
ဘာလင် ဩဂုတ် ၁၃
ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှိုးလ်ဇ်၏ ပြောရေး ဆိုခွင့်ရှိသူက တနင်္လာနေ့တွင် အီရန်သမ္မတ မာဆွတ် ပါဇတ်ရှီယန်ကို ဖုန်းဖြင့်ဆက်သွယ်ကာ အရှေ့ အလယ်ပိုင်းဒေသတွင် တင်းမာမှုများ လျှော့ချရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ဒေသတွင်း ပဋိပက္ခအားလုံး၏ အန္တရာယ်ကို စိုးရိမ်ကြောင်း အိုလက်ဖ်ရှိုးလ်ဇ်က ပြောသည်။ ထို့ပြင် အကြမ်းဖက်ဝဲဂယက်ကို အဆုံးသတ်ဖို့ တောင်းဆိုခဲ့သလို တင်းမာမှုများအား တားဆီးရန် ၎င်း၏ အာဏာအသုံးပြုပြီး အရာအားလုံး လုပ်ဆောင်ရန် ပါဇတ်ရှီယန်ကို တောင်းဆိုခဲ့ကြောင်း သိရသည်။
အီရန်နိုင်ငံသည် ဆွေးနွေးမှုများမှတစ်ဆင့် ပြဿနာရပ်များကို ဖြေရှင်းဆောင်ရွက်ရန် ကြိုးစား ကြောင်း၊ သို့သော်လည်း တိုက်ခိုက်မှုကို ခံစားရသည့် မည်သည့်နိုင်ငံမဆို တုံ့ပြန်ပိုင်ခွင့်ရှိကြောင်း ပါဇတ်ရှီယန်က အိုလက်ဖ်ရှိုးလ်ဇ်ကို ပြောကြားခဲ့ သည်ဟု ပါဇတ်ရှီယန်ရုံးက ပြောသည်။
လွန်ခဲ့သည့်လက အီရန်နိုင်ငံ တီဟီရန်မြို့တွင် ဟားမားစ်နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ် ဟာနီယေး လုပ်ကြံခံရမှုဖြစ်ပွားပြီးနောက် အဆိုပါ တိုက်တွန်းပြောကြားမှု ထွက်ပေါ်လာခြင်း ဖြစ် သည်။ အီရန်အာဏာပိုင်များက ယင်းလုပ်ကြံမှုဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်ပြီး အစ္စရေးကို ပြစ်တင် ပြောကြားထားသည်။
အိုလက်ဖ်ရှိုးလ်ဇ်နှင့် ပြင်သစ်၊ ဗြိတိန်နိုင်ငံတို့မှ ခေါင်းဆောင်တို့သည် အစ္စရေးနှင့်ဟားမားစ်တို့ကြား ဆွေးနွေးမှုများစတင်ရန် အဆင်သင့်ဖြစ်နေကြောင်း ပြောကြားခဲ့သည်။ ၎င်းတို့သည် တင်းမာမှုများ မြင့်တက်စေမည့် မည်သည့်တိုက်ခိုက်မှုမျိုးကိုမဆို လုပ်ဆောင်ခြင်းမှ ရှောင်ကြဉ်ရန် အီရန်နှင့် ၎င်း၏ မဟာမိတ်များကို တိုက်တွန်းပြီး တနင်္လာနေ့တွင် ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