တိုင်းပြည်စီးပွားရေး ဦးမော့လာဖို့

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

 

 

ကိုဗစ်ရောဂါနှင့်အတူ တွဲလျက်လိုက်ပါလာသည့် အကျိုးဆက်များက လက်တွေ့ဘ၀များတွင် မရေမတွက်နိုင်လောက်အောင်ပင် အများအပြား ရှိနေပေသည်။ အဆိုပါ ကမ္ဘာလှည့် ကပ်ရောဂါကြီးသည် နိုင်ငံတကာ ပြည်သူလူထုထံ ကျန်းမာရေးဆိုင်ရာ ဝေဒနာများသာမက စီးပွား ရေးရာ၊ လူမှုရေးရာ အစရှိသည့် အထွေထွေအကျပ်အတည်းများကိုပါ သယ်ဆောင်လာခဲ့သည်။

မြန်မာနိုင်ငံက ပင်ကိုမူလအရမှာပင် ဓနဥစ္စာက ချို့တဲ့နွမ်းပါး၊ နည်းပညာ အတတ်ပညာကလည်း အားနည်းနောက်ကျ၊ လူမှုရေးကဏ္ဍ ဖြစ်စေ၊ ယဉ်ကျေးမှုဆိုင်ရာဖြစ်စေ နယ်ပယ်မျိုးစုံ အကြောင်းပေါင်းစုံတွင် နောက်ဆုံးတန်းသို့ ရောက်နေရသလို ဖြစ်နေပေရာ အခြားသော နိုင်ငံကြီး များကဲ့သို့မဟုတ်ဘဲ ပိုမိုခံစား ထိခိုက်နာကျင်စရာများ ရှိနေပါသည်။

နိုင်ငံတွင်းရှိ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၏ ကိုင်တွယ်မှုနှင့် ပြည်သူလူထု အများစု၏ အခြေခံစည်းကမ်းလိုက်နာစောင့်ထိန်းမှုအပါအဝင် နိုင်ငံ၏ ရေမြေသဘာ၀ ရာသီဥတုအနေအထား စသည့်ကံအကြောင်းတရား မျိုးစုံတို့ကြောင့် ယခုလောက် သက်သာရသည် ခံသာသည်ဟု ယူဆ ပါသည်။ ထို့ကြောင့်ပင် မြန်မာနိုင်ငံအပေါ် နိုင်ငံကြီးများက မူလခန့်မှန်း တွက်ဆထားသည်နှင့် နှိုင်းယှဉ်လျှင် တိမ်းပါးသူ ဝေဒနာခံစားရသူ အရေ အတွက်သည်လည်း များစွာ များစွာ နည်းပါးသည်ဟု ဆိုနိုင်ပါသည်။

သို့သော် အထက်တွင်ဆိုခဲ့သလို မြန်မာနိုင်ငံသည် ချို့တဲ့နွမ်းပါးမှု များကြားက တိုင်းပြည်တစ်ခုဖြစ်နေရကား ထိခိုက်နစ်နာစရာများက များပြားလှပါသည်။ ကြေကွဲဝမ်းနည်းနေကြသည့် မိသားစုများ၏ဘ၀ များမှာ စူးရှနာကျင်ဖွယ် ဖြစ်ပေသည်။ ထို့ပြင် နိုင်ငံတွင်းရှိ ပြည်သူတို့၏ လုပ်ငန်းအများစုသည်လည်း ရပ်တန့်သွားခဲ့ပြီး မိသားစုများစွာ ဝင်ငွေ လျော့နည်းမှုနှင့် ရင်ဆိုင်ကြရလေ၏။ သည်လိုနှင့် လူထုစီးပွားရေး အကျပ်အတည်းသည် နိုင်ငံ၏ စီးပွားရေးအကျပ်အတည်းအဖြစ် ခက်ခဲ ရင်ဆိုင်ကြရသည်။

ဆင်းရဲနွမ်းပါးမှုကို ရင်ဆိုင်ကျော်လွှားနေရသည့် နိုင်ငံဖြစ်သည့် အတွက် စီးပွားရေးအခြေအနေ မြင့်မားလာရေး၊ အလုပ်အကိုင် အခွင့် အလမ်း များပြားတိုးပွားရေး၊ ဆင်းရဲ ချမ်းသာကွာဟမှု လျှော့ချနိုင်ရေး အစရှိသည်တို့ကို အထူးဂရုပြုစီမံနေရသည့် တိုင်းပြည်အနေဖြင့် ကိုဗစ် ရောဂါ ကူးစက်ပြန့်ပွားမှု ဖြစ်လာသည့်အခါ ထိုထိုသော ဆင်းရဲနွမ်းပါးမှု အစီအမံတို့ကို ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် အကောင် အထည်ဖော်ရန် ခက်ခဲခဲ့ရပြန်သည်။

