
“ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံ” ဟူသည့် ဆိုရိုးစကားသည် ကျွန်တော်တို့ ဘိုးဘွားများ လက်ထက်က အမှန်တကယ်ဖြစ်ခဲ့သည်ကို ဂုဏ်ပြု တင်စား ဆိုထားခြင်းဖြစ်ပါသည်။ ရာသီဥတုမှန်၊ သီးနှံလည်းအထွက်ကောင်းသဖြင့် အညာတစ်ခွင် တွင် ရာဝင်ဆီအိုးကြီးများ အစီအရီရှိကြသည်ကို ညွှန်းဆိုထားဟန်တူပါသည်။ နွေအခါ ရေကျသွား သည့် ချောင်းရိုးတစ်လျှောက်နှင့် ကုန်းစပ်စပ်မြေ တွင် တောင်သူဦးကြီးတို့ မြန်မာ့ဆေးရွက်ကြီးများ စိုက်ကြသည်။ ကျေးရွာအုပ်စုတစ်ခုတွင်ပင် ဧက ၁၀၀ ထက်မက စိုက်ကြသည်။ ဒေသ၏ ဆေး တစ်ဧက အထွက်နှုန်းမှာ ပိဿာ ၁၀၀ ခန့်ဖြစ်သည်။
ရှေးအခါက ဗမာများသည် ဖက်ဆေးလိပ်ကို သောက်ကြသည်။ ဆေးရွက်ကြီး တစ်ခေတ်ဖြစ် သည်။ ဆေးအချိန် ၁၀၀ ပေါက်ဈေးမှာ ထိုစဉ်ကာလ က ရွှေတစ်ကျပ်သားခန့် တန်ဖိုးနှင့် ညီမျှသည်။ ထို့အပြင် ဆေးခင်းအတွင်း ဆေးရွက်တွေ အလီလီ ခူးပြီး ကျန်ရစ်သည့် ဆေးရိုးများမှာလည်း တန်ဖိုး မသေးလှပေ။ ဆေးအချိန် ၁၀၀ ထွက်တိုင်း ဆေးရိုး ၅၅ ပိဿာ ရနိုင်သည်။ ဆေးရိုးပေါက်ဈေးမှာ ဆေးအချိန် ၁၀၀ လျှင် ထိုကာလပေါက်ဈေး ရွှေတစ်မတ်သားခန့် တန်ဖိုးနှင့် ညီမျှသည်။ ထို့ကြောင့် ဆီ၊ ဆေးရွက်၊ စပါးတို့ အလျှံပယ် ပေါကြွယ်ဝပုံကို ညွှန်းဆိုခဲ့သည်။ ယခုချိန်မှာမူ ဆီကိုလည်း ရေမချိုးနိုင်၊ ဆေးရိုးကိုလည်း မီးမရှို့ နိုင်၊ စပါးအထွက်လည်း လျော့လာ၍ ဆန်ဈေးမှာ မြင့်လာသည်။
တစ်ချိန်တစ်ခါက
ဆီထွက်သီးနှံဖြစ်သည့် မြေပဲနှင့် နှမ်းကို အဓိကစိုက်ပျိုးသောကြောင့် မကွေးတိုင်းဒေသကြီး ကို “မြန်မာနိုင်ငံ၏ ဆီအိုးကြီး”ဟု တင်စားခေါ်ဝေါ် လေ့ရှိကြသည်။ ထိုတင်စားခေါ်ဝေါ်မှုကို လှစ်ဟ ကြည့်သော် မြေပဲနှင့် နှမ်းသာမက ကြက်သွန်၊ အာလူးပါ စိုက်လေ့ရှိသော အညာတောင်သူများ သည် နိုင်ငံ့ဆီအိုးကြီးကို ဖြည့်ခတ်ပေးခဲ့ကြသူများ မှန်ပါသည်။ ထိုစဉ်ကာလ ရေမြေ၊ ဥတု၊ သဘာဝနှင့် နိုင်ငံ့လူဦးရေမှာ လျော်ကန်သင့်မြတ်ခဲ့ပါသည်။ တစ်ချိန်က အညာဒေသတွင် စီမံကိန်းဝင်သီးနှံဖြစ် သော ချည်မျှင်ရှည်ဝါကို ပထမဦးစားပေးစိုက်ကြ သည်။ နောက်မှ တောင်သူစိတ်ကြိုက် သီးနှံကို သီးထပ်အဖြစ် စိုက်သည်။ သီးထပ်သီးနှံကား မြေပဲ ဖြစ်၏။ မြေပိုင်ယာပိုင်မရှိသော တောင်သူမှာ အနည်းဆုံး မြေတစ်ဧကလောက်တော့ ပိုင်သည်။ ထိုမြေတစ်ဧကတွင် ဝါပြီး မြေပဲ၊ မြေပဲပြီး အခြား သင့်ရာတစ်ခုခုစိုက်နှင့် သံသရာလည်သည်။ မြန်မာ နိုင်ငံရှိ ကျေးလက်နေပြည်သူများ၏ စီးပွားရေးဘဝ မှာ စိုက်ပျိုးရေးပင်ဖြစ်သည်။
