တက္ကသိုလ်နှစ်လည် မဂ္ဂဇင်းကဏ္ဍ

Type
1


 

အောင်နိုင်(တက္ကသိုလ်)

 

ဆရာကြီး ဆရာမကြီးတို့၏ အသိပညာနှင့် အဘိဓမ္မာတို့ ကိန်းဝပ်ရာဘဏ္ဍာတိုက်၊ အဋ္ဌာရသ ပညာမိုးတို့ သွန်းဖြိုးရာ ပဒေသာကျွန်း၊ တစ်နှစ်တာဖြစ်ရပ်တို့၏ သိုမှီးရာသမိုင်းသိုက်၊ အချစ်ပန်းတို့ လှိုင်လှိုင်ပွင့်ရာ ဥယျာဉ်၊ စာပေ ဖန်တီးရှင်လုလင်လုံမတို့ ကလောင်သွေးရာပျိုးခင်း၊ အထက်ပါအကြောင်းအရာတို့ ဆုံစည်းသိုမှီးရာသည် တက္ကသိုလ် နှစ်လည် မဂ္ဂဇင်းပါတည်း။ တက္ကသိုလ်နှင့် နှစ်လည်မဂ္ဂဇင်းတို့သည် ဆိုးတူကောင်းဖက် ခရီးဆက်ခဲ့ကြသည်။ ခရီးဆက်နေဆဲဖြစ်ကြသည်။ ခရီးဆက်ကြပေဦးမည်။
ရန်ကုန်တက္ကသိုလ်သည် ခရစ်နှစ် ၁၉၂၀ ပြည့်နှစ်တွင် ပေါ်ထွန်းလာခဲ့သည်။ တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းကတော့ ဘယ်ခုနှစ်တွင် မွေးဖွားလာခဲ့သနည်း။ လက်လှမ်းမီသမျှ လေ့လာကြည့်ဖြစ်ပါသည်။ ဤသို့ လေ့လာသောအခါ အဆိုပါ စာစောင်သည် အမည်အမျိုးမျိုးပြောင်းခဲ့သည်ကိုတွေ့ရသည်။ နှစ်လည်မဂ္ဂဇင်းနှင့် အချင်းချင်းတည်မီရာ လည်းဖြစ်၊ သွေးသားလည်းတော်စပ်သည့် စာစောင် သုံးစောင်ရှိသည်။ ထိုစာစောင်တို့မှာ -
အိုးဝေဂျာနယ်(မဂ္ဂဇင်း)၊
တက္ကသိုလ်ကျောင်းတိုက်မဂ္ဂဇင်း၊
ဂန္ထလောကမဂ္ဂဇင်း တို့ဖြစ်ကြသည်။
ဂန္ထလောကမဂ္ဂဇင်းမူကား တက္ကသိုလ်ကောလိပ်၊ တက္ကသိုလ်ကျောင်းတိုက်တို့နှင့် ဆက်နွှယ်မှုရှိခဲ့သော် လည်း တက္ကသိုလ်ပြင်ပက စာစောင်သာဖြစ်သည်။ တက္ကသိုလ်ကျောင်းသားတို့ ပူးပေါင်းရေးသားကြသော ကြောင့်သာ ဆက်နွှယ်ခြင်းဖြစ်သည်။ အိုးဝေဂျာနယ်နှင့် တက္ကသိုလ်ကျောင်းတိုက် မဂ္ဂဇင်းတို့ကမူ တက္ကသိုလ်၏ သွေးရင်း၊ သားရင်းတို့ပါတည်း။
လွတ်လပ်ရေးမရမီကာလက ထုတ်ဝေသော တက္ကသိုလ်စာစောင်ကို ကျောင်းတိုက်မဂ္ဂဇင်းဟု မဂ္ဂဇင်း (Magazine) အင်္ဂလိပ်အသံထွက်ကို ယူသုံးထားသော် လည်း လွတ်လပ်ရေးရပြီးနောက်တွင်မူ တက္ကသိုလ်နှစ်ပတ် လည်စာစောင်ဟု မြန်မာစကားကို ပြောင်းသုံးခဲ့ကြသည်။ သို့ရာတွင် စာစောင်ဟူသောအမည်သည် ယေဘုယျဆန် လွန်းသဖြင့် ရောထွေးနိုင်သောကြောင့် တွင်နေပြီဖြစ်သည့် မဂ္ဂဇင်းအမည်ကိုပင် ပြန်သုံးထားဟန်တူပါသည်။