မည်သို့ဖြစ်စေ၊ ကိုဗစ်ကို အတန်သင့် ထိန်းချုပ်နိုင်လာသည့်အခါ ကျန်းမာရေးပြဿနာနှင့်အတူ စီးပွားရေး ပြန်လည်ဦးမော့လာရန် အားစိုက်ပြင်ဆင်နေရသည်။ အမှန်မှာ ကိုဗစ်ရောဂါ၏ ထိုးနှက်မှု ပြင်းထန် နေသည့် ကာလအတွင်းမှာကတည်းက နိုင်ငံ၏ စီးပွားရေးနှင့် ပြည်သူတို့ အလုပ်အကိုင်အခွင့်အလမ်း တိုးပွားများပြားရေးကို ကြိုတင်ကြံဆ ပြင်ဆင်နေခဲ့ခြင်း ဖြစ်ပါသည်။

အနာဂတ် မြန်မာနိုင်ငံအတွက် ကိုဗစ်နှင့်အတူ သို့မဟုတ် ကိုဗစ် လွန်မြောက်ကာလ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုကို မည်သို့ပြန်လည် ထူထောင်မည်ဆိုသည်မှာ ယတိပြတ် အဖြေပေးနိုင်ရန် လွယ်ကူမည်တော့ မဟုတ်ပါ။ မည်သို့ပင်ဖြစ်စေ စီးပွားရေးနာလန်ထူမှုအတွက် အမြဲတမ်း မှန်ကန်နေမည့် အရေးပါသောလိုအပ်ချက်တစ်ခုမှာ လူ့စွမ်းအားရင်းမြစ်ဟု ဆိုရပါမည်။ ထို့ပြင် စီးပွားရေး အတွေးအခေါ်အယူအဆတွင် ရေရှည် တည်တံ့မည့် အမြော်အမြင်ကြီးသည့်၊ ကမ္ဘာကြီးအတွက် ရေရှည်အကျိုး ဖြစ်စေမည့်၊ မိမိ၏ တစ်ကိုယ်ရေ အကျိုးသက်သက်အမြင်မျှမဟုတ်ဘဲ လူမှုအဖွဲ့အစည်းအတွက်ပါ အကျိုးဖြစ်စေမည့်အမြင် စိတ်နေသဘော ထားတို့ကိုပါ ပြင်ဆင်မွေးမြူထားသည့် လူ့စွမ်းအားရင်းမြစ် ဖြစ်ရပါ တော့မည်။

အလုပ်လုပ်ရမည့် လုပ်ငန်းခွင်များတွင် သက်ဆိုင်ရာ အသိပညာရပ် များတွင်ဖြစ်စေ၊ အတတ်ပညာဆိုင်ရာတို့တွင်ဖြစ်စေ၊ လက်တွေ့ လုပ်ငန်းရပ် အသီးသီးတို့တွင် နားလည်တတ်ကျွမ်းသူများဖြစ်စေ စသူ တို့၏ အင်အားများစွာ လိုအပ်နေပါမည်။

ယင်းအတွက်ကြောင့် ထိုထိုသော လုပ်ငန်းရပ်တို့အတွက် လုပ်ငန်း နည်းပညာကျွမ်းကျင်သူများ မွေးထုတ်ရေး၊ သက်မွေးဝမ်းကျောင်းမှု ဆိုင်ရာ ပညာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားပေးနိုင်ရေးတို့မှာ ဦးစားပေးလုပ်ငန်းရပ်များ ဖြစ်ပါသည်။ ထို့ပြင် နိုင်ငံ့စီးပွားရေး အမှန်တကယ် တိုးတက်မြင့်မားလာရေးတွင် မိမိတစ်ဦးတည်း၏ အကျိုးစီးပွားသာမက အခြားသူတို့၏အရေးကို စိတ်ဝင်စားမှုနှင့် သူတစ်ပါး၏ အကျိုးစီးပွားကို စောင့်ရှောက်အကျိုးပြုလိုသည့် စိတ်နေ သဘောထားတို့ကို ကျင့်ကြံမွေးမြူကြခြင်းဖြင့်သာ မိမိတို့၏ ဘ၀များ သည်လည်း အများနှင့်အတူ တိုးတက်မြင့်မားလာမည်ဟု ရှုမြင်ယုံကြည် ပါကြောင်း။ ။