
ညောင်ဦး ဖေဖော်ဝါရီ ၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တက်မ ရေနံမြေ ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းဧရိယာ အတွင်း ရေနံတွင်းမီးလောင်မှု ဖေဖော်ဝါရီ ၇ရက် နံနက် ၂ နာရီခန့်က ဖြစ်ပွားခဲ့သည်။
ရေနံတွင်းမီးလောင်မှုဖြစ်ပွားရာသို့ ညောင်ဦး ခရိုင် မီးသတ်ဦးစီးမှူး ဦးဆောင်သော မီးငြှိမ်းသတ် ရေးတပ်ဖွဲ့များ၊ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ တောင်ဇင်း နယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အတူ မီးငြှိမ်းသတ်ယာဉ် သုံးစီး၊ ရေသယ်ယာဉ် နှစ်စီး၊ အုပ်ချုပ်မှုယာဉ် တစ်စီး၊ အထောက်အကူပြု ယာဉ် တစ်စီးတို့ဖြင့် သွားရောက်မီးငြှိမ်းသတ်ရာ နံနက် ၂ နာရီခွဲခန့်တွင် မီးလုံးဝထိန်းချုပ်နိုင်ခဲ့သည်။
မီးလောင်မှုဖြစ်ရခြင်းမှာ ဦးဝင်းမြင့်စိုး ပိုင်ဆိုင် သောရေနံတွင်း ရေနံခပ်လုပ်သား ဦးအောင်ထွန်း ခပ်ယူနေသည့် ရေနံကျင်းအတွင်း၌ ရေနံစိမ်းများကို ရေနံခပ်ခွက်ဖြင့် ခပ်ယူနေစဉ် ရေနံငြမ်းစင်ပါ သံပူလီ နှင့် ရေနံခပ်ခွက်ပါ သံကိုင်းတို့ ထိမိရာမှ မီးပွားထွက် ၍ စတင်မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုမှ တစ်ဆင့် ရေနံကျင်းလေးကျင်းကို ဆက်လက် ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်ကြောင့် (၁၀x၁၀)ပေ ပတ်လည် သက်ငယ်မိုး အကာမပါ ဆီခပ်တဲသုံးလုံး၊ ရေနံဆီပီပါ ငါးလုံး၊ ၂၂ ကောင် အင်ဂျင် သုံးလုံး၊ စက် ကလပ်ခုံ သုံးလုံး၊ ၁၆ ကောင် အာင်ဂျင်တစ်လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မီးလောင်မှု ဖြစ်စေခဲ့သူ ရေနံခပ်လုပ်သား ဦးအောင်ထွန်းအား စဉ့်ကူနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
ဒီပါလင်း