တောင်ငူမြို့ ကေတုမတီမြို့ဟောင်း ကျုံးနှင့် မြို့ရိုးများ၊ အဆောက်အအုံများကို ပျက်ယွင်းမှုမရှိအောင် ကာကွယ်ထိန်းသိမ်းသွားရမည်

တောင်ငူ     ဇွန်    ၂၀
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး   ဦးတင်ဦးလွင်သည်    သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဒေါ်နုမြဇံ၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်၊ အမြဲတမ်းအတွင်းဝန်၊  တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ငူမြို့  ကေတုမတီမြို့ ဟောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။ 
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ငူ ကေတုမတီမြို့ဟောင်း  အနောက်ဘက်   မြို့ရိုးစင် တံခါးအနီးရှိ ကေတုမတီမြို့ဟောင်းမြို့ရိုးပြန်လည် တူးဖော်ထိန်းသိမ်းထားရှိမှုအခြေအနေကို သွားရောက် စစ်ဆေးရာ ရှေးဟောင်းသုတေသနနှင့်  အမျိုးသား ပြတိုက်ဦးစီးဌာနမှ   ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညိုမြင့်ထွန်းက ကေတုမတီတောင်ငူမြို့၏ သမိုင်း ကြောင်း၊ မြို့ရိုး၊ ကျုံးများနှင့် မြို့ဝင်တံခါးပေါက်များ၏ လက်ရှိအခြေအနေ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ကျုံးနှင့်မြို့ရိုး ဖော်ထုတ်ထိန်းသိမ်းထားမှု အခြေအနေ၊ ကျုံးနယ်နိမိတ် သတ်မှတ်စိုက်ထူထား သည့်တိုင်များ  ဆောင်ရွက်ထားရှိမှုကို  ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ငူကေတုမတီမြို့ဟောင်း မြို့ရိုးနှင့် ကျုံးတို့၏ လက်ရှိအခြေအနေကို   လည်းကောင်း၊   တောင်ငူ ကေတုမတီမြို့ဟောင်း မြို့ရိုးနှင့်ပန်းချီ တံခါးပေါက် အနီးရှိ ယိုးဒယားပေါက်ကို  ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ ရန်ပုံငွေနှင့်ထိန်းသိမ်းစောင့်ရှောက်ထားရှိမှုကို လည်းကောင်း၊  တောင်ငူကေတုမတီမြို့ရိုး   ပန်းချီ တံခါးပေါက်မှတစ်ဆင့် ကေတုမတီမြို့ရိုး၊ ကျုံးနှင့် မြို့ဝင်တံခါးပေါက်များ၏ လက်ရှိအခြေအနေများကို လည်းကောင်း လိုက်လံကြည့်ရှုသည်။
ထိုသို့ကြည့်ရှုစဉ်  ပြည်ထောင်စုဝန်ကြီးက မြို့ရိုး နှင့်ကျုံးများသည် မိမိတို့၏ ဇာတိသွေး၊ ဇာတိမာန်ကို ဖော်ပြနိုင်သည်သာမက  အတိတ်က  တောင်ငူဘုရင် များ၏ ဘုန်းတန်ခိုး၊ လက်ရုံးရည်၊ နှလုံးရည်တို့ကို ပြသနေသောကြာင့် တောင်ငူကေတုမတီမြို့ဟောင်း ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် မြို့ရိုး၊ ကျုံးနှင့်မြို့ဝင်တံခါးပေါက်များကို ပြန်လည်ဖော်ထုတ် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန်   အနာဂတ် မျိုးဆက်သစ်များကို   လက်ဆင့်ကမ်းပေးရမည်ဖြစ် ကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင် များနှင့်အတူ တောင်ငူခရိုင်အထွေထွေအုပ်ချုပ်ရေး မှူးရုံး စုပေါင်းခန်းမ၌ ကျင်းပသည့် တောင်ငူကေတုမတီမြို့ရိုးနှင့်ကျုံးကို   ထိန်းသိမ်းမှုဆိုင်ရာအစည်း အဝေးသို့ တက်ရောက်သည်။ 
