တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝကို မြှင့်တင်ပေးရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ
တောင်သူလယ်သမားနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ


၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂ ရက်


ချစ်ခင်လေးစားအပ်ပါသော ကျေးဇူးရှင် တောင်သူလယ်သမားကြီးများ ခင်ဗျား-
ယနေ့ကျရောက်သော   တောင်သူလယ်သမားနေ့  နေ့ထူးရက်မြတ် အချိန်အခါသမယတွင် တောင်သူလယ်သမားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆတက်ထမ်းပိုး  ပိုမို တိုးတက်ဖြစ်ထွန်းအောင်မြင်ကြပါစေကြောင်း  ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ပြည်ပပို့ကုန်  မြှင့်တင်နိုင်ရေးနှင့် စက်မှုဖွံ့ဖြိုးရေးတို့ အရေးကြီးသည့်နည်းတူ စားနပ်ရိက္ခာဖူလုံရေးသည်လည်း အရေးကြီးပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒ(၁၂)ရပ်တွင် "ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊  စားနပ်ရိက္ခာဖူလုံစေရေးနှင့် ပြည်ပပို့ကုန် မြှင့်တင် နိုင်ရေးတို့အတွက်   လယ်ယာကဏ္ဍ၊   မွေးမြူရေးကဏ္ဍနှင့်   စက်မှုကဏ္ဍများ ဘက်ညီစွာတိုးတက်လာစေရန်နှင့် လယ်ယာစက်မှုကဏ္ဍ၊ ချိန်ခွင်လျှာညီသည့် စီးပွားရေးပုံစံဖော်ထုတ်ရန်" ကို မူဝါဒတစ်ရပ်အဖြစ် ချမှတ်ထားပြီး ဘက်ပေါင်းစုံ မှ ဆောင်ရွက်လျက်ရှိပါသည်။
ပြည်သူများ၏ နေ့စဉ်စားနပ်ရိက္ခာ လိုအပ်ချက်နှင့် ပြည်ပပို့ကုန်ဝင်ငွေကို ဖြည့်ဆည်းပေးနေသော စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် လုပ်ကိုင်နေကြသည့် တောင်သူလယ်သမားကြီးများသည် နိုင်ငံ၏စီးပွားရေးတွင် အဓိကအခန်း ကဏ္ဍမှ ပါဝင်ပါသည်။ သို့ဖြစ်၍ တောင်သူလယ်သမားများ၏  လူမှုစီးပွား တိုးတက်ရေး၊ အခွင့်အရေးကာကွယ်ရေး၊   စိုက်ပျိုးထုတ်လုပ်မှု  ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့သည်  နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးတွင် အရေးကြီးသည့်အတွက် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအပါအဝင် စိုက်ပျိုးမွေးမြူရေး ကဏ္ဍဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများဖြင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝကို မြှင့်တင်ပေးရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
ယနေ့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ပြည်သူများသည် ကျန်းမာရေး အသိအမြင် ကြွယ်ဝလာသည့်အလျောက် ဘေးကင်းလုံခြုံမှုရှိသည့် အစား အစာများကို အလေးထားစားသုံးကြလျက်ရှိရာ ပြည်တွင်း၊ ပြည်ပတွင် ရောင်းချ သည့် လယ်ယာထွက်ကုန်များ၏ အရည်အသွေးပြည့်မီရေး၊ အဆင့်အတန်း မြင့်မားရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးတို့ လိုအပ်လာပါသည်။