မင်းသုဝဏ်ဋီကာစာအုပ်တွင် “၁၉၂၉ ခု ဒီဇင်ဘာလ ထုတ် တက္ကသိုလ်ကျောင်းတိုက် နှစ်ပတ်လည်မဂ္ဂဇင်း အတွဲ ၂၀၊ အမှတ် ၁ တွင် ဆရာကြီး မင်းသုဝဏ်၏ ကဗျာ ငါးပုဒ် စတင်ဖော်ပြသည်”ဟု မောင်ခင်မင် (ဓနုဖြူ)က ရေးထားသည်။ ပုံမှန်ထုတ်ဝေသည့် ဂျာနယ်၊ မဂ္ဂဇင်းတို့ တွင် အတွဲ၊ အမှတ်ဟူသည့် ကိန်းဂဏန်းတို့ရေးထိုးထား လေ့ရှိရာ အတွဲသည် ခုနှစ်၊ အမှတ်သည်ရက် တစ်ပတ် သို့မဟုတ် လ(month)ကို သတ်မှတ်ခြင်းဖြစ်မည်။
အထက်ဖော်ပြပါ ၁၉၂၉ ဒီဇင်ဘာလထုတ်...အတွဲ ၂၀၊ အမှတ် ၁ သည် ကျောင်းတိုက်မဂ္ဂဇင်း၏ စတင်ရာ ကာလကို ဖော်ပြနိုင်သည်ဟု ယူဆပါသည်။ ထိုမဂ္ဂဇင်း ထုတ်ဝေခဲ့သည်မှာ အနှစ် ၂၀ ကြာခဲ့ပြီဟုဆိုရာရောက်ပါ သည်။ ထို့ကြောင့် ကျောင်းတိုက်မဂ္ဂဇင်းထုတ်ခဲ့သည့် ခုနှစ်သည် (၁၉၂၉ -၂၀)= ၁၉၀၉ ခုနှစ်ဟု ယူရလိမ့်မည်။
အိုးဝေမဂ္ဂဇင်းနှင့်ပတ်သက်၍မူ မောင်အောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း)အယ်ဒီတာအဖြစ်ဖြင့် ထုတ်ဝေခဲ့ သည့်အတွဲ ၅၊ အမှတ် ၁ မဂ္ဂဇင်းကို ၁၉၃၆ ဟု ရေးထိုးထား ရာ ထိုမဂ္ဂဇင်းစတင်ထုတ်ဝေခဲ့သည်မှာ ငါးနှစ်ကြာပြီဟု ယူရန်ရှိသည်။ ထို့ကြောင့် ထိုမဂ္ဂဇင်း(Oway or Voice of the Peacock) စတင်ထုတ်ဝေသည့် ခုနှစ်မှာ ၁၉၃၁ ခုနှစ် ဟု ယူရန်ရှိသည်။ ဤကြံဆတွက်ချက်မှုသာ မှန်ခဲ့လျှင် တက္ကသိုလ်ကျောင်းတိုက်မဂ္ဂဇင်းက အိုးဝေမဂ္ဂဇင်းထက် စောသည်ဟု မှတ်ယူရပေမည်။
(မောင်အောင်ဆန်း အယ်ဒီတာအဖြစ် တာဝန်ယူ ထုတ်ဝေသည့် ၁၉၃၆ ခုနှစ်၊ အတွဲ ၅၊ အမှတ် ၁ မဂ္ဂဇင်း သည် “ငရဲခွေးကြီး လွတ်လာပြီ” ဆောင်းပါးပါသော မဂ္ဂဇင်းဖြစ်ပါသည်။)
