
ဆိုးလ် ဇန်နဝါရီ ၂
တောင်ကိုရီးယားနိုင်ငံ၌ ပြီးခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၈၃၃ ဦး ထပ်မံတွေ့ရှိရ သဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၆၃၉၀၈၃ ဦးရှိလာကြောင်း သိရသည်။
နိုင်ငံအတွင်း ပြီးခဲ့သည့်ရက်များ အတွင်းက နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၄၁၅ ဦးရှိခဲ့ရာမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို တင်းကျပ်စွာ ဆောင်ရွက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်သူအရေအတွက် ကျဆင်း ခဲ့ခြင်းဖြစ်သည်။
ယခု ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက် ခံရသူများအနက် ဆိုးလ်ဒေသခံ ၁၁၂၇ ဦး၊ ဂျောင်ဂီပြည်နယ်၌ ၁၂၄၄ ဦးနှင့် အင်ချွန်းဆိပ်ကမ်းမြို့၌ ၂၃၁ ဦးတို့အား အသီးသီးတွေ့ရှိခဲ့သည်။ နိုင်ငံအတွင်းရှိ ကျေးလက်ဒေသများတွင်လည်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မြင့်တက်လာခဲ့ ပြီး ကိုဗစ်- ၁၉ ရောဂါကူးစက်ခံရသူ ၁၀၈၁ ဦးရှိကြောင်း သိရသည်။ နိုင်ငံ အတွင်း လက်ရှိအချိန်၌ အိုမီခရွန်ဗီဇ ပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၂၀၇ ဦး ရှိကြောင်း သိရသည်။
အဆိုပါ ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက် ခံရသူများအနက် ၆၀၂ ဦးမှာ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများဖြစ်ပြီး ၆၀၅ ဦးမှာ ပြည်တွင်း၌ ကူးစက်ခံရသူများ ဖြစ်ကြောင်း သိရသည်။ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် ၆၉ ဦး ထပ်မံ သေဆုံးသဖြင့် သေဆုံးသူပေါင်း ၅၆၉၄ ဦးရှိသည်။ နိုင်ငံအတွင်း လက်ရှိအချိန်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးစီးသူ ၄၂၆၀၁၆၂၅ ဦး(လူဦးရေ၏ ၈၃ ရာခိုင်နှုန်း)ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပိုဆောင်းထိုးနှံပြီးစီးသူ ၁၈၄၇၆၇၄၈ ဦး (လူဦးရေ၏ ၃၆ ရာခိုင် နှုန်း)ရှိကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