
နေပြည်တော် မတ် ၁၃
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၁၂ ရက်တွင် မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ဆိပ်ကမ်းတာဝန်ကျ အကောက်ခွန်အဖွဲ့မှ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ၊ သွင်းကုန်လိုင်စင်တို့နှင့် ကွဲလွဲစွာတင်သွင်းလာသည့် စတီးပိုက်များ(ဆိုဒ်စုံ) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇,၈၀၀,၀၀၀) ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ မွန်ပြည်နယ် မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များမှ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန် မြို့သို့ ထွက်ခွာလာသည့် ကုန်တင်ယာဉ် တစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားသည် ထက် ပိုမိုတင်ဆောင်လာသော တရားဝင်စာရွက် စာတမ်း အထောက်အထား တစ်စုံတစ်ရာတင်ပြ နိုင်ခြင်းမရှိသည့် တရားမဝင် အဝတ်အထည်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၄၄,၇၀၀)ကို ဖမ်းဆီးရမိ ခဲ့ပြီး အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။
ထို့အတူ မတ် ၁၃ ရက်တွင် စစ်ကိုင်းတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးရေးအဖွဲ့များမှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ယင်းမာပင်မြို့နယ် အတွင်း တရားမဝင် ပိတောက်ခွဲသား (၃၄ ဒသမ ၄၈) တန် (ခန့်မှန်တန်ဖိုး ငွေကျပ် ၁၀,၃၄၄,၀၀၀)ကို သစ်တောဥပဒေအရ လည်းကောင်း၊ မုံရွာမြို့နယ် အတွင်း တရားမဝင်စက်သုံးဆီများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄,၁၈၀,၀၀၀) ကို ရေနံနှင့် ရေနံထွက် ပစ္စည်း ဆိုင်ရာဥပဒေအရလည်းကောင်း စုစုပေါင်း(ခန့်မှန်း တန်ဖိုးငွေကျပ် ၁၄,၅၂၄,၀၀၀) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင် သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက သတင်းအရ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်ရှိ သစ်တော ကြိုးဝိုင်းအတွင်း တရားမဝင်ကျွန်းသစ်နှင့် သစ်မာ သစ် (၄ ဒသမ ၇၇၀၄) တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၃၃၅,၄၂၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်ခဲ့သည်။
သို့ဖြစ်ပါ၍ မတ် ၁၂ ရက်နှင့် ၁၃ ရက်များတွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ငါးမှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၅,၇၀၄,၁၂၀) ဖြစ်ကြောင်း တရား မဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်