
နေပြည်တော် ဇွန် ၁၈
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၅ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပါဝင်သော ပူးပေါင်းအဖွဲ့က ၆၄(အေ)လမ်း၊ ၁၁၂ လမ်းနှင့် သံလမ်းကြားရှိ မြေစိုက် ဂိုဒေါင်တွဲလျက် ငါးခန်းအား စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လူသုံးကုန် ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၅၃၃၉၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ ဇွန် ၁၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသ ကြီး သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ ရန်ကုန်မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်းအဝင်လမ်းထိပ်၌ တရားမဝင် တောင်သရက်သစ်ခွဲသား ၄ ဒသမ ၂၈၇၆ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၀၁၃၂)နှင့် အဆိုပါ သစ်များတင်ဆောင်လာသော ကုန်တင်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၃၀၀၁၃၂) ကို ဖမ်းဆီးရမိခဲ့ပြီး(အပေါ်ယာပုံ) သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇွန် ၁၇ ရက်တွင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပေါင်မြို့နယ် ရင်းငြိမ်မြောက် ကျေးရွာအုပ်စု ဘူတာပိုင်း၌ တရားမဝင် အမိုနီယမ်နိုက်ထရိတ် ၈၀၀၀ ကီလိုဂရမ်(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၂၀၀၀၀၀)ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရလည်းကောင်း၊ ထပ်မံ၍ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ Lactasoy Soymilk ၃၂၅ ဖာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၃၅၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းအရလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၀၃၅၀၀၀)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေး ရေးစခန်း၌ တာဝန်ကျစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင် လာသော ELECTRIC FRYING PAN အိုး ၃၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၅၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇွန် ၁၇ ရက်တွင် ပဲခူးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူး ဦးစီး၍ စစ်ဘက် ရေးရာ လုံခြုံရေးတပ်ဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပါဝင်သော ပူးပေါင်းအဖွဲ့က ပဲခူးမြို့နယ်၌ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော ၁၂ ဘီး ကုန်တင်ယာဉ်နှစ်စီးပေါ်မှ စားသောက်ကုန်မျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇၃၄၈၀၀၀)နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်လာသော ကုန်တင်ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၀၀၀၀၀၀၀) ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းအရ လည်းကောင်း၊ ဇွန် ၁၈ ရက်တွင် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင် ခပေါင်းကြိုးဝိုင်းနှင့် သာယာဝတီခရိုင် သဲဝါကြိုးဝိုင်းတို့ အတွင်း တရားမဝင်ကျွန်းသစ် ၈ ဒသမ ၉၇တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၄၆၅၂၀)ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀၀၀၉၄၅၂၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက် ရှိသည်။
ဆက်လက်၍ ဇွန် ၁၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွှေဘိုမြို့နယ်နှင့် ဝက်လက်မြို့နယ်အတွင်း တရားမဝင် ဓာတ်ဆီ ၂၉၂ ဂါလန်နှင့် ဒီဇယ် ၁၅၆ ဂါလန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၀၄၇၆၀၀)ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း၊ စစ်ကိုင်းမြို့နယ်တွင် BMW အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေ အရလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၄၇၆၀၀)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဇွန် ၁၅ ရက်၊ ၁၆ ရက်၊ ၁၇ ရက်နှင့် ၁၈ ရက်များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၂၀ မှု (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၅၇၀၆၆၂၅၂) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။ သတင်းစဉ်