နောက်ထုတ်ဝေသည့် မဂ္ဂဇင်းများတွင်လည်း ထုတ်ဝေသည့်စာသင်နှစ်၊ မဂ္ဂဇင်းအတွဲနှင့် အမှတ်များ ဖော်ပြကြသည်။ ထိုဖော်ပြပါ ခုနှစ်၊ အတွဲ၊ အမှတ်တို့ကို တိုက်ဆိုင်ညှိနှိုင်းကြည့်ရာတွင် အစီအစဉ်မကျ။ ကိန်း ဂဏန်းများကွာဟနေသည်များ တွေ့ရသည်။ ထိုသို့ဖြစ် ရသည်မှာ အခြေအနေမပေးသဖြင့် မထုတ်လုပ်ရဘဲ နှစ် ကျော်သွားသောကြောင့်လည်းဖြစ်နိုင်သည်။ စာသင်နှစ် နှစ်နှစ် သုံးနှစ်ပေါင်း၍ ထုတ်ရသောကြောင့်လည်းဖြစ်နိုင် သည်။ ယနေ့ခေတ်တိုင်အောင်လည်း အခြေအနေ မပေး သဖြင့် နှစ်ကျော်သွားသည်လည်းရှိပါသည်။ သို့သော် ထွက် ရှိလာသည့် မဂ္ဂဇင်းများကမူ ယခင့်ယခင် နှစ်များက မဂ္ဂဇင်းများထက် အဘက်ဘက်က တိုးတက်လာလျက်ရှိ နေပါသည်။
ယခုဆက်လက်၍ မဂ္ဂဇင်းဖြစ်မြောက်ရန်နှင့် အရည် အသွေးမြင့်စေရန် လက်တွဲကူပံ့ပေးသည့် အသင်းအဖွဲ့များ အကြောင်းကို ဖော်ပြပါမည်။ မဂ္ဂဇင်းအတွက် အဓိက အင်အားမှာ ကျောင်းသား ကျောင်းသူများသာဖြစ်သည်။ အဓိက စာမူရှင်တွေဖြစ်ကြသည်။ တန်ဖိုးရှိ ဆောင်းပါး များကိုမူ ဆရာ ဆရာကြီးတို့က ရေးသားကြသည်။ မှတ်တမ်းများကို ရုံးအဖွဲ့များကလည်း ရေးသားကြသည်။ ထူးထူးခြားခြား ပံ့ပိုးပေးသော အသင်းအဖွဲ့မှာ တက္ကသိုလ် ပန်းချီအသင်းပါတည်း။
မဂ္ဂဇင်းထုတ်လုပ်ရေးလုပ်ငန်းများကို အစောပိုင်းက တာဝန်ယူသောအသင်းမှာ ကျောင်းသားသမဂ္ဂ အမှုဆောင် တို့ ဖြစ်ကြသည်။ ဦးမောင်မောင်ကြီး၊ ဦးတင်ဧ၊ ဦးသိန်း မောင်ဦးစီးလျက် ဦးကျော်ရင် ဥက္ကဋ္ဌအဖြစ် ပါဝင်ကာ ၁၉၅၄ ခုနှစ်တွင် စတင်၍ ကလောင်အသင်း Pen Club ကို တည်ထောင်ကြသည်။ ၁၉၅၈- ၁၉၅၉ စာသင်နှစ်တွင် တက္ကသိုလ်ကလောင်အသင်း (Pen Club) ကို မင်းယုဝေ၊ မင်းကျော်၊ မောင်ဆွေတင်၊ ပုသိမ်လှလှစီတို့ ဦးဆောင်ကာ အမှုဆောင် ၂၁ ဦးတို့ဖြင့် ဖွဲ့စည်းသည်။ နောက်တစ်ကြိမ် တွင် ဦးကျော်ဦး၊ ဦးသိန်းသန်းထွန်း၊ ဦးခင်မောင်အုန်း တို့ပါဝင်သည့် အမှုဆောင်အဖွဲ့ကို ဖွဲ့စည်းသည်။ ထိုကာလ မှစ၍ ကလောင်အသင်းအမှုဆောင်တို့ကပင် နှစ်လည် မဂ္ဂဇင်းကို အဓိကတာဝန်ယူကြသည်။ သို့သော် ၁၉၆၃ ခုနှစ်နောက်ပိုင်း၌ အသင်းပျောက်ကွယ်သွားသည်။ နှစ်လည်မဂ္ဂဇင်းသည်ပင် ရပ်တန့်သွားသည်။
