တပ်ကုန်းမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်း


 

နေပြည်တော် အောက်တိုဘာ ၂၄


နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်ဆက်ကပ် လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီခွဲက တပ်ကုန်းမြို့ရှိ မဟာဇနကကျောင်းတိုက်မဟာဇနကဗိမာန်တော်ကြီး၌ ကျင်းပသည်။
အခမ်းအနားတွင် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်၊ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ နေပြည်တော် တပ်ကုန်းမြို့ မဟာသီဟနာဒ ကျောင်းတိုက် ပဓာနနာယက၊ အဘိ ဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တအာစိဏ္ဏ မဟာ ထေရ်မြတ်ကြီး အမှူးပြုသော ဆရာတော်ကြီးငါးပါး ကြွရောက်တော် မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ အမြဲတမ်းအတွင်း ဝန်၊ သာသနာရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြည်ညိုခဲ့ကြသည်။
ဆွမ်းဆန်တော် ဆက်ကပ် လှူဒါန်းပွဲတွင် နေပြည်တော် တပ်ကုန်းမြို့ မဟာသီဟနာဒ ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တအာစိဏ္ဏ မဟာထေရ် မြတ်ကြီးထံမှ ပြည်ထောင်စုဝန်ကြီး အမှူးပြုသော ဌာနဆိုင်ရာ အကြီး အကဲများက ငါးပါးသီလခံယူဆောက် တည်ကြပြီး ဆရာတော်၊ သံဃာတော် များ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် ရတနသုတ်၊ မေတ္တသုတ်၊ ပုဗ္ဗဏှသုတ် ပရိတ်တရားတော်များကို နာယူ ကြည်ညိုကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သာသနာရေး ဆိုင်ရာများ လျှောက်ထားပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များက ဆရာတော် သံဃာတော် များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း ကြသည်။
ထို့နောက် တပ်ကုန်းမြို့ မြို့ဦး ပရိယတ္တိစာသင်တိုက် ပဓာနနာယက မဟာဂန္ထ ဝါစက ပဏ္ဍိတဘဒ္ဒန္တပဏ္ဍဝ ထံမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက အနုမောဒနာ တရားနာကြားကြပြီး လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းလောင်း အမျှ ပေးဝေကြသည်။
ဆွမ်းဆန်တော် ဆက်ကပ် လှူဒါန်းပွဲတွင် ကိုဗစ်- ၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်နေစဉ် ကာလအတွင်း တပ်ကုန်းမြို့နယ်ရှိ ဘုန်းတော်ကြီး ကျောင်း ၁၉ ကျောင်း၊ သီလရှင်ကျောင်း ငါးကျောင်းတို့တွင် သီတင်းသုံးနေထိုင် တော်မူကြသော ရဟန်း၊ သာမဏေ ၇၀၉ ပါး၊ သီလရှင် ၁၆၉ ပါး၊ စုစုပေါင်း ၈၇၈ ပါးတို့အတွက် ဆွမ်းဆန်တော် ၁၄၄ အိတ် ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်