
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံတရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် မစ္စတာ ရန်ကျဲ့ချိနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
====================================================================
နေပြည်တော် စက်တင်ဘာ ၂
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် မစ္စတာ ရန်ကျဲ့ချိ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင် ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်အတူ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံ ရေးဗျူရိုအဖွဲ့ဝင်နှင့်အတူ အဆင့်မြင့် အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင် တို့ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် မိတ်ဆွေကောင်း၊ မိတ်ဆွေဟောင်းနိုင်ငံများဖြစ်ကာ ညီရင်းအစ်ကိုစိတ်ဓာတ်ဖြင့် ဆက်ဆံရေးတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိသည်မှာ နှစ်ပေါင်း (၇၀) ပြည့်မြောက်ပြီဖြစ်ပြီး ကဏ္ဍပေါင်းစုံတွင် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားမည့် အခြေ အနေများ၊ ယခုနှစ် ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ခရီးစဉ်တွင် နှစ်ဖက်သဘောတူညီချက် များအား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွား မည့်အခြေအနေများ၊ တရုတ်နိုင်ငံတွင် ကိုဗစ် - ၁၉ ရောဂါ စတင်ဖြစ်ပွားသည့်ကာလအတွင်း မြန်မာ့တပ်မတော်မှ တရုတ်နိုင်ငံသို့ ရောဂါကာကွယ်ရေးအထောက်အကူပြု ဆေးနှင့်ဆေးပစ္စည်းများ လျင်မြန်စွာ ပေးပို့လှူဒါန်းခဲ့သည့် အခြေအနေများနှင့် တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်ပြည် သူ့လွတ်မြောက်ရေးတပ်မတော်မှလည်း ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များစေလွှတ်၍ မြန်မာ့တပ်မတော်သို့ ရောဂါကာကွယ်ရေး အထောက်အကူပြုဆေးနှင့်ဆေး ပစ္စည်းများ လှူဒါန်းကာ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ဆိုင်ရာများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးနိုင်ခဲ့ သည့် အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မူးယစ် ဆေးဝါးနှိမ်နင်းရေးတို့တွင် တပ်မတော်နှစ်ရပ်အကြား သတင်းအချက်အလက်များ ဖလှယ်ကာ အတူတကွ ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားရန်နှင့် နှစ်နိုင်ငံနယ်စပ် ဒေသလုံခြုံရေး တပ်ဖွဲ့ဝင်များအကြားနှင့် နယ်စပ်ဒေသ စီမံခန့်ခွဲအုပ်ချုပ်နေသည့်အဖွဲ့များအကြား အချင်းချင်း အပြန်အလှန် ဆက်သွယ်ဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်သွားရန် လိုအပ်သည့် အခြေအနေများ၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ထာဝရ ငြိမ်းချမ်းရေးရရှိရန်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ၏ အခြေခံမူဖြစ်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA တွင် ပါဝင်လက်မှတ် ရေးထိုးရန် လိုအပ်ပြီး ဆက်လက်ဆောင်ရွက်ရမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပြည့်ပြည့်ဝဝ ပါဝင် လျှောက်လှမ်းရန်လိုအပ်သည့် အခြေအနေများ၊ တပ်မတော် အနေဖြင့် ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း များ ပိုမိုထိရောက်လျင်မြန်စွာဆောင်ရွက်နိုင်ရေး၊ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများ ရှိသည့်နေရာများမှအပ ကျန်နေရာများတွင် စက်တင်ဘာ ၃၀ ရက်အထိ စစ်ရေး ဆိုင်ရာ လှုပ်ရှားမှုများကို ရပ်ဆိုင်းပေးထားသည့် အခြေအနေ များ၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ် မည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေးနှင့် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ရန် လိုအပ်သည့်အခြေအနေများ၊ နှစ်နိုင်ငံ ဆွေမျိုး ပေါက်ဖော်ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး အတွက် အေးအတူပူအမျှဖြစ်သည့် အသိုက်အဝန်း ထူထောင်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်သွားမည့်အခြေအနေများအား ခင်မင် ရင်းနှီးစွာ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်