မဂ္ဂဇင်းပြန်လည်ထွက်လာသောအခါ မဂ္ဂဇင်း ကော်မတီ အဖွဲ့ဖွဲ့စည်းလျက် နှစ်လည်မဂ္ဂဇင်းကို ဆရာ ကျောင်းသားတို့ ပူးပေါင်းအကောင်အထည်ဖော် ကြသည်။ ယခင်က မဂ္ဂဇင်းများကို ကျောင်းသားတို့ကသာ အဓိက တာဝန်ယူခဲ့ကြသည်။ မြန်မာစာ ပါမောက္ခ၊ အင်္ဂလိပ်စာပါမောက္ခတို့ကသာ အကြံပေးအတိုင်ပင်ခံ အဖြစ် တာဝန်ယူရသည်။ ၁၉၆၀ ပြည့်နှစ်ကျော် ကာလမှ စ၍ မဂ္ဂဇင်းကော်မတီတွင် ဆရာများကသာ အဓိက တာဝန်ယူကြရသည်။ အခြေအနေအရ ယူရခြင်း ပါတည်း။
စာပေစိစစ်ရေးပေါ်လာကတည်းက ဝန်ထမ်းပုဂ္ဂိုလ် ကိုသာ ထုတ်ဝေသူအဖြစ်လက်ခံတော့သည်။ ကျောင်းသား က ထုတ်ဝေသူအဖြစ် စာမူတင်ပြလျှင် ထိုစာမူသည် ပြန်၍ မကျလာတော့ပေ။ စာမူများကို ယခင်က အယ်ဒီတာအဖွဲ့ က ဆုံးဖြတ်သည်။ နောင်တွင်မူ တက္ကသိုလ်စိစစ်ရေးအဖွဲ့ အဆင့်မြင့်ဦးစီးဌာန စိစစ်ရေးအဖွဲ့၊ ပြည်ထဲရေးစိစစ်ရေး အဖွဲ့များကို ဖြတ်ကျော်ရတော့သည်။
မဂ္ဂဇင်းအဆင်အပြင်လှပရေးကို တက္ကသိုလ်အနုပညာ အသင်းကြီး၏ အဖွဲ့စိတ်ဖြစ်သည့် ပန်းချီအသင်းက ပံ့ပိုးပေးသည်။ တက္ကသိုလ်တွင် ပန်းချီကဏ္ဍလည်းအရေး ပါသည်။ ဦးဘဉာဏ်၊ ဦးစံဝင်း၊ ဦးအုန်းလွင်၊ ဦးဉာဏ်ရှိန် တို့က ပန်းချီအကြောင်း လာရောက်ဟောပြောကြသည်။ ပညာရေးဝန်ထမ်းဖြစ်သည့် ဦးဗကြည်က ရံဖန်ရံခါသင်ပြ သည်။ ၁၉၅၅ ခုနှစ်တွင် ပန်းချီငွေရတုပွဲပြုလုပ်သည်ဆိုသဖြင့် အသင်းကို ၁၉၃၀ ပြည့်နှစ်လောက်ကပင် ဖွဲ့စည်း ထားဟန်ရှိသည်။ သင်တန်းကို ဦးဗကြည်၊ ဦးစံဝင်း၊ ဦးသုခ၊ ဦးသိန်းဟန်တို့က ပို့ချပေးခဲ့ကြသည်။
မဂ္ဂဇင်းမျက်နှာဖုံးပုံနှင့် စာမူသရုပ်ဖော်ပုံများကို ပန်းချီသင်တန်းသားတို့ကပင် ရေးဆွဲပေးကြရသည်။ မဂ္ဂဇင်း၏ စာမူအင်အားသည် တက္ကသိုလ်အတွင်းမှာသာ ရှိသည်ဟူသော သဘောထားအရ စာမူများကိုလည်း ကောင်း၊ ပန်းချီများကိုလည်းကောင်း တက္ကသိုလ်၏ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူတို့၏ လက်ရာများကိုသာ သုံးရသည်။ ပန်းချီမှာလည်း ထိုနည်း အတိုင်းသာ။