အစည်းအဝေးတွင်   ပြည်ထောင်စုဝန်ကြီးက တောင်ငူမြို့ ကေတုမတီမြို့ဟောင်းမြို့တည်၊ နန်းတည် နှစ် ၅၀၀  ပြည့်အထိမ်းအမှတ်ပွဲတော်ကို   ၂၀၁၀ ပြည့်နှစ်မှစ၍  ပဲခူးတိုင်းဒေသကြီး   တောင်ငူမြို့ရှိ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဒေသခံမိဘပြည်သူ များက နှစ်စဉ်နှစ်တိုင်း ခမ်းခမ်းနားနား  စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်လေ့ရှိကြောင်း၊ လွန်ခဲ့ သောနှစ်ပေါင်း ၅၀၀ ကျော်က မင်းကြီးညို တည် ထောင်ခဲ့သော ကျုံးနှင့် မြို့ရိုးများ၊ အဆောက်အအုံ များကို လက်ရှိအနေအထားထက်  ပျက်ယွင်းမှုမရှိ အောင် ပြန်လည်ဖော်ထုတ် ကာကွယ်ထိန်းသိမ်းသွား ရမည်ဖြစ်ကြောင်းနှင့် မင်းကြီးမဟာသီရိဇေယျသူရ မင်းကြီးညို(အေဒီ ၁၄၈၆-၁၅၃၁) တည်ထောင်ခဲ့သည့် တောင်ငူကေတုမတီမြို့ဟောင်း မြို့ရိုးနှင့် ကျုံးနေရာ များ၊ ရှေးဟောင်းအဆောက်အအုံများကို ယဉ်ကျေးမှု အမွေအနှစ်များအဖြစ် ထိန်းသိမ်းသွားနိုင်ရေးအတွက် တာဝန်ရှိသူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက်   ဒုတိယဝန်ကြီး   ဒေါ်နုမြဇံက ရှေးဟောင်းအမွေအနှစ်ဖြစ်သော     တောင်ငူမြို့ ကေတုမတီမြို့ဟောင်း၊ မြို့ရိုး၊ ကျုံး၊ မြို့ဝင်ပေါက်များ ကို ရေရှည်တည်တံ့ရေးအတွက် ထိန်းသိမ်းသွားရန် လိုအပ်သည့်အချက်များကိုလည်းကောင်း၊  ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညိုမြင့်ထွန်းက တောင်ငူမြို့ ကေတုမတီမြို့ဟောင်း၊ မြို့ရိုး၊ ကျုံး၊ မြို့ဝင်တံခါး ပေါက်များနှင့်ဆိုင်ရာ သမိုင်းကြောင်းများကိုလည်းကောင်း၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးက တောင်ငူ မြို့၊ ကေတုမတီမြို့ဟောင်း မြို့ရိုး၊ ကျုံး၊ မြို့ဝင်တံခါး ပေါက်များ တူးဖော်ထိန်းသိမ်းမှုအခြေအနေများကို လည်းကောင်း၊ သမိုင်းသုတေသနနှင့်  အမျိုးသား စာကြည့်တိုက်ဦးစီးဌာန     ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က  သမိုင်းဆိုင်ရာသုတေသနပြုရန် လိုအပ်ချက်များကိုလည်းကောင်း၊ သမိုင်းသုတေသီ ဒေါက်တာမြသောင်းက တောင်ငူမြို့ ကေတုမတီမြို့ ဟောင်းဆိုင်ရာ  သုတေသနဆောင်ရွက်ခဲ့မှု  အခြေ အနေများကိုလည်းကောင်း၊  အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးက ခေတ်အဆက်ဆက် တောင်ငူမြို့ ကေတု မတီမြို့ဟောင်းကျုံးနှင့် မြို့ရိုးပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့မှု အခြေအနေများကိုလည်း ကောင်း ဆွေးနွေးတင်ပြကြသည်။ 
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ   ဖြည့်စွက်ဆွေးနွေးမှာကြားပြီး တောင်ငူမြို့  ကေတုမတီမြို့ဟောင်း   မြို့ရိုး၊ ကျုံး၊ မြို့ဝင်တံခါးပေါက်များ      ထိန်းသိမ်းခြင်းလုပ်ငန်းမြှင့်တင်ဆောင်ရွက်သွားမည့်     အစီအစဉ်များကို  ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်