မိမိတို့အစိုးရအဖွဲ့အနေဖြင့်လည်း စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ၏ အထွက်နှုန်းတိုးတက်ရေးအတွက်သာမက စားသုံးသူပြည်သူများ၏ အစား အစာ လုံခြုံစိတ်ချရမှုရှိရေးနှင့် လယ်ယာထုတ်ကုန်များ နိုင်ငံတကာဈေးကွက် တွင် တိုးတက်ယှဉ်ပြိုင်နိုင်ရေးအတွက်  အခြေခံအုတ်မြစ်ကောင်းများ ရရှိ စေရန် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊  ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်၊ ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ်တို့နှင့်အညီ စိုက်ပျိုးမွေးမြူထုတ်လုပ်နိုင်ရေး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် လယ်ယာသီးနှံများ၊ သားငါးများ၏ အရည်အသွေးကောင်းမွန်ရေး၊ ဓာတ်ကြွင်း အာနိသင်များ ကင်းစင်ရေး၊ ရိတ်သိမ်းချိန်လွန် ဆုံးရှုံးမှုလျှော့ချရေး နည်းပညာ များပါဝင်သည့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ  အလေ့အကျင့်ကောင်းများနှင့် သက်ဆိုင်သည့် လမ်းညွှန်ချက်များ ရေးဆွဲထုတ်ပြန်၍ ပညာပေးဆောင်ရွက် လျက်ရှိပါသည်။
ရေရှည်တည်တံ့သော  စိုက်ပျိုးမွေးမြူထုတ်လုပ်ရေးနှင့်  ဘေးကင်း လုံခြုံပြီး အာဟာရပြည့်ဝသော စိုက်ပျိုးရေးနှင့်  မွေးမြူရေးထုတ်ကုန်များ ကို ပြည်သူများ လုံခြုံစိတ်ချစွာ စားသုံးနိုင်ရေးအတွက် စိုက်ပျိုးရေးကဏ္ဍတွင် အော်ဂဲနစ်စိုက်ပျိုးရေး      စနစ်တကျဖွံ့ဖြိုးလာစေရေးနှင့်     အော်ဂဲနစ်နှင့် ပတ်သက်သည့် စံချိန်စံညွှန်းများကို တိကျစွာလိုက်နာကျင့်သုံးနိုင်ရေးတို့ကို ရည်ရွယ်၍ အာဆီယံအော်ဂဲနစ်စံချိန်စံညွှန်းများကို အခြေခံပြီး မြန်မာနိုင်ငံ၏ အော်ဂဲနစ်စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများနှင့် ကိုက်ညီမှုရှိစေမည့် မြန်မာ့ အော်ဂဲနစ်စံချိန်စံညွှန်းကိုလည်း    အသိပေးထုတ်ပြန်ကြေညာခဲ့ပါသည်။ တောင်သူလယ်သမားကြီးများက  အလေးထားလိုက်နာဆောင်ရွက်ကြခြင်း ဖြင့် ဈေးကွက်လည်းဝင်၊ ဝင်ငွေလည်းပို၊ ကုသိုလ်လည်း ရရှိကြမည်ဖြစ်ပါသည်။
ချစ်ခင်လေးစားအပ်ပါသော  ကျေးဇူးရှင်တောင်သူလယ်သမားကြီးများ ခင်ဗျား-
လက်ရှိအချိန်၌  ရာသီဥတုပြောင်းလဲပြီး  မိုးခေါင်ခြင်း၊  ရေကြီးခြင်း၊ မိုးသီးကြွေခြင်း၊ တောမီးလောင်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များသည်  တောင်သူလယ်သမားများ၏ လူမှု စီးပွားဘဝကို ထိခိုက်စေလျက်ရှိပါသည်။  မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး   ဟန်ချက်ညီသော   ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(၂၀၁၈-၂၀၃၀)၏ မဏ္ဍိုင်(၃)  ‘‘ပြည်သူများနှင့်ကမ္ဘာမြေ’’ တွင် ပန်းတိုင်(၅) အဖြစ် ‘‘နိုင်ငံတော်၏ အနာဂတ်မျိုးဆက်များအတွက်  သယံဇာတနှင့်  သဘာဝပတ်ဝန်းကျင်’’ ကို သတ်မှတ်ထားပြီး    သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်    ရာသီဥတု  ပြောင်းလဲမှုလျှော့ချရေးလုပ်ငန်းများကို  သက်ဆိုင်ရာကဏ္ဍအသီးသီးမှ  ပေါင်းစပ် ဆောင်ရွက်လျက်ရှိပါသည်။
ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ ရေကို အကျိုးရှိရှိထိရောက်စွာ အသုံးပြုနိုင်ရေးကို ဆောင်ရွက်လျက်ရှိပါသည်။  ရေလိုအပ်ချက်နည်းသော သက်တမ်းတိုသီးနှံများကို စိုက်ပျိုးခြင်း၊ ဒေသအခြေအနေပေါ် မူတည်၍ သီးနှံနှင့် သီးနှံပုံစံများ ပြောင်းလဲစိုက်ပျိုးခြင်း၊ စပါးစိုက်ပျိုးရာတွင် ရေသွင်း၊ ရေခန်းစနစ် အသုံးပြု၍  စိုက်ပျိုးစေခြင်း၊   ရေကိုချွေတာသုံးစွဲနိုင်သည့်  ခေတ်မီရေသွင်း ကိရိယာများ အသုံးပြုစိုက်ပျိုးစေခြင်း စသည့် ပညာပေးလုပ်ငန်းများ၊  သရုပ် ပြပွဲများ ဆောင်ရွက်လျက်ရှိပါသည်။ အပူပိုင်းဇုန်ဒေသများတွင်လည်း ရေတွင်း များတူးပေးခြင်း၊  ရေစု/ရေလှောင်ကန်များပြုလုပ်ပေးခြင်း၊  ရေရရှိမှုအပေါ် မူတည်ပြီး နွေစပါးအစား အခြားသီးနှံများစိုက်ပျိုးမည့် အစီအစဉ်များ ရေးဆွဲခြင်း တို့ကို ဆောက်ရွက်ပေးလျက်ရှိပါသည်။ ထို့အပြင် ဆည်တာတမံကြီးများ၊ မြစ်ရေတင် လုပ်ငန်းကြီးများတွင် စိုက်ပျိုးရေကို ပိုမိုထိရောက်စွာနှင့် ရေရှည်အသုံးပြုနိုင်ရေး အတွက် ထိန်းသိမ်းမွမ်းမံခြင်းလုပ်ငန်းများ၊ ရေကိုအကျိုးရှိစွာ ချွေတာသုံးစွဲရေး ပညာပေးလုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိပါသည်။
ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်ကြီးများ ကြုံတွေ့ ပါက   စားနပ်ရိက္ခာမလုံလောက်မှုအန္တရာယ်မှ   ကျော်လွှားနိုင်ရေးနှင့် ရင်ဆိုင် တုံ့ပြန်နိုင်စွမ်း အားကောင်းရေးတို့အတွက် နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့များ ပူးပေါင်း၍  အရန်မျိုးစေ့များ  စုဆောင်းထားရှိခြင်း၊   ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခြင်း၊ သီးနှံပျက်စီးဧရိယာများတွင် ပြန်လည်ထူထောင်ရေးလုပ်ကိုင်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။
သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံထိခိုက်ပျက်စီးမှုများကို ပြန်လည် ထူထောင်နိုင်ရန်အတွက်  မျိုးစပါးများဖြန့်ဝေပေးခြင်းနှင့်  ပျက်စီးသီးနှံများ အတွက်  ထောက်ပံ့ကြေးများ  ပံ့ပိုးကူညီခြင်းတို့ကို  ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ်မှ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်အထိ စုစုပေါင်း ကျပ်(၁၉ ဒသမ ၃၄၅)ဘီလီယံကျော်ကို အရေးပေါ်ရန်ပုံငွေမှ ထောက်ပံ့ပေးအပ် ခဲ့ပြီးဖြစ်ပါသည်။
ချစ်ခင်လေးစားအပ်ပါသော ကျေးဇူးရှင်တောင်သူလယ်သမားကြီးများ ခင်ဗျား-