မဂ္ဂဇင်း၊ စာစောင်၊ စာအုပ်ကို ကိုင်လိုက်လျှင် အဦးဆုံး တွေ့ရသည်မှာ မျက်နှာဖုံးပုံဖြစ်သည်။ ထိုပုံသည် လှပဖို့လို သည်။ အဓိပ္ပာယ်လည်းဆောင်ရမည်။ ထို့ကြောင့် မျက်နှာ ဖုံးပုံအတွက် ပန်းချီလက်ရာရှင်တို့ ပြိုင်ပွဲဝင်ကြရသည်။ ပြိုင်ပွဲတွင် လက်ရာပေါင်း ၂၀ ကျော် ၃၀ မျှ ပါဝင်ကြသည်။ မျက်နှာဖုံးပုံကို များသောအားဖြင့် ဘွဲ့နှင်းအဆောက်အအုံ၊ သစ်ပုပ်ပင်၊ ဂျပ်ဆင်မျှော်စင်၊ သိပ္ပံဘာသာရပ် အဆောက် အအုံ၊ အပန်းဖြေရိပ်သာပုံတို့ကို အခြေခံပြီး ရေးဆွဲကြ သည်။ အချို့ပန်းချီကျောင်းသားတို့ကမူ အဆိုပါ ကျောင်း အထိမ်းအမှတ်သင်္ကေတများကို အခြေခံထားပြီး မိမိတို့၏ စိတ်ကူးဉာဏ်ဖြင့် ခြယ်လှယ်မွမ်းမံတတ်ကြသည်။ ထိုအခါ မျက်နှာဖုံးပုံသည် ဆန်းကြယ်လာသည်။ ကြည့်ရှုရသူတို့ အဖို့ မိမိအတွေး၊ မိမိဉာဏ်ဖြင့် အနက်ဖော်ခံစားရသည်အထိ အဆင့်မြင့်သွားတတ်သည်။
အချို့ပုံတို့မှာ ကျောင်းတွင်းမှာသာမက ပြင်ပလောက မှာအထိ ဂယက်ရိုက်သွားတတ်သည်။ ထို့ကြောင့် မျက်နှာ ဖုံးပုံအဆင့်လည်း မြင့်စေ၊ တွေဝေစရာလည်း မဖြစ်စေရန် မဂ္ဂဇင်းတာဝန်ရှိဆရာများနှင့် ပန်းချီပညာရှင်တို့ ပူးပေါင်း ကာ ပြိုင်ပွဲဝင်ပန်းချီများကို စိစစ်ရွေးချယ်ကြရသည်။ စာရေးသူသိမီသလောက်ဆိုပါလျှင် ဦးဗကြည်၊ ဦးသိန်း ဟန်၊ လှတင်ထွန်း(ဝင်းပ)၊ ဒေါ်တင်တင်စန်း၊ ဦးစောလွင်တို့ ပါဝင်ရွေးချယ်ကြပါသည်။
စာမူများကိုမူ တက္ကသိုလ်အတွင်းရှိ ပညာရှင်၊ ကလောင်ရှင်များက တာဝန်ယူကြသည်။ ပုံမှန်အားဖြင့် သုတစာမူကို ဆရာ ဆရာမတို့က တာဝန်ယူကြလျက် ရသစာမူများကို ကျောင်းသားတို့က တာဝန်ယူကြသည်။ ကျောင်းမဂ္ဂဇင်း ဟူသည် ကျောင်း၏ ကြေးမုံဖြစ်သဖြင့် အားလုံးက စိတ်ဝင်စားကာ အလေးထားကြသည်။ မဂ္ဂဇင်းကို ကျောင်းသားတိုင်းက ရပိုင်ခွင့်ရှိသည်။ ရလျှင် အမြတ်တနိုး ရှိကြသည်။ ထို့ကြောင့် ဂရုစိုက်ကြပါသည်။
