
ယဉ်လာဒ်၊ ဓာတ်ပုံ - သူရဦး
တောင်တက်တယ်ဆိုတာ ခရီးစဉ်တစ်ခုအနေနဲ့သာမက မိမိ ခန္ဓာကိုယ်ရဲ့ အမောခံသက်လုံကောင်းခြင်းကို စမ်းသပ်လို့ရတဲ့ ကျန်းမာရေးစစ်ဆေးချက်တစ်ခုလို့လည်း ဆိုလို့ရပါတယ်။ ဒါ့အပြင် မြေပြင်ရှုခင်းတွေကို တောင်ထိပ်ပေါ်ကနေကြည့်ရတဲ့ စိတ်ခံစားချက် ကလည်း ဘာနဲ့မှလဲလို့မရနိုင်တဲ့ ခံစားမှုတစ်မျိုးလို့ ဆိုနိုင်ပါတယ်။
တောင်တက်ခရီးစဉ်
ဘားအံဒေသခံ ဧည့်လမ်းညွှန်ဖြစ်သူ ကိုသူရဦးက ရေလိုဏ်ဂူတောင် တက်ခဲ့တဲ့ အတွေ့အကြုံနဲ့ပတ်သက်ပြီး ‘‘လွန်ခဲ့တဲ့ နှစ်လလောက်တုန်း က သဘာဝရေလိုဏ်ဂူတောင်ပေါ်ကို တက်လို့ရတယ်။ လမ်းရှိတယ်။ တောင်ပေါ်ကနေကြည့်ရတဲ့ ရှုခင်းတွေက အလွန်လှတယ်။ ဆရာ သွားရင် လိုက်ပို့ပေးမယ်လို့ ဒေသခံ ကိုစောကျော်သိန်းနဲ့ ဦးလွန်းမြိုင် တို့က ပြောလာတာမို့ Hpa An Vibes က ကိုသီဟစိုးနဲ့ သဘာဝ ရေလိုဏ်ဂူတောင်ပေါ်ကို တက်ရောက်ဖြစ်ခဲ့ပါတယ်’’လို့ စာရေးသူကို ပြောပြပါတယ်။
သဘာဝရေလိုဏ်ဂူတောင်ကို သွားရောက်မယ်ဆိုရင် ဘားအံမြို့နယ် ရသေ့ပျံကျေးရွာအနီးမှာရှိတဲ့ ရသေ့ပျံဂူအထိ စက်ဘီးစီးသွားရောက် ပြီး သဘာဝရေလိုဏ်ဂူအပေါ်အထိကို တောင်တက်ခရီးအနေနဲ့ တက်ရောက်နိုင်ပါတယ်။ ရေလိုဏ်ဂူတောင်ဟာ တောင်အောက်ကနေ လှမ်းကြည့်ရင်တော့ နိမ့်နိမ့်လေးလိုပဲ မြင်ရပါတယ်။ ဒါပေမယ့် အမြင့်ပေ ၅၀၀ နီးပါး ရှိပါတယ်။
ကြမ်းတမ်းတဲ့တောင်တက်လမ်း
“တောင်တက်လမ်းကတော့ ဇွဲကပင်တောင်ထက်ကြမ်းသလို တောင်ဝိုင်းတောင်ထက်လည်း ပိုကြမ်းတမ်းပါတယ်။ တောင်တက်လမ်း တစ်လျှောက်လုံး ခဲရာခဲဆစ် တက်ခဲ့ရပါတယ်။ တချို့နေရာတွေဆိုရင် ကျောက်သားနံရံတွေပေါ် ကုပ်တက်ခဲ့ရပါတယ်။ ကျွန်တော်တို့က စက်ဘီးနင်းရင်းဝတ်တဲ့ လက်အိတ်ပါသွားတော့ တော်တော်လေး အဆင်ပြေခဲ့ပါတယ်။ လက်အိတ်မပါခဲ့ရင် ကျောက်တောင်ပေါ်ကို ကုပ်တက်ရတဲ့အခါ လက်တွေအတော်ကို နာပါလိမ့်မယ်။ ဒါကြောင့်မို့ တောင်တက်ဖို့လာတဲ့ ခရီးသွားတွေအနေနဲ့ တောင်တက်တဲ့အခါ အသုံး ပြုတဲ့ပစ္စည်းတွေကို ယူဆောင်လာပြီး သုံးစွဲဖို့လိုပါတယ်”လို့ ကိုသူရဦး က ပြောပြပါတယ်။
လမ်းတစ်ဝက်မှ လိုဏ်ဂူ
သဘာဝရေလိုဏ်ဂူတောင်ရဲ့တောင်တက်လမ်းတစ်ဝက်မှာ လိုဏ်ဂူ တစ်ခုရှိပါသေးတယ်။ ဂူအမျိုးအစားကတော့ နှစ်ဖက်ပွင့်ဂူ အမျိုးအစား ဖြစ်ပါတယ်။ ဂူရဲ့ တချို့နေရာတွေမှာ တော်တော်ကျဉ်းပြီး လေးဖက် ကုန်းပြီးဝင်ရပါတယ်။ ဂူထဲမှာတော့ ပျားလင်းနို့နဲ့ ဆင်တူတဲ့ လင်းနို့တွေ ကိုလည်း တွေ့ရပါတယ်။ တောင်တက်လမ်းက တောင်ပေါ်ရောက်ခါ နီးလေ ကြမ်းလေလေပါပဲ။ ကျောက်သားနံရံတွေပေါ် ကုပ်ပြီးတက်ရ တာဖြစ်လို့ ခြေကုပ်အား(Grip) ကောင်းတဲ့ ရှူးဖိနပ်တွေနဲ့မှ အဆင်ပြေ ပါမယ်။
ခွန်အားဖြစ်စေတဲ့စိတ်ခံစားမှု