အညာတောင်သူတို့စိုက်သော မြေပဲမှာ ပင်ထောင်မြေပဲဖြစ်၏။ အဆန်ပန်းရောင်မှာ အကောင်းဆုံးဖြစ်သည်။ တစ်ဧကအတွက် မျိုးမြေပဲ ရှစ်တင်း ဝယ်ရသည်။ လုံမပျို ရှစ်ယောက်အား နေ့တွက်စရိတ်ပေး၍ မြေပဲခွံချွတ်ရသည်။ မျိုးမြေပဲ ရှစ်တင်းတွင် မျိုးချရန် နှစ်တင်းသာရသည်။ ဤအချိန်တွင် စိုက်ပျိုးရန် မြေပြင်ရသည်။ မြေအစိုဓာတ်လေးရှိနေစဉ် ထယ်ထိုးပေးရသည်။ ထယ်စာခဲများကို ဒလိမ့်တုံးဖြင့် နာနာချေရသည်။ စိုက်ခင်းတွင် အမှိုက်သရိုက် ကင်းအောင်လည်း ဂရုစိုက်ရသည်။ ထို့နောက် မြေအစို အခြောက်ကို ကြည့်၍ စိုက်သမ သုံးဦးဖြင့် အကွာအဝေး တစ်တောင်ခန့်ခြားကာ တန်းစီစိုက်ရသည်။ ကြားလိုက်၊ ပေါင်းလိုက်၊ မြေဆွ၊ ပေါင်ဖော် စသည့် အလုပ်များကိုလည်း လိုအပ်သလိုပြုပြင်ရသည်။
သီးထပ်သီးညှပ်စိုက်
စိုက်ရက် သုံးပတ်ကျော်သောအခါ မြေပဲပန်း များ ဝေဝေဆာဆာပွင့်သည်။ မကြာမီ မြေပဲသီး တော့မည်။ ဆွယ်လေးတွေလည်း ထွက်ကြတော့ မည်။ ထိုအခါ တောင်သူအဖို့ စိတ်ချသွားပြီး အခြား ဥယျာဉ်သီးနှံဘက် ဦးလှည့်ရပြန်သည်။ ယခင်က မြေပဲသိမ်းချိန်တွင် တင်း ၄၀ ရသည်။ တင်း ၄၀ ရသော်လည်း ပဲသိမ်းခစရိတ်မှာ မသေးလှပါ။ သို့သော် မြေပဲဈေးကောင်းလျှင် တွက်ခြေကိုက် သည်။ မြေပဲတစ်ဧက အထွက်ရငွေတွင် ကုန်ကျ စရိတ်မှာ တစ်ဝက်ရှိသည်။ မြေပဲဈေးမကောင်း၊ ရာသီဥတုဖောက်လျှင် အရှုံးပေါ်တော့သည်။ ထို့ကြောင့် သီးထပ်သီးညှပ် အပိုစိုက်ကြသည်။ ဝါအပြီး ကြက်သွန်ဖြူစိုက်ကြသည်။ အညာတွင် ချည်မျှင်ရှည်ဝါ တစ်ဧက ပိဿာ ၇၀၀ ထွက်လျှင် မော်ကြွားနိုင်တော့သည်။ ဝါပိဿာ ၇၀၀ ထွက်အောင် လည်း နွားအရှဉ်းများစွာဖြင့် ထွန်ယက်ရသဖြင့် ကုန်ကျစရိတ်များသည်။ ယခုအခါ ထွန်စက်ဖြင့် ထွန်ယက်ရ၍ ကုန်ကျစရိတ်နည်းသွားသည်။