မဂ္ဂဇင်းသို့ရောက်ရှိလာသော စာမူအရေအတွက်မှာ လိုအပ်သည်ထက် များစွာပိုနေမြဲပါတည်း။ ဝတ္ထုတို၊ စာညွန့်၊ ကဗျာအရေအတွက်မှာလိုသည်ထက် သုံးလေးဆ မှ ဆယ်ဆအထိ ရှိခဲ့သည်။
၁၉၅၀ ပြည့် စာသင်နှစ် မဂ္ဂဇင်းအတွက် ပို့လာ သော စာမူအရေအတွက်မှာ ဝတ္ထုတို ၅၀၊ ဆောင်းပါး ၃၁၊ ကဗျာ ၂၉၀၊ စာညွန့် ၃၆၊ ပြဇာတ် ၁၊ အထွေထွေ ၁၅၊ ရုပ်ပြောင် ၃ စုစုပေါင်း ၄၂၆ ဖြစ်သည်။ စာမူအင်အားမှာ ကောင်းလှသည်။ ၁၉၇၃ ခု စာသင်နှစ် ဝိဇ္ဇာ သိပ္ပံနှစ်လည် မဂ္ဂဇင်းအတွက်မှာမူ ကဗျာ ၄၀၁ ၊ ဆောင်းပါး ၉၃၊ ဝတ္ထုတို ၁၄၅၊ ပြဇာတ် ၄၊ စာညွန့် ၅၊ စာတန်း ၁၀၊ စာခွေ(ပေးစာ) ၁၆၊ ကာတွန်း ၆၅ ပုံ၊ သိမှတ်ဖွယ်ရာ ၂၊ အင်္ဂလိပ်စာမူ ၁၀ အထိ တိုးတက်လာသည်။
နောက်တစ်နှစ်ဖြစ်သည့် ၁၉၇၄ စာသင်နှစ် မဂ္ဂဇင်း အတွက်ကား ကဗျာ ၅၁၀၊ ဆောင်းပါး ၁၀၂၊ ဝတ္ထု ၁၃၅၊ ပြဇာတ် ၃၊ စာညွန့် ၄၁၊ စာတန်း ၂၂၊ စာခွေ ၁၀၊ ကာတွန်း ၅၆ကွက်၊ အင်္ဂလိပ်စာမူ ၂၅ စုစုပေါင်း ၉၀၄ စောင်အထိ ရှိလာသည်။ ကိန်းဂဏန်းများ ဖော်ပြနေခြင်းမှာ မဂ္ဂဇင်း၏ တိုးတက်မှုနှင့် ကဗျာ၏ သဘာဝကိုဖော်ပြလို၍ ဖြစ်ပါ သည်။
တက္ကသိုလ်ဘဝဆိုသည် ပျိုရွယ်သူတို့၏ အဘက် ဘက်က ဖွံ့ဖြိုးရာကာလဖြစ်သည်။ အထူးသဖြင့် ရုပ်ပိုင်း ၏ ဖွံ့ဖြိုးမှုကား အထွတ်အထိပ်ကာလ၊ အလှပဆုံးကာလ ဖြစ်သည်။ လူ့ဘဝကို ၁၀ နှစ်စီ ၁၀ စုခွဲထားပေရာ ထို အရွယ်သည် ဝဏ္ဏဒသတဟုဆိုသည်။ အလှဆုံးကာလဟု ဆိုလိုသည်။ တက္ကသိုလ်နယ်မြေဖြစ်သဖြင့် အစွမ်းကုန် ခြယ်သသော အရွယ်လည်း ဖြစ်သည်။ လုလင်လေးများ ရော၊ လုံမလေးများပါ အဆုံးစွန်လှပတင့်တယ် စွဲမက်ဖွယ် အဆင်းကို ဆောင်ထားကြသည်။ ထိုအရွယ်တွင် ဆန့်ကျင် ဘက်လိင်ကို အဝင်စားဆုံးဖြစ်ကြသဖြင့် ခံစားမှုတို့လည်း အားအကောင်းဆုံးဖြစ်ဖြစ်လာကြသည်။
