တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အဂတိကင်းရှင်း၊ တာဝန်ကျေပွန်စွာဆောင်ရွက်

 

တရားမဝင်ကုန်သွယ်မှုများတွင် တာဝန်ကျဝန်ထမ်းများ ပါဝင် ပတ်သက်မှုမရှိစေရေး အထူးသတိပြုရန် ဇန်နဝါရီလ ၁၈ ရက်တွင်  ကျင်းပသည့်  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) တွင်   ဦးဆောင်ကော်မတီဥက္ကဋ္ဌ   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းက အလေးအနက်မှာကြား သတိပေးခဲ့သည်။

 


ဆက်လက်၍ ဦးဆောင်ကော်မတီဥက္ကဋ္ဌက  “လာဘ်ပေး လာဘ်ယူကင်းရှင်းရေးကို အစည်းအဝေးတိုင်းတွင် ထပ်ကာ ထပ်ကာ  မှာကြားနေသည့်အပြင်  ဝန်ထမ်းများ  တရားမဝင် ကုန်သွယ်မှုများတွင် ငွေကြေးတောင်းခံခြင်း၊ တံစိုးလက်ဆောင် ရယူခြင်းများ မရှိစေရေး သတိပေးညွှန်ကြားမှုများကိုလည်း ပြုလုပ်ခဲ့ကြောင်း၊ ယင်းသို့ အကြိမ်ကြိမ်သတိပေးထိန်းကျောင်း နေသည့်ကြားမှ    တရားမဝင်ကုန်သွယ်မှုများတွင်   ပါဝင် ပတ်သက်နေသည့် ဝန်ထမ်းများကို စိစစ်တွေ့ရှိပါက စံနမူနာပြ အနေဖြင့် ထိထိရောက်ရောက် အရေးယူသွားရမည်ဖြစ်သည်ကို ထပ်လောင်းပြောကြားလိုကြောင်း” မှာကြားခဲ့ရာ  တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအတွက် တားဆီးဖမ်းဆီးအရေးယူမှု လုပ်ငန်းစဉ်များတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ အားလုံး  ကျင့်ဝတ်နှင့်  စည်းမျဉ်းစည်းကမ်းများကို   လေးစား လိုက်နာစောင့်ထိန်းကြပြီး   နိုင်ငံတော်နှင့်   ပြည်သူအပေါ် သစ္စာရှိစွာ တာဝန်ကျေပွန်ကြရမည်ဖြစ်သည်။

 


တရားမဝင် ကုန်သွယ်မှုသည် မိမိတို့နိုင်ငံတွင် နှစ်ပေါင်း ရှည်ကြာကပင် တည်ရှိနေခဲ့ခြင်းဖြစ်သကဲ့သို့ အတိုင်းအတာ ပမာဏကလည်း ကြီးမားလှသည်။ အခွန်ပေးဆောင်ရမည်ကို တိမ်းရှောင်ပြီး  တရားမဝင်နည်းလမ်းဖြင့်  ကုန်သွယ်ခြင်း ကြောင့် နိုင်ငံတော်၏ အခွန်ဆုံးရှုံးမှုမှာ နှစ်စဉ် အမေရိကန် ဒေါ်လာ သန်း ၆၀၀ ခန့်ရှိနေသည်။ တရားမဝင်ကုန်သွယ်မှုလမ်းကြောင်းမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများကြောင့် ပြည်တွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ၏ ကုန်သွယ်မှုကဏ္ဍကိုရော ကုန်ထုတ်လုပ်မှု ကဏ္ဍကိုပါ  ဆိုးဆိုးရွားရွား   ထိခိုက်စေသည်ဟု   MSME လုပ်ငန်းရှင်များက  ပြောကြားကြရာ ပြည်တွင်း  MSME  များ ရပ်တည်ရှင်သန်နိုင်ရေးနှင့် အောင်မြင်နိုင်ရေးအတွက် တရား မဝင်ကုန်သွယ်မှုကို ထိရောက်စွာ နှိမ်နင်းနိုင်ရမည်ဖြစ်သည်။ ထို့အပြင် အရည်အသွေးစံချိန်စံညွှန်းနှင့် စားသောက်သုံးစွဲရန် သင့် မသင့်  စစ်ဆေးမှုကင်းမဲ့သည့်  တရားမဝင်  ဆေးဝါး၊ စားသောက်ကုန်၊ အဖျော်ယမကာ၊ လူသုံးကုန်များကြောင့်လည်း ပြည်တွင်းမှ စားသုံးသူများ ထိခိုက်နစ်နာဆုံးရှုံးမှုတို့ ဖြစ်ပေါ်စေ သည်။

 


နိုင်ငံအတွက် ရသင့်ရထိုက်သည့် အခွန်အခများ အပြည့် အဝ ကောက်ခံရရှိရေး၊ နိုင်ငံ၏  အဓိကစီးပွားရေးမောင်းနှင်အားဖြစ်သော အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး လုပ်ငန်းများ  ရှင်သန်ရေးနှင့်   ဖွံ့ဖြိုးတိုးတက်လာစေရေး၊ စားသုံးသူပြည်သူများ     ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်  မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်းများကဲ့သို့သော လူငယ်များ၏ ဘဝနှင့်   ပြည်သူ့လုံခြုံရေးကို   ပျက်စီးစေသည့်အရာများ ဝင်ရောက်မလာစေရေးအတွက်   တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးကို   အမျိုးသားရေးတာဝန်အဖြစ်   ခံယူကာ အဂတိကင်းရှင်းစွာဖြင့်  ပေးအပ်သည့်တာဝန်   ကျေပွန်ကြပါစေ ကြောင်း။           ။