နွေလကုန်၍ မိုးဦးကျသည်နှင့် နွေအခါက ပြုပြင်ထားသော ထယ်ရေးပေါ်တွင် သီးနှံပက်ကြဲ နိုင်ရန် မိုးထယ်ရေးကို ထပ်မံပြင်ဆင်ကြရသည်။ ရာသီပေါ်ချိန်တွင် ပဲစျေး၊ နှမ်းစျေး အေးလေ့ရှိပြီး မိုးဦးကျ၍ စိုက်ပျိုးချိန်ရောက်သည်နှင့် မျိုးစေ့ မျိုးဆန်ဖိုး ကြီးမြင့်တတ်သည်။ ဆီထွက်သီးနှံ စိုက်ရေးတွင် မျိုးပဲဆန်ကို ဦးစွာရင်းနှီးရသည်။ ခေတ်ကာလ ပြောင်းလဲလာသည်နှင့် မျိုးပဲဆန်ဈေး မှာ တရိပ်ရိပ်တက်လာသည်။ ယခုမိုးဦးကျအချိန်က မျိုးပဲဆန် တစ်တင်းလျှင် ငွေကျပ် ၃၀၀၀၀ ကျော် စျေးရှိခဲ့ပြီး ပဲပေါ်ချိန်တွင် မြေပဲအတောင့် တစ်တင်း လျှင် ငွေကျပ် ၇၀၀၀ ဝန်းကျင်သာ စျေးရှိ၍ တွက်ခြေ မကိုက်လှပေ။ မြေပဲတောင့် တစ်တင်းလျှင် အဆန် သုံးပြည်ခွဲခန့်သာ ထွက်လေ့ရှိသဖြင့် ရှေးကလို တင်း ၄၀ ထွက်အောင် ကြိုးစားရတော့သည်။ ဘယ်အချိန် ရွာမည်မှန်းမသိ၊ ဘယ်အချိန်ခွာမည်မှန်း မသိသည့် မိုးကိုမျှော်၍ စိုက်ကြရသော အညာ တောင်သူတို့ဘဝမှာ ဥတုရာသီ၏ စီရင်ချက်ချခြင်း ကို ခံစားနေရသည်။
ယနေ့ဆီထွက်သီးနှံ
မြေပဲနှင့် နှမ်းမှာ မိုးတွင်းတွင်သာ စိုက်ပျိုးရလေ့ ရှိသော်လည်း မိုးများသည်ကို မကြိုက်သဖြင့် အညာ ဒေသနှင့် သင့်လျော်ပါသည်။ နှမ်းများမှာ အပင် ပေါက်စအရွယ်တွင် မိုးများလျှင် အပင်နာတတ်သည့် အလေ့ရှိပြီး အပင်ဖြစ်၍ အပွင့်မြိုင်ချိန်တွင် မိုးများ လျှင်လည်း သီးလုံးမထည့်နိုင်ဘဲ ပိုကုန်တတ်ပြန် သည်။ ယခုနှစ်တွင် မိုးများသောကြောင့် နှမ်းထွက် နှုန်း လျော့ကျခဲ့သည်။ သို့သော် မိုးဦးမကျမီက ကြိုကြဲလေ့ရှိသော မကွေးတိုင်းဒေသကြီး တစ်ခွင်တွင် တစ်ဧက နှမ်းတင်း ၃၀ ခန့်အထိ ထွက်အားကောင်းခဲ့ သည်။ မိုးဦးနှမ်းထွက်နှုန်း လျော့စေခဲ့သော မိုးများ မှုက ပင်ပြန့်မြေပဲများ အလားအလာကောင်းမည်ဟု မျှော်လင့်သော်လည်း မိုးနှောင်းကာလတွင် ဖြစ်ပေါ် လေ့ရှိသည့် မုန်တိုင်းမိုးများကြောင့် ဥမဆင်းနိုင် သည့် အဖြစ်မျိုးနှင့်လည်းကြုံတတ်သည်။ မိုးဦးကျ သည်နှင့် ကြဲခဲ့သော မြေပဲခင်းများ ဥဆင်းချိန် မိုးများ သော်လည်း ထွက်နှုန်းသင့်သည်။ နောက်ကျ၍ကြဲခဲ့ ရသော မြေပဲခင်းများမှာ ထွက်နှုန်းလျော့သည်။ နှစ်စဉ် ပုံမှန်ထွက်နှုန်းမှာ မျိုးမြေပဲဆန် တစ်တင်းကြဲလျှင် အတောင့်တင်း ၃၀ ဝန်းကျင်ရှိသော်လည်း ရာသီဥတု မမျှော်မှန်းနိုင်မှုကြောင့် အထွက်လျော့ကျခဲ့သည်။
