
နေပြည်တော် မတ် ၁၀
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်မြောက်ပိုင်းခရိုင် မှော်ဘီ မြို့နယ်အတွင်း တရားမဝင် ကျွန်းပါကေး အကြမ်းတုံး ၀ ဒသမ ၈၁၃၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၃၉၆၀) နှင့် အဆိုပါသစ်များ တင်ဆောင်လာသော Toyota Kluger အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၂၄၃၉၆၀ ကို ဖမ်းဆီး ရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ မတ် ၉ ရက်တွင် အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန်ကျ အကောက် ခွန်အဖွဲ့မှ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန် ကြေညာလွှာ(ID)တွင် ကြေညာထားခြင်း မရှိသော ချိတ်လုံချည် အထည်စ အထုပ် ၅၃၀၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၃၆၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မွန်ပြည်နယ် မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်းမှ အကောက်ခွန်ဦးစီးဌာန ဦးဆောင် သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသည့် မော်တော်ယာဉ် ကို စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာ လွှာ(ID)တွင် ကြေညာထားသည့် ပစ္စည်းများနှင့် အတူ ရောနှောတင်ဆောင်လာသော တရားဝင် စာရွက်စာတမ်းအထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် Balloon အမှတ်တံဆိပ်ပါ သကြားလုံး အထုပ် ၇၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၁၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မတ် ၁၀ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်လိုက်မြို့နယ် အတွင်း တရားမဝင် ကျွန်းခွဲသား ၁ ဒသမ ၅၈၂၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇၄၆၆၀) ကို ဖမ်းဆီး ရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။
၎င်းအပြင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေး စခန်း၌ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေး မှုများ ဆောင်ရွက်ခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိ သည့် မော်တော်ဆိုင်ကယ် တာယာနှင့်ကျွတ်များ ၂၄၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၃၂၂၅၁၅) အား ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ မတ် ၇ ရက်၊ ၉ ရက်နှင့် ၁၀ ရက်တို့ တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ခြောက်မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၉၈၇၄၁၁၃၅ ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။
သတင်းစဉ်