တောင်ပေါ်ကနေမြင်ရတဲ့ Mountain View ကတော့ 360 Pano-rama View ဖြစ်လို့ အံ့မခန်းလှပတဲ့ မြင်ကွင်းတွေကို မြင်တွေ့ရမှာ ပါလို့ သဘာဝရေလိုဏ်ဂူတောင်ပေါ်ကို တက်ရောက်ခဲ့တဲ့ ကိုသူရဦးက ကိုယ်တိုင်တောင်တက်ခဲ့ရတဲ့ အတွေ့အကြုံကို ပြန်ပြောပြပါတယ်။ တောင်ပေါ်ရောက်တဲ့အခါ တောင်ပေါ်ကနေကြည့်ရတဲ့ခံစားမှုအပြင် တောင်ထိပ်ပေါ်ကို ရောက်နိုင်ခဲ့ပြီဆိုတဲ့ စိတ်ခံစားမှုက ပိုပြီး လူကို ခွန်အားဖြစ်စေသလို သန်မာစေပါတယ်။
ဘားအံမြို့မှ တောင်တက်နိုင်သော ခရီးစဉ်များ
ကရင်ပြည်နယ်ရဲ့မြို့တော် ဘားအံမြို့ဟာ ထုံးကျောက်တောင်တွေ ပတ်လည်ဝန်းရံတည်ရှိနေပြီး နေချင်စဖွယ်ကောင်းလှတဲ့ အေးချမ်းတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ ဘားအံမြို့ပေါ်မှာ Adventure ဆန်ဆန် တောင်တက်ချင်သူတွေအတွက် တောင်ဝိုင်းတောင်၊ ကြာအင်းတောင်၊ ထမင်းဆုပ်တောင်၊ ဇွဲကပင်တောင်၊ မိဇံတောင်၊ ဖားပုတောင်၊ ပဲပုပ် တောင် စသည်ဖြင့် တောင်များစွာရှိပါတယ်။ တောင်တွေပေါ်ကို တက်တဲ့ အခါ သတိထားရမှာကတော့ မိုးတွင်းကာလကိုရှောင်ပြီး တက်ရောက်ဖို့ အကြံပြုချင်ပါတယ်။ တောင်ပေါ်တက်တဲ့အခါကျရင်လည်း ခြေကုပ် အားကောင်းတဲ့ ရှူးဖိနပ်နဲ့ တက်သင့်ပါတယ်။ ဒါ့အပြင် လက်အိတ် တွေကိုလည်း မဖြစ်မနေ ယူသွားသင့်ပါတယ်လို့ ဆိုပါတယ်။
ဘားအံမြို့နယ်အတွင်းမှ မိုးရာသီခရီးစဉ်များ
မိုးရာသီကာလဆိုရင်တော့ ဘားအံမြို့မှာ စိမ်းလဲ့လဲ့ဖြစ်နေတဲ့ ထွန့်ပတိုင်ရေကန်ရဲ့အလှကို မြင်တွေ့ရနိုင်ပါတယ်။ ကြည်လင်နေတဲ့ လွန်းညကန်၊ ခရီးသွားဧည့်သည်တွေ သွားရောက်လည်ပတ်ကြတဲ့ နောင်လုံ တောင်ကြားလမ်း၊ မြူခိုးတွေနဲ့ ပြည့်နေတဲ့ တောင်ဝိုင်းတောင်၊ စိမ်းကြည်နေတဲ့ နောင်ခလိုင်ရေဂူ၊ တောင်တွေပတ်လည်ကြားမှာ လှေစီးနိုင်တဲ့ ဆဒ္ဒန်အင်းနဲ့ အာလဝအင်းတို့ကိုလည်း မိုးရာသီကာလ မှာ လည်ပတ်နိုင်ပါတယ်။
ဘားအံမြို့ကို ၂၀၂၃ ခုနှစ်မှာ လာရောက်လည်ပတ်ကြတဲ့သူ စတင် များပြားလာခဲ့ပြီး တချို့ရက်တွေဆို ထွန့်ပတိုင်ရေကန်ဆီကိုပဲ ခရီး သွားဦးရေ ၄၀၀ ကျော်အထိ လာရောက်လည်ပတ်ပြီး အမှတ်တရဓာတ်ပုံ ရိုက်ကူးကြတာတွေ ရှိခဲ့ပါတယ်။ ဘားအံမြို့ကို လာရောက်လည်ပတ် ကြတဲ့သူတွေဟာ ဘားအံမြို့ရဲ့ ရှုခင်းကြည့်ကွက်တွေကို အချိန်ပေးကာ လာရောက်ကြည့်ရှုလည်ပတ်ကြတာ ဖြစ်ပါတယ်။
စိတ်ဝင်စားစရာ လည်ပတ်လေ့လာစရာတွေများလှတဲ့ ခရီးစဉ် ဒေသတစ်ခုဖြစ်ပြီး ရန်ကုန်မြို့နဲ့လည်း အလှမ်းမဝေးလှတဲ့ တောင်တွေ ရဲ့မြို့တော် ဘားအံမြို့နယ်အတွင်းက စွန့်စားမှုခရီးစဉ်တွေကို ကြိုက်နှစ် သက်သူတွေအတွက် ခရီးစဉ်သစ်ဖြစ်တဲ့ သဘာဝရေလိုဏ်ဂူတောင်ဆီ ကို သွားရောက်လည်ပတ်နိုင်ဖို့ ဒီတစ်ပတ်ရဲ့ခရီးသွားလမ်းညွှန်အနေနဲ့ ရေးသားဖော်ပြလိုက်ပါတယ်။ ။