
နေပြည်တော် ဇန်နဝါရီ ၁၂
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၁ ရက်တွင် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းအဖွဲ့က Toyota Hiace ယာဉ်နှစ်စီးပေါ်မှ ခရီးသည်ပစ္စည်း များနှင့်အတူ ရောနှောသယ်ဆောင်လာသော တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြ နိုင်ခြင်းမရှိသည့် လျှပ်စစ်ရေနွေးအိုး ၃၉၀၊ ဖိနပ်အစုံ ၅၈၀၊ လျှပ်စစ်ဒယ်အိုး ၁၀၀၊ ခေါင်းလိမ်းဆီဘူး ၅၈၀၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၉၁၅,၀၀၀) ကို ဖမ်းဆီးရမိခဲ့သည်။
အလားတူ စစ်ကိုင်းတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့မှ ကလေးဝမြို့နယ်၌ တောရိုင်းတိရစ္ဆာန် မျိုးစုံ ၈၂ ကောင် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ဇန်နဝါရီ ၁၂ ရက်တွင် ပူးပေါင်း အဖွဲ့မှ ကလေးမြို့နယ်တွင် (လိုင်စင်မဲ့) TOYOTA ALPHARD ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၅,၀၀၀,၀၀၀) ကို လည်း ကောင်း ဖမ်းဆီးရမိခဲ့သည်။
ထို့အပြင် ယနေ့တွင် ပဲခူး တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသ ကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် ပဲခူး၊ တောင်ငူနှင့် သာယာဝတီ ခရိုင်များအတွင်းရှိ ကြိုးဝိုင်း သစ်တောများအတွင်း တရားမဝင် သစ်များ ထုတ်လုပ်လျက်ရှိ ကြောင်း သတင်းအရ ဝင်ရောက် စစ်ဆေးခဲ့ရာ တရားမဝင်သစ်မျိုးစုံ ၄၅ ဒသမ ၀၀၉ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၆,၈၃၃,၅၄၀) ကို ဖမ်းဆီးရမိခဲ့သည်။
သို့ပါ၍ ဇန်နဝါရီ ၁၁ ရက်တွင် မရမ်းချောင် အမြဲတမ်းစစ်ဆေး ရေးစခန်း ပူးပေါင်းအဖွဲ့ကဖမ်းဆီး ရမိသည့် လူသုံးကုန်ပစ္စည်း လေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၉၁၅,၀၀၀) ကို အကောက်ခွန် ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများ အရလည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ ဖမ်းဆီးရမိသည့် တောရိုင်းတိရစ္ဆာန် ၈၂ ကောင် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀,၀၀၀,၀၀၀) နှင့် ပတ်သက်၍ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေး နယ်မြေများ ကာကွယ် စောင့်ရှောက်ခြင်း ဆိုင်ရာဥပဒေအရလည်းကောင်း၊ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသ ကြီးမှ ဖမ်းဆီးရမိသည့် လိုင်စင်မဲ့ ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅,၀၀၀,၀၀၀)ကို ပို့ကုန် သွင်းကုန် ဥပဒေအရလည်း ကောင်း၊ ပဲခူးတိုင်းဒေသကြီးမှ ဖမ်းဆီးရမိသည့် သစ်မျိုးစုံ ၄၅ ဒသမ ၀၀၉ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆,၈၃၃,၅၄၀) ကို သစ်တောဦးစီးဌာန၏ လုပ်ထုံး လုပ်နည်းများအရလည်းကောင်း အရေးယူ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်