
ဆိုးလ် စက်တင်ဘာ ၂၉
ပြီးခဲ့သည့်သီတင်းပတ်က တောင် ကိုရီးယားနိုင်ငံ၌ ဗီဇပြောင်း ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၀၆၆ ဦး ထပ်မံ တွေ့ရှိခဲ့ရာ လက်ရှိအချိန်အထိ အဆိုပါ ရောဂါကူးစက်ခံရသူပေါင်း ၃၃၀၅၃ ဦး ရှိလာကြောင်း တောင်ကိုရီးယား ကျန်းမာရေးအာဏာပိုင်များက ယနေ့ ပြောကြားသည်။
တောင်ကိုရီးယားတွင် စက်တင်ဘာ ၂၅ ရက်အထိ သီတင်းပတ်တစ်ပတ် အတွင်း တွေ့ရှိခဲ့သည့် ဗီဇပြောင်း ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူများအနက် ၁၄၂ ဦးသည် ပြည်ပနိုင်ငံများမှ ပြန်လာသူများ ဖြစ်ကြပြီး ကျန် ၂၉၂၄ ဦးသည် ပြည်တွင်း၌ ရောဂါ ကူးစက်ခံခဲ့ရခြင်းဖြစ်ကြောင်း တောင်ကိုရီးယား ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေး အေဂျင်စီက ပြောကြားသည်။
တောင်ကိုရီးယား၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း မြင့်မားလာရခြင်းမှာ ပြည်တွင်း၌ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့လာခြင်းကြောင့် ဖြစ်သည်။
အသစ်တွေ့ရှိသည့် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများအနက် လူနာ ၃၀၆၃ ဦးသည် ဒယ်လ်တာဗီဇ ပြောင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ များဖြစ်၍ ကျန် သုံးဦးသည် အယ်လ်ဖာဗီဇ ပြောင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ များဖြစ်ကြောင်း သိရသည်။
ထို့အပြင် တောင်ကိုရီးယားနိုင်ငံ၌ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်းအနက် ဒယ်လ်တာဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၉၅၉၃ ဦး၊ အယ်လ်ဖာဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၂၈၄ ဦး၊ ဘီတာဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၅၀ နှင့် ဂမ်မာဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက် ခံရသူ ၂၆ ဦး စသည်ဖြင့် အသီးသီးရှိကြ သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