။
တောင်အာဖရိကအစိုးရက လူငယ် များအား ကာကွယ်ဆေးထိုးနှံပေးရန် ကြိုးပမ်းလျက်ရှိစဉ် ကျန်းမာရေးအာဏာ ပိုင်များက Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။
အသက် ၁၂ နှစ်နှင့်အထက် လူငယ် များအား ကာကွယ်ဆေးထိုးနှံရာတွင် Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အသုံးပြုရန် အဆိုပါဆေးဝါးကုမ္ပဏီက ယခုနှစ်မတ်လကတည်းက ဆေးဝါး အတည်ပြုချက်ရရှိရန် တောင်အာဖရိက ကျန်းမာရေး အာဏာပိုင်များထံသို့ လျှောက်လွှာတင်သွင်းခဲ့သည်။
နိုင်ငံ၏ ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းစဉ်ကို လွန်ခဲ့သောလအနည်းငယ် အကြာတွင်စတင်ခဲ့သော်လည်း လက်ရှိ အချိန်တွင် လူဦးရေသန်း ၆၀ ကျော်ရှိသည့် အနက် ၁၂ ရာခိုင်နှုန်းကျော်အား ကာကွယ် ဆေး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။ အဆိုပါကာကွယ်ဆေးထိုးနှံမှု ခံယူပြီးသူ အရေအတွက်သည် အာဖရိကဒေသတွင်းရှိ နိုင်ငံများအနက် အများဆုံး ဖြစ်သည်။
လက်ရှိအချိန်တွင် တောင်အာဖရိက အစိုးရကလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံမှုခံယူရန် ပြည်သူ များအား တိုက်တွန်းလျက်ရှိသည်။
တောင်အာဖရိကနိုင်ငံ၌ လူငယ် လူဦးရေများပြားပြီး အသက် ၁၅ နှစ် အောက်လူငယ်ဦးရေသည် နိုင်ငံလူဦးရေ ၏ ၂၈ ရာခိုင်နှုန်းခန့်ရှိသည်။
လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံများက Moderna ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးအပါအဝင် အခြားသောကာကွယ် ဆေးများကို အသုံးပြုပြီး ဆယ်ကျော်သက် အရွယ် လူငယ်များအား ကာကွယ် ဆေးများ ထိုးနှံပေးလျက်ရှိသည်။
Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးကုမ္ပဏီက ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေးရန် ထိရောက်မှု ရှိ၊ မရှိနှင့်ပတ်သက်ပြီး လက်တွေ့စမ်းသပ် မှုများ ပြုလုပ်လျက်ရှိသည်။
ကိုးကား- စီအင်န်အေ
ဘာသာပြန်- အောင်ကျော်ကျော်