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၇)နေ့ရက်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဥပဒေကိုလည်း    ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါသည်။   ယင်းဥပဒေတွင်ပါရှိသော တောင်သူလယ်သမား အများစုနေထိုင်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်   လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊  မြို့ပြနှင့်  ကျေးလက်ဒေသအကြား လူမှုစီးပွားအဆင့်အတန်း ကွာဟချက်များကျဉ်းမြောင်းစေရေး၊ လူ့စွမ်းအားနှင့် ငွေကြေးအရင်းအနှီးများကို ထိရောက်အကျိုးရှိစွာ အသုံးချနိုင်ရေး၊ ကျေးလက် ဒေသနေ ပြည်သူများ၏ စွမ်းဆောင်ရည်တိုးတက်လာစေရေးနှင့် ဘေးအန္တရာယ် များ ကျရောက်လာပါက တုံ့ပြန်ကာကွယ်ဆောင်ရွက်နိုင်မှု အားကောင်းသော လူမှုအဖွဲ့အစည်းများ ဖြစ်ပေါ်လာစေရေး စသည့်ရည်မှန်းချက်များ အောင်မြင် အောင် ဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်ပါသည်။
နိုင်ငံတော်က တောင်သူလယ်သမားများ သီးနှံစိုက်ပျိုးရာတွင် မိမိဒေသနှင့် ကိုက်ညီမည့် မိမိတို့အကျိုးစီးပွားဖြစ်ထွန်းစေသော သီးနှံများကို စိုက်ပျိုးခွင့်ပေးထားပြီးဖြစ်သည်နှင့်အညီ  စီးပွားရေးတွက်ခြေကိုက်သော ဈေးကွက်ဝင် သီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် တောင်သူလယ်သမားများ၏ လိုအပ်ချက် များကို အစဉ်တစိုက်လေ့လာပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ တောင်သူ လယ်သမားများကိုယ်တိုင် မျိုးစေ့ထုတ်လုပ်နိုင်ရန် မျိုးစေ့ထုတ်သင်တန်းများ ပို့ချခြင်း၊ မျိုးစေ့ထုတ်အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်ပေးခြင်း၊ မျိုးကောင်း မျိုးသန့်များပွားများနိုင်ရေးအတွက် ကျေးရွာမျိုးစေ့ဘဏ်များ ထူထောင်ပေးခြင်း၊ သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင်သူများက မြေဆီလွှာ၊  မျိုးစေ့နှင့် သီးနှံကာကွယ်ရေးဆိုင်ရာကိစ္စရပ်များကို    စစ်ဆေးမှုများပြုလုပ်ပေးခြင်း၊ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာများကို တည်ထောင်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။
ဈေးကွက်ဝင်ကောက်ပဲသီးနှံများ   စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ရေးကို တောင်သူ၊ ပုဂ္ဂလိကများနှင့် ပူးပေါင်း လျက် နည်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် တောင်သူလယ်သမား များ ဈေးကွက်သေချာစေမည့် အကျိုးတူလယ်ယာစနစ် ကျင့်သုံးနိုင်ရေးကို လည်း အကောင်အထည်ဖော်လျက်ရှိရာ လိုက်နာရန် လုပ်ငန်းစဉ်များကိုလည်း ထုတ်ပြန်ဆောင်ရွက်လျက်ရှိပါသည်။
ခေတ်မီစိုက်ပျိုးနည်းပညာများ၊  ရာသီဥတုဆိုင်ရာ  သတင်းအချက် အလက်များနှင့် ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များကို တောင်သူ လယ်သမားကြီးများ  အချိန်နှင့်တစ်ပြေးညီ သိရှိအသုံးချနိုင်ရေးအပါအဝင် လယ်ယာကဏ္ဍဆိုင်ရာသတင်းများ၊  ပညာပေးနှင့် ဖြေဖျော်ရေးအစီအစဉ်များ စသည့် ကဏ္ဍစုံပါဝင်သော "တောင်သူလယ်သမားကဏ္ဍရုပ်သံလိုင်း (Farmer Channel)" အစီအစဉ်နှင့် တောင်သူလယ်သမားများ ဗဟုသုတရရှိရေးအတွက် ဂျာနယ်များ၊ ပညာပေးစာစောင်များ၊ လယ်ယာစီးပွားသတင်းများ ထုတ်ပြန် ပေးနေသည့်အပြင် စိုက်ပျိုးနည်းပညာများ လွယ်လင့်တကူ ရရှိနိုင်ရန် မိုဘိုင်း ဖုန်းများမှ Mobile Application ဖြင့် မိုးလေဝသသတင်းများ၊ လယ်ယာ ကဏ္ဍနှင့်  ဈေးကွက်ဆိုင်ရာ  အချက်အလက်များ၊    စိုက်ပျိုးရေးဆိုင်ရာ         နည်းပညာများကို ထုတ်ပြန်ဝန်ဆောင်မှုပေးနေသဖြင့် တောင်သူလယ်သမား များ အချိန်နှင့်တစ်ပြေးညီ လေ့လာသိရှိနိုင်ကြပြီဖြစ်ပါသည်။
ချစ်ခင်လေးစားအပ်ပါသော ကျေးဇူးရှင် တောင်သူလယ်သမားကြီးများခင်ဗျား-
တောင်သူလယ်သမားများ၏ ဝင်ငွေပိုမိုရရှိပြီး လူနေမှုဘဝများတိုးတက် ရေးအတွက် စိုက်ပျိုးရေးနှင့်  မွေးမြူရေးထုတ်ကုန်များကို  ကုန်ကြမ်းအဆင့် တင်ပို့ရောင်းချခဲ့သည့်အနေအထားမှ   တန်ဖိုးမြင့်ထုတ်ကုန်ကုန်ချောများ အဖြစ်သို့   အဆင့်မြှင့်တင်ထုတ်လုပ်ပြီး   နိုင်ငံတကာဈေးကွက်သို့  ယှဉ်ပြိုင် တင်ပို့ရောင်းချနိုင်ရေးလုပ်ငန်းစဉ်ကိုလည်း အားပေးမြှင့်တင်ဆောင်ရွက်လျက် ရှိပါသည်။
ထို့အပြင် နိုင်ငံတော်အစိုးရအနေဖြင့် စပါးစိုက်တောင်သူများ နစ်နာမှု နည်းပါးစေရေး၊   ဆန်စပါးဈေးကွက်    ခိုင်မာစေရေးတို့အတွက်လည်း စပါး ဈေးနှုန်းအား  တင်း(၁၀၀)လျှင် အနိမ့်ဆုံး  ကျပ်(၅)သိန်း သတ်မှတ်ကြေညာ ပေးခဲ့ပါသည်။  သိမ်းဆည်းခံခဲ့ကြရသော   တောင်သူလယ်သမားများ၏ လယ်ယာမြေများ  ပြန်လည်ရရှိအောင်ဆောင်ရွက်ပေးခြင်း၊  စွန့်လွှတ်ပေး နိုင်ခြင်းမရှိသော  လယ်ယာမြေများအား   လျော်ကြေး၊   နစ်နာကြေးများ       ပေးစေခြင်း၊ မြေလွတ်၊ မြေလပ်နှင့်  မြေရိုင်းများကို  လုပ်ကွက်ငယ်တောင်သူ လယ်သမားများ၊ ဒေသခံတိုင်းရင်းသားများအား ဦးစားပေး၍ စိုက်ပျိုးလုပ်ကိုင် နိုင်ရန် စိစစ်ခွင့်ပြုချထားပေးခြင်း၊ ခေတ်ကာလနှင့်အညီ လယ်ယာမြေဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲခြင်း၊   လယ်ယာမြေများ     တရားဝင်လုပ်ပိုင်ခွင့် ခိုင်မာစွာရရှိစေခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ပြီး တောင်သူလယ်သမား များ၏ လူနေမှုအဆင့်အတန်းမြင့်မားရန်  ဆောင်ရွက်ပေးခြင်း၊ လယ်ယာ လုပ်ငန်းအပြင် တောင်သူလယ်သမားမိသားစုများ၏ အခြားဝင်ငွေရရှိစေရန် အခွင့်အလမ်းများ ဖန်တီးပေးခြင်းတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
ဤကဲ့သို့ တောင်သူလယ်သမားမိသားစုများ၏ လူမှုစီးပွားဘဝမြင့်မား တိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရက အလေးထားဆောင်ရွက်ပေးလျက် ရှိပါသဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏  ရေရှည်အကျိုးစီးပွား အတွက် ကြုံတွေ့ကြရမည့် စိန်ခေါ်မှုများ၊ အတားအဆီးများနှင့် အခက်အခဲ မှန်သမျှတို့ကို ကျော်လွှားနိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်း လက်တွဲဆောင်ရွက်ကြရန်    အလေးအနက်တိုက်တွန်းလျက်    သဝဏ်လွှာ ပေးပို့အပ်ပါသည်။