တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် UWSA “ဝ”အဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် UWSA “ဝ”အဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ

=========================================================================================

 

နေပြည်တော် စက်တင်ဘာ ၆

 

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် UWSA “ဝ”အဖွဲ့မှ တာဝန်ရှိသူများနှင့် ယမန်နေ့ မွန်းလွဲပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တာချီလိတ်တပ်နယ် အောင်ပြည်ဟိန်းရိပ်သာ၌ တွေ့ဆုံသည်။

 

ထိုသို့ တွေ့ဆုံရာတွင် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က အမှာစကားပြောကြားသည်။

 

ထို့နောက် UWSA “ဝ” အဖွဲ့မှ ဦးညီကပ်နှင့် အဖွဲ့ဝင်များက UWSA “ဝ” ဒေသအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း အထောက်အကူပြုပစ္စည်းများကို ပေးအပ်လှူဒါန်းသည်မှာ နှစ်ကြိမ်ရှိပြီဖြစ် သဖြင့် ယခုကဲ့သို့ ပေးအပ်လှူဒါန်းမှုများအပေါ် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ ဒေသအတွင်း၌ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက် လျက်ရှိပြီး ဝင်ထွက်သွားလာမှုများကို ကန့်သတ် စစ်ဆေးလျက်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်မှုရှိစေရေး ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဆွေးနွေးပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က UWSA “ဝ”အဖွဲ့အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းအထောက်အကူပြု ပစ္စည်းများဖြစ်သည့် Surgical Mask ၂၀၀၀၀၊ Personal Protective Equipment (PPE) ဝတ်စုံ ၃၀၀၊ N 95 Mask ၁၀၀၀၊ Face Shield၂၅၀၊ Sodium Hypochloride (15L) ၆ ပုံး၊ Examination Glove ၁၀၀၀ ၊ Hand Gel ဘူး ၁၅၀၊ Hand Sanitizer ၁၅၀ နှင့် စားသောက်ဖွယ်ရာများ၊ တပ်မတော်စက်ရုံထုတ် စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများကို ပေးအပ်လှူဒါန်းရာ ဦးညီကပ်နှင့် အဖွဲ့ဝင်များက လက်ခံရယူပြီး UWSA “ဝ”အဖွဲ့က ဒေသထွက် လက်ဆောင်များကို ပြန်လည်ပေးအပ်သည်။

 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာချီလိတ်မြို့ တပ်နယ်ခန်းမ၌ကျင်းပသည့် တာချီလိတ် မြို့နယ်အတွင်း မူးယစ်ဆေးဝါးကို ထိရောက်စွာ တားဆီးနှိမ်နင်းနိုင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်သည်။

 

ဖမ်းဆီးနိုင်ခဲ့

 

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှ ဩဂုတ် ၃၁ ရက်အထိ တာချီလိတ်မြို့နယ် အတွင်း တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက မူးယစ်ဆေးဝါး ဖမ်းဆီး ရမိမှုအနေဖြင့် ဘိန်းဖြူ ၂၇ ဒသမ ၆၃ ကီလိုဂရမ်၊ ဘိန်းမဲ ၁ ဒသမ ၅ ကီလိုဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၅၆၉၄၁၉၆ ပြား၊ အိုက်စ် ၁၀၆၄ ဒသမ ၇ ကီလိုဂရမ်၊ ကက်တမင်း ၁၂ ဒသမ ၃၅ ကီလိုဂရမ်၊ အခြားမူးယစ်စေတတ်သော ဆက်စပ် ပစ္စည်းများ ၆၅၈၈ ဒသမ ၆ ကီလိုဂရမ် စုစုပေါင်း မူးယစ်ဆေးဝါးများ ခန့်မှန်း တန်ဖိုး ငွေကျပ် ၁၉၂ ဒသမ ၆ ဘီလီယံကျော်ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများဖြစ်သည့် Surgical Mask ၂၀၀၀၀၊ Personal Protective Equipment (PPE) ဝတ်စုံ ၃၀၀၊ N 95 Mask ၁၀၀၀၊ Face Shield ၂၅၀၊ Sodium Hypochloride (15L) ၆ ပုံး၊ Examination Glove ၁၀၀၀၊ Hand Gel ၁၅၀၊ Hand Sanitizer ၁၅၀ နှင့် စားသောက်ဖွယ်ရာများ၊ တပ်မတော် စက်ရုံများမှထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများကို ပေးအပ်လှူဒါန်းရာ တာချီလိတ် မြို့မိမြို့ဖများဖြစ်သည့် ဦးတင်လှိုင်၊ ဦးကြည်မြင့်နှင့် ဦးထွန်းနေဦး တို့က အသီးသီး လက်ခံရယူကြသည်။

 

ယင်းနောက် တာချီလိတ်မြို့နယ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရာတွင် လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ရာ တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရဲနိုင်အောင်က လက်ခံရယူခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

သတင်းစဉ်