စာသင်ခန်းအတွင်းနေစဉ် တွေ့မြင်ရင်းနှီးနေကြရ သဖြင့် ရင်ထဲ၌ အစိုင်အခဲတို့ အုံဖွဲ့နေကြပြီး ရင်ဖွင့်သဖြင့် အဆင်ပြေကြသူတို့လည်းရှိသည်။ ထိုအခါ သိမ်မွေ့ သာယာသော ကဗျာအတိုအထွာလေးတို့ ပွင့်အန်လာ သည်။ အဆင်မပြေသူတို့မှာမူ လွမ်းစာဆွေးစာ တေးကဗျာ တို့ မိုးရွာသလို ကျရောက်လာကြတော့သည်။ ဤနည်း အားဖြင့် တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းတို့သည် အချစ် ဟစ်တိုင်၊ အလွမ်းစိုက်ခင်းတို့ ဖြစ်နေတော့သည်။ မျိုးစေ့ ကလည်း မှန်၊ မိုးငွေ့ကလည်း ထန်လာသဖြင့် ကဗျာတည်း ဟူသော ပျိုးပင်များ၊ စာညွန့်တည်းဟူသော သားတက်များ ဖွံ့ထွားတင့်တယ် အလှကြွယ်နေတော့သည်။
တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းတို့သည် လက်သင် ကလောင်ရှင်တို့ မြေစမ်းနိုင်သည့် ကျွန်းမြေဖြစ်သလို ဝါရင့် စာဆိုကြီးတို့၏ အထွက်တိုးစိုက်ကွက်လည်း ဖြစ်သည်။
စာဆိုပညာရှိ ဇော်ဂျီ၏ “တြိနမဿာ အစပျို့” ယူနီဗာစီတီကောလိပ်ဘွဲ့ စာထောင့်လေးချိုးကြီးသည် ၁၉၂၅ ခုနှစ် တက္ကသိုလ်ကျောင်းတိုက် မဂ္ဂဇင်းတွင်လည်း ကောင်း၊ စာဆိုမင်းသုဝဏ်၏ (အထင်ရှားဆုံးဖြစ်သည့်) “ခါနွေဆန်းတော့ လွမ်းမိတယ်” တမ်းချင်းကဗျာသည် ၁၉၃၀ ပြည့်နှစ်ထုတ် တက္ကသိုလ်ကျောင်းတိုက် မဂ္ဂဇင်းတွင် လည်းကောင်း စင်တော်တင်ထားကြသည်။ တက္ကသိုလ် မဂ္ဂဇင်းမှာ ကလောင်သွေးခဲ့ကြသူတို့သည် နောင်တွင် ကဗျာစာဆိုကြီးများ ဖြစ်လာတတ်ပါသည်။
နှလုံးသားဖူးငုံတို့ စိုရွှမ်းနေကြသည့် ကျောင်းတော်သူ ကျောင်းတော်သားတို့၏ ဝတ္ထုတိုများနှင့် ရင်လှိုက်ရယ် မောရသည့် ရသများ၊ ချိုမွှေးကြည်အေးရသည့် ရသများ၊ ကြေကွဲလောင်ကျွမ်းရသည့် ရသများ လေးလေးပင်ပင် ပါဝင်နေသည်က များသည်။ ထို့ကြောင့်လည်း ကျောင်း တိုက်မဂ္ဂဇင်းများသည် ကျောင်းတွင်းလုလင် လုံမေတို့၏ သည်းခြေခိုက်များနှင့် ဆားများ ဖြစ်နေကြတော့သည်။
ဆောင်းပါးများကို ဆရာတို့က အရေးများကြသည်။ ဆရာဟူသည် ထာဝရကျောင်းသားများ ဖြစ်ကြသည်။ သင်တန်းပို့ချရင်း သုတေသနပြုနေကြသည်။ အသစ် လေ့လာမှုမှ အသစ်တွေ့လာမှုများကို ကျောင်းမဂ္ဂဇင်းမှ တစ်ဆင့် အသစ်ပေးကြသည်၊ အဆစ်ပေးကြသည်။ ထို့ကြောင့် မဂ္ဂဇင်းသည် ဝိတ်တက်လာတော့သည်။