တောင်သူများအတွက် စိုက်ရေးပျိုးရေးမှာ မြေရှိရုံနှင့်မပြီးပေ။ ရာသီဥတုလည်း ကြည့်ရ၊ ရင်းနှီးမြှုပ်နှံမှုလည်းပြုရသည်။ သဘာဝမြေသြဇာ နှင့် ဓာတ်မြေသြဇာဖိုး၊ လုပ်သားခ၊ မျိုးဆန်ဖိုး အပါ အဝင် မြေပဲဆန် တစ်တင်းကြဲရန်အတွက် အရင်း အနှီး ငွေကျပ် တစ်သိန်းအထက်ရှိသည်။ မျိုးမြေပဲဆန် တစ်တင်းကြဲမှ မြေပဲတောင့် တစ်တင်း ငွေကျပ် ၇၀၀၀ ကျော် ဈေးသာရလျှင် ရှေးကကဲ့သို့ တင်း ၄၀ ရအောင် ဝိုင်းဝန်းကြံစည် ကူညီဆောင်ရွက်ပေး ကြရပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဆီအရေး သည် တိုင်းပြည်အရေးဖြစ်နေသည်။ လက်ငင်း ဆီစားသုံးမှု မြင့်တက်လာမှုကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများမှာ ပြည်သူများ မသိမသာနှင့် သိသိ သာသာ ခံစားနေကြရသည်။ ပြည်တွင်းဆီ အထွက် လျော့၍ ပြည်ပဆီတင်သွင်းနေရသောကြောင့် ငွေကုန်ကြေးကျများလှပြီ။ ဆီထွက်သီးနှံလည်း တိုးစိုက်၊ ဆီစားသုံးမှုကိုလည်းလျှော့ချမှ တန်ကာ ကျပေလိမ့်မည်။
ပြည်ပဆီအားကိုး
ဆီကို ရေချိုးနိုင်ဖို့ အိပ်မက်ကြီးတစ်ခု ၁၉၉၉ ခုနှစ်ခန့်က မက်ခဲ့ဖူးသည်။ တနင်္သာရီတိုင်းဒေသကြီး သည် ဆီအုန်းစိုက်ပျိုးမှု အထူးကောင်းမွန်၍ မြန်မာ နိုင်ငံ၏ ဆီအိုးကြီးဖြစ်ရမည်ဟု ဆိုခဲ့ကြသည်။ ယခင်သမ္မတကြီး ဦးသိန်းစိန်လက်ထက် တနင်္သာရီ တိုင်းဒေသကြီးလွှတ်တော် သတင်းလွှာအမှတ်စဉ်(၈) ၌ ၂၀၁၁-၂၀၁၂ ခု ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာနှစ်အထိ တိုင်းဒေသကြီး၏ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေတင်ပြချက်တွင် ၂၀၁၄-၂၀၁၅ ခုနှစ် တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်း ကုမ္ပဏီများ၏ မြေရယူထားရှိမှုနှင့် စိုက်ပျိုးထားမှု အခြေအနေများကို သိရသည်။ ဆီအုန်းအိပ်မက် သည် ၂၀၀၀ ပြည့်နှစ်လောက်တွင် စတင်လာခဲ့သည်။ ဆီအုန်းစိုက်ခင်းကြီးများတွင် အလုပ်လုပ်လိုသူများ အား ခရီးစရိတ် အခမဲ့ပို့ဆောင်ပေးကြောင်း၊ နေစရာ အိမ်၊ ဆေးရုံ၊ ကျောင်း၊ ဈေးများပါ စီစဉ်ထားကြောင်း၊ ထိုခေတ်ကာလ လုပ်အားခ တစ်ရက် ငွေကျပ် ၁၀၀၀ ရကြောင်း ကြားသိခဲ့ရဖူးသည်။ သို့သော် ဆီအိုးကြီးအိပ်မက်မှာ လက်တွေ့ ဖြစ်မလာဘဲ တနင်္သာရီဒေသနေအိမ်များ၏ မီးဖိုချောင်တို့တွင် ထိုင်းနိုင်ငံထုတ် ဆီဘူးများသာ မင်းမူနေတော့သည်။
