တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ် -၁၉ ကန့်သတ်ချက်များ ပြန်လည်တင်းကျပ်သွားမည်

 

ဆိုးလ်  ဒီဇင်ဘာ  ၄


တောင်ကိုရီးယားနိုင်ငံ၌  အိုမီခရွန်  ကူးစက်ခံရမှု တွေ့ရှိပြီးနောက် လူမှုဘဝတွင် ဖြေလျှော့ထားသည့် ကန့်သတ်ချက်များကို ပြန်လည်တင်းကျပ်သွားမည် ဟု သိရသည်။ 

 


ပြီးခဲ့သည့်လအတွင်းကမှ ဖြေလျှော့ပေးခဲ့သည့် ကန့်သတ်ချက်များကို  ပြန်လည်သုံးသပ်နေပြီဖြစ် ကြောင်း ဒီဇင်ဘာ ၃  ရက်တွင်  တောင်ကိုရီးယား အစိုးရက ကြေညာခဲ့သည်။ 

 


ယခုလအတွင်း   နေ့စဉ်ကူးစက်မှုမှာ  ၅၀၀၀ ဝန်းကျင်၌ ရှိနေပြီးနောက်  ယခုလို  ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ပြင်းပြင်းထန်ထန် ဖျားနာသည့် လူနာဦးရေမှာလည်း ၇၃၆ ဦး ရှိလာခဲ့ သည်။  ဒီဇင်ဘာ ၂ ရက်တွင် တောင်ကိုရီးယားနိုင်ငံ ၌ ပထမဆုံး အိုမီခရွန်ကူးစက်ခံရသူ တွေ့ရှိခဲ့သည်။

 

စည်းကမ်းတင်းကျပ်မှုများ    အောက်တွင်   မြို့တော်ဧရိယာတစ်ဝိုက်      သီးသန့်လူစုလူဝေး ပြုလုပ်ရာ၌  ခြောက်ဦးအထိ ကန့်သတ်ထားမည် ဖြစ်သည်။ ယခင်က ၁၀  ဦးအထိ  ခွင့်ပြုပေးခဲ့သည်။ စားသောက်ဆိုင်များသို့မဝင်မီ ကာကွယ်ဆေးထိုးပြီး ကြောင်း လက်မှတ်ပြသရမည်ဖြစ်သည်။

 


စီးပွားရေးလုပ်ငန်းများအပေါ်တွင် ထိခိုက်မည် ကို  စိုးရိမ်သည့်အတွက်  စီးပွားရေးလုပ်ငန်းများနှင့် စားသောက်ဆိုင်များအပေါ်   အချိန်ကန့်သတ်မည် မဟုတ်ဟု သိရသည်။ 


အင်န်အိတ်ချ်ကေ