တက္ကသိုလ်၌ လှုပ်ရှားမှုများ အမြဲရှိနေသည်။ သစ်လွင် ကြိုဆိုပွဲ၊ ဆရာပူဇော်ပွဲ၊ ညစာစားပွဲ၊ စာတမ်းဖတ်ပွဲ၊ ဟော ပြောပွဲ၊ အားကစားပြိုင်ပွဲ၊ ကထိန်ပွဲ၊ ဘွဲ့နှင်းပွဲ စသည့် သဘင်ပွဲ၊ အရွှင်ပွဲတို့ကို မှတ်တမ်းပြုကြသည်။ ထိုမှတ်တမ်း တို့သည် မဂ္ဂဇင်း၌ဆုံစည်းကြသည်။ ထို့ကြောင့် မဂ္ဂဇင်း များသည် တက္ကသိုလ်အတ္ထုပ္ပတ္တိ၏ ကျောက်စာတိုင်ဖြစ် နေတော့သည်။
ရန်ကုန်တက္ကသိုလ်၏ နှစ်လည်မဂ္ဂဇင်းများနှင့် အလားတူပင် မြေးမြစ်ကောလိပ်၊ တက္ကသိုလ်များ၌လည်း နှစ်လည်မဂ္ဂဇင်းတို့ ရွယ်တူရိုးမျှရှိနေကြသည်။ အစဉ် အလာအားဖြင့် ရန်ကုန်စက်မှုတက္ကသိုလ်မဂ္ဂဇင်းမူကား ဗိသုကာများလည်းရှိ၊ အသိပညာများလည်းပြည့်သဖြင့် မဂ္ဂဇင်းအရည်အသွေးမှာ ထူးခြားနေပေသည်။ အဖေတူ သားပေကိုး။
တက္ကသိုလ်တိုင်းလည်း ဆက်လက်ဖွံ့ဖြိုးပါစေသတည်း၊ မဂ္ဂဇင်းများလည်း တိုးတက်ပါစေသတည်း။ ။
ကိုးကား- နှစ်လည်မဂ္ဂဇင်းများ။

စာရေးသူ၏
အတ္ထုပ္ပတ္တိအကျဉ်း
----------------------------

- အမည်ရင်း ဦးအောင်သောင်း ဖြစ်သည်။
- ဇာတိမှာ တောင်သာမြို့နယ်၊ အောင်ဇမ္ဗူ ကျေးရွာဖြစ်သည်။ ဝိဇ္ဇာ(ဂုဏ်ထူး)၁၉၆၅ ခုနှစ်၊ မန္တလေးတက္ကသိုလ်နှင့် မဟာဝိဇ္ဇာ၊ ၁၉၇၃ ခုနှစ် ရန်ကုန်တက္ကသိုလ်မှ ရရှိခဲ့သည်။
- နည်းပြ လုပ်သားများ ကောလိပ်၊ ရန်ကုန်၊ လက်ထောက်ကထိက၊ မော်လမြိုင် တက္ကသိုလ်၊ ကထိက၊ ရန်ကုန်တက္ကသိုလ်၊ တွဲဖက်ပါမောက္ခ၊ ရန်ကုန်တက္ကသိုလ် ၊ ပါမောက္ခ၊ ရန်ကုန်အနောက် ပိုင်း တက္ကသိုလ်တို့တွင် တာဝန်ထမ်းဆောင်ခဲ့ သည်။ ၂၀၀၄ ခုနှစ်တွင် အငြိမ်းစားယူသည်။
- ၁၉၆၀ ပြည့်နှစ် မန္တလေးတက္ကသိုလ်နှစ်လည် စာစောင်မှစ၍ ဆောင်းပါး၊ ဝတ္ထု၊ ကဗျာ၊ လုံးချင်းစာအုပ် ၁၆ အုပ် ရေးသားခဲ့သည်။
- ကလောင်ခွဲများအနေဖြင့် အောင်နိုင် (တက္ကသိုလ်)၊ တက္ကသိုလ်တောသား၊ ဇာတ်ဆရာ ငါးပိကြော်+ အခြားဖြစ်သည်။
- လက်ရှိတွင် တိုင်းရင်းသားဘာသာစကား ဦးစီးဌာန၊ မြန်မာစာအဖွဲ့၊ အချိန်ပြည့်အဖွဲ့ဝင် အဖြစ် တာဝန်ထမ်းဆောင်သည်။