မြန်မာနိုင်ငံသည် တစ်ချိန်က အရှေ့တောင် အာရှ၏ ဆီအိုးကြီး၊ အာရှ၏ ဆန်အိုးကြီးအဖြစ် အသိအမှတ်ပြု တင်စားခေါ်ဝေါ်ခဲ့ကြသည်မှာ အမှန် ပင်ဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် မြန်မာ့ စိုက်ပျိုးရေးလုပ်ငန်း နည်းပညာခေတ်နောက်ကျမှု၊ ရာသီဥတုပြောင်းလဲမှုများနှင့်အတူ ဆီထုတ်လုပ်မှု ကျဆင်းလာပြီး နိုင်ငံသားများသုံးစွဲမှုမြင့်မားလာ သောကြောင့် စားသုံးဆီကို ပြည်ပမှ တင်သွင်းလာရ သည်။ ပြည်ပမှ မှာယူတင်သွင်းရာတွင် ဈေးကွက်၌ ဈေးနှုန်းသက်သာသည့်စားအုန်းဆီကို အမြောက် အမြား တင်သွင်းသောကြောင့် စားသုံးသူများ ကျန်းမာရေးကို ထိခိုက်လာသည့်အပြင် ပြည်တွင်း စားသုံးဆီထုတ်လုပ်သူများ ဈေးကွက်ဝေစု နည်းပါး လာသည်။ စီးပွားရေးအရ ယှဉ်ပြိုင်နိုင်စွမ်း အားနည်း လာမှုတို့ကြောင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်လာရ သည်ဟု စီးပွားရေးပညာရှင်များက သုံးသပ်ကြသည်။
ဆီစားသုံးမှုပိုများ
၂၀၁၈ ခုနှစ်က မြန်မာနိုင်ငံ၏ ဆီစားသုံးမှုနှုန်း မှာ နှစ်စဉ် တန်ချိန် ၁ ဒသမ ၁ သန်း ခန့်ရှိသည်။ ပြည်ပမှ စားသုံးဆီတန်ချိန် ၇၀၀၀၀ ခန့် လစဉ် တင်သွင်းနေရသည်ဟု
မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းဥက္ကဋ္ဌက ပြောကြားခဲ့သည်။ ထို့ကြောင့် ပြည်ပမှ စားသုံးဆီ တန်ချိန် ၈၄၀၀၀၀ ခန့် နှစ်စဉ် တင်သွင်းနေရသည့် သဘောဖြစ်သည်။ ထိုကာလက ဈေးကွက်တွင် စားအုန်းဆီ တစ်ပိဿာ ငွေကျပ် ၁၆၅၀ ရှိသဖြင့် နှစ်စဉ် သန်းပေါင်း မြောက်မြားစွာ ငွေယိုပေါက် ဖြစ်နေသည်။ “မြန်မာနိုင်ငံမှာ စားသုံးဆီ စားသုံးမှု အနေနဲ့ တစ်နှစ်လုံးဆို တန်ချိန် တစ်သန်းလောက် စားတယ်။ တန်တစ်သန်းမှာ ၈၀ ရာခိုင်နှုန်း တန်ချိန် ရှစ်သိန်းက စားအုန်းဆီ၊ ကျန်တဲ့ နှစ်သိန်းက ပြည်တွင်းထုတ် မြေပဲဆီနဲ့ ပြည်ပက တင်သွင်းတဲ့ နေကြာဆီ၊ ပဲပုပ်ဆီ စားတယ်။ လူတစ်ယောက်ဟာ တစ်နှစ်ကို ၁၂ ကီလိုလောက် စားတယ်။ ခြောက် ပိဿာ၊ ခုနစ်ပိဿာလောက် စားတယ်။ တစ်လကို လူတစ်ယောက် ၆၀ ကျပ်သား သို့မဟုတ် ၇၅ ကျပ်သားလောက် စားသုံးမှုရှိနေပါတယ်”ဟု