တန်ဖိုးထား ထိန်းသိမ်းအပ်သည့် မြန်မာ့ရေဝပ်ဒေသများ

ဖေဖော်ဝါရီလ ၂ ရက်နေ့သည် ကမ္ဘာ့ရေဝပ်ဒေသများနေ့ဖြစ်သည်။ ငှက်မျိုးစိတ်များအပါအဝင် ဇီဝမျိုးစုံမျိုးကွဲများ တည်ရှိရာ ရေဝပ် ဒေသများကို ထိန်းသိမ်းရာတွင် ကမ္ဘာ့နိုင်ငံများ စုပေါင်းဆောင်ရွက် နိုင်ရန်အတွက် ၁၉၇၁ ခုနှစ် ဖေဖော်ဝါရီလ  ၂ ရက်နေ့တွင် အီရန် နိုင်ငံ ရမ်ဆာမြို့၌ ရမ်ဆာကွန်ဗင်းရှင်းကို ဖွဲ့စည်းခဲ့ခြင်းအား အကြောင်းပြု၍ နှစ်စဉ် ဖေဖော်ဝါရီလ ၂ ရက်နေ့ကို ကမ္ဘာ့ရေဝပ် ဒေသများနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ရေဝပ်ဒေသများဟူသည်မှာ “ဒီရေကျချိန်တွင် ခြောက်မီတာ ထက်ပိုမနက်သည့်   အဏ္ဏဝါရေပြင်များ   အပါအဝင်   ရေသေ သို့မဟုတ် စီးဆင်းနေသော ရေချို၊ ရေငန် သို့မဟုတ် ဆားငန်ရေ ဖြစ်သော၊  ယာယီ  သို့မဟုတ်  အမြဲတမ်းဖြစ်သော၊ သဘာဝ သို့မဟုတ် လူတို့က ပြုလုပ်သော ရွှံ့နွံမြေ၊ သစ်ဆွေးမြေ၊ စိမ့်မြေ သို့မဟုတ် ရေပြင်ဧရိယာများ” ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ သို့ဖြစ်ရာ ရေဝပ်ဒေသများသည် နေရာပထဝီအနေအထားကို လိုက်၍ ပုံစံအမျိုးမျိုးနှင့် ဖြစ်တည်နေကြပြီး တွားသွားသတ္တဝါ များ၊ ရေနေကုန်းနေသတ္တဝါများ၊ ရေပျော်ငှက်များ၊ နို့တိုက် သတ္တဝါများအပါအဝင် ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲပေါင်း မြောက်မြားစွာ ရှင်သန်ကျက်စားကြသည့် နေရင်းဒေသများဖြစ်သည်။ သို့ရာတွင် လွန်ခဲ့သော နှစ်ပေါင်း ၃၀၀ အတွင်း ကမ္ဘာအရပ်ရပ်ရှိ ရေဝပ် ဒေသများ၏ ၈၅ ရာခိုင်နှုန်းမှာ ပျက်စီးဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။
ရေဝပ်ဒေသများသည် လူသားတို့အတွက်လည်း အစားအစာ များ ထုတ်လုပ်ရာဒေသ၊ တန်ဖိုးရှိသည့် ရေသယံဇာတ၊ စီးပွား ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်သည့်နေရာ၊ ရာသီဥတု   သဘာဝဘေးအန္တရာယ်  ကာကွယ်ပေးသည့်  နေရာ များအဖြစ်  အကျိုးပြုသည့်  နေရာများလည်းဖြစ်သည်။   ကမ္ဘာ့ လူဦးရေ တစ်ဘီလီယံခန့်သည် ရေဝပ်ဒေသများကို အမှီပြု၍ အသက်မွေးနေကြရပြီး နှစ်စဉ်အမေရိကန်ဒေါ်လာ ၄၇ ထရီလီယံ ဖိုး   ထုတ်လုပ်ပေးလျက်ရှိသည်ဟုဆိုသည်။    မြန်မာနိုင်ငံတွင် အဓိကမြစ်ကြီးများဖြစ်သည့် ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင်တို့၏ မြစ်ဝှမ်းတစ်လျှောက် အပါအဝင် ရေဝပ်ဒေသပေါင်း ၁၁၀  တို့  ရှာဖွေတွေ့ရှိထားပြီး ကုန်းတွင်းသဘာဝ  ရေဝပ်ဒေသ  ၅၆ ခု၊ ကမ်းရိုးတန်းနှင့်  ပင်လယ်အဏ္ဏဝါဒေသများတွင်ရှိသည့်  ရေဝပ်ဒေသ ၃၃ ခု၊ လူတို့ ဖန်တီးထားသည့် ရေဝပ်ဒေသ ၁၁ ခု တို့ ပါဝင်သည်။ မြန်မာနိုင်ငံရှိ ရေဝပ်ဒေသများအား ထိန်းသိမ်း ကာကွယ်ခြင်း၊ စီမံအုပ်ချုပ်ခြင်းနှင့် အကျိုးရှိစွာ အသုံးချခြင်းတို့ကို မြှင့်တင်နိုင်ရန်    နိုင်ငံတကာအဆင့်    ရမ်ဆာရေဝပ်ဒေသများ  အဆိုပြု သတ်မှတ်လျက်ရှိရာ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော (၂၀၁၄)၊ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော    (၂၀၁၆)၊    မိန်းမလှကျွန်း   တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော   (၂၀၁၇)၊    အင်းလေးကန်    တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော (၂၀၁၈)၊ မုတ္တမပင်လယ်ကွေ့ဒေသ (တိုးချဲ့) (ပဲခူး တိုင်းဒေသကြီးအပိုင်းနှင့်     မွန်ပြည်နယ်အပိုင်း)   (၂၀၂၀)   နှင့် နံ့သာကျွန်းနှင့် မေယုမြစ်ဝ (၂၀၂၀) တို့ကို  သတ်မှတ်ထားပြီး ဖြစ်သည်။
မြန်မာနိုင်ငံတွင် သတ်မှတ်ထားပြီးဖြစ်သည့်အတွက် ရေဝပ် ဒေသ ခြောက်ခုတို့မှာ အရှေ့အာရှ - ဩစတြေးလျအာရှ ငှက် ပျံသန်းရာလမ်းကြောင်း ကွန်ရက်နယ်မြေများအဖြစ် သတ်မှတ် ခံထားရသောနေရာများဖြစ်သည်။ တစ်ဖက်တွင်လည်း အဆိုပါ ရေဝပ်ဒေသများတွင်  လူတို့၏  ပယောဂများကြောင့် ပျက်စီး ယိုယွင်းမှုတို့ ဖြစ်ပေါ်မှုများ ရှိနေသည်။ ဥပမာအားဖြင့် အင်းတော် ကြီးကန်အနီး တရားမဝင် ရွှေတူးဖော်ခြင်းမှ စွန့်ပစ်မြေနှင့် ရေဆိုး များ အင်းတော်ကြီးကန်အတွင်း ဝင်ရောက်မှု၊ အင်းလေးကန် အတွင်း ပလတ်စတစ်အမှိုက်များ စွန့်ပစ်မှုနှင့် စိုက်ပျိုးရေးသုံး ဓာတုပစ္စည်းများ   ကျရောက်မှုတို့ကဲ့သို့သော  ပြဿနာများကို ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ဒေသခံပြည်သူများက ဝိုင်းဝန်း ထိန်းသိမ်းရန် လိုအပ်ခြင်းမျိုးကဲ့သို့သော ကိစ္စများဖြစ်သည်။ သားငှက်တိရစ္ဆာန်များနှင့် ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်ကျက်စားမှု အတွက် အရေးပါပြီး လူသားတို့အတွက်လည်း အကျိုးပြုသည့် ရေဝပ်ဒေသများကို အဖိုးတန်သဘာဝသယံဇာတများအဖြစ် တန်ဖိုးထားအလေးအနက်ပြု    ထိန်းသိမ်းကာကွယ်နိုင်ကြပါ    စေကြောင်း။          ။