
နေပြည်တော် ဇွန် ၁၁
အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH ၊ NUG နှင့် PDF အကြမ်း ဖက်သမားများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေ စိုးမိုးမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် အချို့ဒေသများတွင် လက်နက်ကိုင်တိုက်ခိုက်မှုများ၊ လမ်း၊ တံတားဖောက်ခွဲဖျက်ဆီးမှုများအပြင် အများပြည်သူနေထိုင်လျက်ရှိသော နေအိမ်များကို မီးရှို့ဖျက်ဆီး ခြင်းများ လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဇွန် ၁၀ ရက် ည ၈ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့ မဟာမြိုင်ရပ်ကွက် ရွှေကတော့ ဘုရားဝင်းအပြင်ဘက်ရှိ ဈေးဆိုင်ခန်းများကို PDF အမည်ခံ အကြမ်းဖက်သမား လေးဦး ခန့်က မော်တော်ဆိုင်ကယ်နှစ်စီးဖြင့် လာရောက်ပြီး မီးကွင်းပစ်၍ မီးရှို့ခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုဖြစ်ပွားရာသို့ နယ်မြေခံတပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူ များက မီးသတ်ယာဉ် နှစ်စီး၊ ရေသယ်ယာဉ် သုံးစီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ် ခဲ့ရာ ည ၉ နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ဈေးဆိုင် ခန်း ၃၁ ခန်း (ကာလတန်ဖိုး ငွေကျပ်သိန်း ၂၀၀ ကျော်) မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ဈေးဆိုင်ခန်းများကို မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက် သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်