
v ဆရာ့စိတ်ရင်း
ပန်းခင်းအလား၊ ဖူးပွင့်အားနှင့်
ဝင့်ကြွားမွှေးကြိုင်၊ အခိုင်ခိုင်တည့်
မယိုင်မလဲ ဖြောင့်မတ်မြဲ။
v ဆရာ့စိတ်နေ
ထုချေမွှေနှောက်၊ ကြောင်းကျိုးထောက်၍
တည်ဆောက်ချိန်ခါ၊ စေတနာနှင့်
မှန်စွာရိုက်ခတ်၊ လိုအပ်ပြုပြင်
အိုသွင်အလှ နမူနာ။
v ဆရာ့စိတ်နေ
နာစေအရှင်း၊ စိတ်ထားရင်း၍
ဖိုကျင်းမီးခတ်၊ ရဲရဲထပ်မှ
လိုအပ်ပုံဖော်၊ တူချက်ခေါ်လျက်
ပေပေါ်တင်ထု၊ အပြုမူလျှင်
ဓားသွင်အလှ နမူနာ။
v ထုံးလိုလည်းမွှေ
ရေလိုလည်းနှောက်၊ ကြားမြင်ပေါက်သို့
တတ်မြောက်ပညာ၊ နာသုံးနာနှင့်
ကောင်းရာထုဆစ် တို့ဆရာ။
v ပဲ့ပြင်ဆုံးမ
သိပ္ပမချန်၊ ဘေးရန်ဆီးကာ
သင့်ရာလည်းအပ်၊ အတတ်လည်းသင်
ချစ်ခင်ဖွယ်ရာ၊ ဝတ်ငါးဖြာနှင့်
မှန်စွာပြည့်ဝ တို့ဆရာ။
v ဪ . . . တို့ဆရာလည်း
နာသုံးနာခင်း၊ စိတ်ရင်းဖြူစင်
အစဉ်လာကောင်း၊ မမေ့ကြောင်းနှင့်
ဂုဏ်ပေါင်းရွှန်းဝေ၊ ပြုံးပန်းတွေနှင့်
အနေအေးချမ်း၊ ဘဝလမ်းဝယ်
လျှောက်လှမ်းနေမြဲ ရှင်သန်ဆဲ။ ။
ကမ္ဘာ့ဆရာများနေ့ ဂုဏ်ပြုလျက်
ဖိုလေးလုံးသောင်းကိုကို