မြေပဲဆီထုတ်လုပ်သူ လုပ်ငန်းရှင်တစ်ဦး၏ ပြောပြမှုကို မှတ်သားရသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ လူဦးရေ ၇၅ ရာခိုင် နှုန်းကျော်သည် စားအုန်းဆီ သို့မဟုတ် စားအုန်းဆီ ရောသည့် ဆီစားသုံးမှုရှိနေသည်။ ပြည့်ဝဆီ၏ သဘောမှာ ခန္ဓာကိုယ်ထဲ၌ အနည်ကျမည်၊ မပျော် လွယ်။ သွေးကြောထဲ၌ အနည်ကျမည်၊ သွေးကြော ကို ကျဉ်းမြောင်းစေသည်။ အသည်းမှ အဆီကို ဖျက်ရသည့် တာဝန်ရှိသည်။ ပဲဆီ၊ နှမ်းဆီ၊ နေကြာ ဆီတို့ကို အသည်းက ချေဖျက်နိုင်သော်လည်း စားအုန်းဆီကို လွယ်ကူစွာ မချေဖျက်နိုင်ပေ။ ထို့ကြောင့် အသည်းတွင် အဆီဖုံးခြင်း၊ သွေးကြော နံရံများ၌ အဆီကပ်ပြီး သွေးကြောကျဉ်းစေသည်။ ယင်းသည် ပြည့်ဝဆီ၏ သဘာဝဖြစ်သည်။ အရည် အသွေးမမီသည့် မြေပဲဆီတွင် မှိုရှိတတ်သည်။ အရည်အသွေးမီသည့် မြေပဲဆီသည် အနံ့အရသာ ကောင်းပြီး ပါအောက်ဆိုက်ဓာတ်၊ အက်စစ်ဓာတ် နိမ့်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည်။ ထို့ကြောင့် ဆီကြိုက်တတ်သော ကျွန်တော်တို့ပြည်သူများ အနေဖြင့် ဆီနှင့်ပတ်သက်၍ သတိပြုသင့်သည်။
အမျိုးသားအကျိုးစီးပွား
စားသုံးဆီဈေးကွက်ကို နိုင်ငံတော်မှ ခိုင်ခိုင် မာမာ အကာအကွယ်ပေးနိုင်လျှင် ပြည်တွင်း ဆီ လုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးလာနိုင်သည်။ ဆီထွက် သီးနှံ စိုက်ပျိုးရေးတွင် မျိုးထုတ်ပေးခြင်း၊ စိုက်ပျိုး စရိတ်ထုတ်ပေးခြင်း၊ သီးနှံပေါ်ချိန် ပြန်ဝယ်ပေးခြင်း စသည်တို့ကို နိုင်ငံတော်နှင့်အတူ လုပ်ငန်းရှင်များက ပံ့ပိုးကူညီနိုင်ကြသလို ဝိုင်းဝန်းဆောင်ရွက်ကြပါက ဆီအိုးကြီးဖြစ်လာနိုင်သည်။ ထိုသို့ဆောင်ရွက်နိုင်ပါ က စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးလာနိုင်ပြီး ဆီစက်လုပ်ငန်း များ ဖွံ့ဖြိုးလာပြီး အလုပ်အကိုင်များ တိုးပွားမည်။ ကျန်းမာရေးနှင့် ညီညွတ်သည့် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီများ ထုတ်လုပ်လာနိုင်မည်။ ဆီစက်များ ဖွံ့ဖြိုးလာလျှင် ဘေးထွက်ပစ္စည်းများလည်း ထွက်လာမည်။ မြေပဲဖတ်၊ နှမ်းဖတ်များသည် သားငါး မွေးမြူရေး အစားအစာအတွက် ပံ့ပိုးနိုင်မည်ဖြစ်၍ သားငါးဈေးနှုန်းလည်း တည်ငြိမ်ကျဆင်းလာနိုင် သည်။ ထို့အပြင် စိုက်ပျိုးရေး၊ ဆီစက်နှင့် မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးလာသဖြင့် အလုပ်အကိုင် အခွင့် အလမ်းများ ပေါများလာမည်ဖြစ်ရာ ပြည်သူတို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည်ဖြစ်သည်။
