
နေပြည်တော် မေ ၁
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၉ ရက်တွင် ရှမ်းပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် တောင်ကြီးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံး၊ (၄) မိုင် သစ်တော ပူးပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျဝန်ထမ်းများက တာချီလိတ်မြို့မှ မန္တလေး မြို့သို့ ထွက်ခွာလာသော ကုန်တင်ယာဉ် နှစ်စီးကို စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက် စာတမ်း တင်ပြနိုင်ခြင်းမရှိသော ငရုတ်သီး ခြောက်အိတ်၊ Full Moon Wine နှင့် ဆိုင်ကယ်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၆၇၈၀၀၀) နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်လာသော Nissan Diesel အမျိုးအစား ၁၂ ဘီး ကုန်တင်ယာဉ် တစ်စီးနှင့် Isuzu အမျိုးအစား ခြောက်ဘီး ကုန်တင်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၆၇၈၀၀၀) ကို ဖမ်းဆီး ရမိခဲ့ပြီး (အပေါ်ယာပုံ) အကောက်ခွန်လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် မှော်ဘီမြို့နယ်သစ်တောဦးစီးဌာန ဦးဆောင် သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်မြောက်ပိုင်းခရိုင် မှော်ဘီ မြို့နယ် လက်ပံတန်းစုကျေးရွာအနီး၌ တရားမဝင် ကျွန်းပရိဘောဂအပိုင်းအစများ ၀ ဒသမ ၆၀၅၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၁၆၈၀) နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသော TOYOTA PROBOX အမျိုးအစား လေးဘီး မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၁၈၁၆၈၀) ကို ဖမ်းဆီး ရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။
ထို့အတူ မေ ၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင် ရွက်ခဲ့ရာ မုံရွာမြို့နယ်အတွင်း တရားမဝင် လိုင်စင်မဲ့ ဒီဇယ် ပီပါ (ချက်ဆီ) အလုံး ၄၃၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၅၄၅၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့် ရေနံ ထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။
ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင် သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင် ကျောက်တံခါးမြို့နယ် အိုင်တုံကွန်းကြိုးဝိုင်းအတွင်း တရားမဝင် ပျဉ်းကတိုး သစ်ခွဲသား ၁ ဒသမ ၉၂၉၂ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၈၅၈၄၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဧပြီ ၂၉ ရက်နှင့် မေ ၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၅ မှု (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၄၁၆၉၅၅၂၀) ဖြစ်ကြောင်း တရား မဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ မှ သိရသည်။
သတင်းစဉ်