
မန္တလေး ဇူလိုင် ၁၆
မန္တလေး အမရပူရမြို့နယ်ရှိ တောင်သမန်အင်း (ဦးပိန်တံတား) တွင် ဇူလိုင် ၅ ရက်ခန့်မှစ၍ အင်းရေတဖြည်းဖြည်းတိုးလာရာ ဇူလိုင် ၁၅ ရက်တွင် တံတားကြမ်းခင်းလူလျှောက်လမ်း နှင့် တစ်ပေခန့်အလို၌ အင်းရေရောက်ရှိနေပြီး ငှက်လှေစီးသူနှင့်အင်းရေကြည့်ရန် လာရောက် သူများပြားနေကြောင်း တောင်သမန်ငှက်လှေ အသင်းမှ ဦးစိုးဝင်းက ပြောသည်။
မန္တလေးဆိပ်ကမ်းတွင် ဧရာဝတီမြစ်ရေစိုးရိမ်ရေအမှတ်ရောက်ရှိနိုင်ကြောင်း မိုး/ဇလမှ အသိပေးချက်ထုတ်ပြန်ပြီး နောက်ပိုင်းအင်း နှင့် ဆက်သွယ်ထားသော ရေထိန်းတံခါးဖွင့်ချ ခဲ့ရာမှ မြန်ဆန်စွာ အင်းရေတိုးလာသည်ဟု ဆိုသည်။
“ဇွန်လကုန်လောက်က ရေသိပ်မရှိသေးဘူး။ ဇူလိုင်လဆန်း လောက်မှာ တံတားကြမ်းပြင်နဲ့ ခြောက်ပေလောက်အလိုမှာ ရှိသေးတယ်။ ရေထိန်းတံခါးဖွင့်လိုက်တော့ လက်ရှိမှာ အင်းရေ က တံတားကြမ်းပြင်နဲ့ တစ်ပေလောက်အလိုထိ ရောက်နေ တယ်။ ဒီရက်ပိုင်းမှာ ရေလာကြည့်တဲ့သူနဲ့ ငှက်လှေစီးသူတွေက ရေနည်းချိန်ကထက် များလာတယ်” ဟု ၎င်းကပြောသည်။
လက်ရှိတွင် တံတားကြမ်းပြင်မှ တိုင်းတာပါက အလယ်ဇရပ် ၌ တစ်ပေခန့်အလိုတွင် ရောက်ရှိနေပြီး အရှေ့ဘက်နှင့် အနောက် ဘက် ဇရပ်နေရာများ၌ ကြမ်းပြင်မှ နှစ်ပေခန့်အလိုတွင် အင်းရေ မျက်နှာပြင်ရောက်ရှိနေကြောင်း၊ မယ်ဇယ်တန်းနှင့် စားသောက် ဆိုင်နေရာများတွင်လည်း အင်းရေရောက်ရှိနေသဖြင့် အချို့ဆိုင် များ ခေတ္တပိတ်ထားရကြောင်း သိရသည်။
“လာမယ့်ရက်တွေမှာ အင်းရေက အကျဘက်သွားတော့မယ်။ ဒီညနေကဆိုရင် လေးလက်မလောက် လျော့သွားပြီ။ မြစ်ရေကျ သွားရင် ဒီဘက်မှာလည်း တဖြည်းဖြည်းလျော့လာမယ်။ ပုံမှန် ရက်နဲ့နှိုင်းယှဉ်ရင် ရေကြီးချိန်လည်းဖြစ်တယ်။ စနေ၊ တနင်္ဂနွေနဲ့ ဥပုသ်ရက်တွေမှာ လာတဲ့သူများပြီး ငှက်လှေစီးသူလည်း များတယ်။ ရေလာကြည့်တဲ့သူတွေကြောင့် လူပိုပြီးများနေတာ ပေါ့”ဟု ဆက်လက်ပြောကြားသည်။
တောင်သမန်ငှက်လှေအသင်းတွင် ငှက်လှေအစင်း ၄၃ စင်း ရှိပြီး ကိုဗစ်ကာလနောက်ပိုင်း ပြည်ပခရီးသွားနည်းပါးခြင်းနှင့် ပြည်တွင်းဧည်သည့်များ ငှက်လှေစီးမှုနည်းပါးခြင်းတို့ကြောင့်ယခင်နှစ်များထက် အစင်းရေလျော့နည်းလာကြောင်း၊ ငှက်လှေ စီးခမှာ ငွေကျပ် ၁၀၀၀၀ နှုန်း သတ်မှတ်ထားကြောင်း သိရသည်။
မောင်အေးချမ်း