ကမ္ဘာတွင် အကောင်းဆုံး စားသုံးဆီငါးမျိုး တွင် မြန်မာနိုင်ငံမှ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ သုံးမျိုးပါဝင်ပြီး ယင်းတို့ကို ထုတ်လုပ်နိုင်သည့် အနေအထားရှိသည်ဟု ဆီလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ ၎င်းဆီ သုံးမျိုးကို ပြည်တွင်း၌ စိုက်ပျိုး ထုတ်လုပ်ကြပြီး ပိုလျှံသည်များကို ပြည်ပသို့ တင်ပို့ ရောင်းချခြင်းဖြင့် နိုင်ငံခြားဝင်ငွေ ရှာဖွေနိုင်သည်။ ထိုအခြေအနေ အိပ်မက်သာဖြစ်ရခြင်းသည် ဈေးသက်သာသော စားအုန်းဆီတင်သွင်းမှုကြောင့် ဟု သုံးသပ်ကြသည်။ လယ်ယာကဏ္ဍ၌ ဆီထွက် သီးနှံဖွံ့ဖြိုးမှု ဆုံးရှုံးခဲ့သည်။ ဆီစက်လုပ်ငန်းများ ရပ်ဆိုင်းသွားသည်။ စားသုံးသူပြည်သူများ ဈေး သက်သာသော ပြည့်ဝဆီများ စားသုံးသည့်အတွက် ကျန်းမာရေး ထိခိုက်ကြသည်။ ဆီစက်များ မလည်ပတ်နိုင်သည့်အတွက် တိရစ္ဆာန် အစားအစာ မထုတ်လုပ်နိုင်သဖြင့် အသားငါးဈေးနှုန်းကြီးမြင့် ခြင်းကို ဖြစ်စေသည်။ နိုင်ငံခြားငွေ ကုန်ကျမှုများ များနေသည်။ အလုပ်အကိုင်များ ဆုံးရှုံးစေသည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် စားသုံးဆီဖူလုံစေ ရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးရေးသည် အဓိက အချက်ဖြစ်သည်။ ဆီထွက်သီးနှံစိုက်ပျိုးရေးသည် အမျိုးသားအကျိုးစီးပွားကို ကာကွယ်ပေးခြင်းဖြစ် သည်။ တိုင်းပြည်အကျိုးစီးပွားကို ဖော်ဆောင်ခြင်း ဖြစ်သည်။ ယင်းကို စကြဖို့အတွက် နိုင်ငံတော်အကြီး အကဲက လမ်းညွှန်ခဲ့ပြီးဖြစ်သည်။ ခိုင်မာသည့် စားသုံးဆီမူဝါဒကောင်းကို အမြန်ဆုံး အကောင် အထည်ဖော်ရေးအတွက် ဆီထွက်သီးနှံ များများ စိုက်ရေး ဝိုင်းဝန်းကူညီပေးကာ ဆီစားသုံးမှုကို လျှော့ချပေးခြင်းဖြင့် နိုင်ငံတော်နှင့် ပြည်သူအကျိုး စီးပွားတိုးပွားလာမည် ဖြစ်ပါကြောင်း။ ။
ကိုရင်မောင်
- Log in to post comments