
ချန်ဒု စက်တင်ဘာ ၁၆
တရုတ်နိုင်ငံအနောက်တောင်ပိုင်း ဆီချွမ်ပြည်နယ် လူကျို့မြို့ လူကျန်းစီရင်စုတွင် စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းက ပြင်းအား ၆ ဒသမ ၀ အဆင့်ရှိ ငလျင် လှုပ်ခဲ့ရာ သုံးဦးသေဆုံးပြီး ၆၀ ကျော် ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ဆေးရုံတင်လိုက်ရသူများအနက် သုံးဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း မြို့တော်အရေးပေါ်စီမံခန့်ခွဲမှုဗျူရိုက ပြောသည်။
တရုတ်ငလျင်စီမံခန့်ခွဲရေးက ကယ်ဆယ်ရေး အဖွဲ့တစ်ဖွဲ့ကို မြေပြင်ဒုက္ခသည်ကယ်ဆယ်ရေး ဆိုင်ရာ လမ်းညွှန်မှုပေးရန် စေလွှတ်ခဲ့သည်။ အနီး အနားရှိ မီးသတ်နှင့် ကယ်ဆယ်ရေးတပ်ဖွဲ့မှ အုပ်ချုပ် ရေးအရာရှိနှင့် မီးသတ်အဖွဲ့ဝင်ပေါင်း ၈၉၀ ကို စုရုံးပြင်ဆင်ထားပြီး ကယ်ဆယ်ရေးသမား ၄၆၀၀ ကိုလည်း အသင့်အနေအထားပြင်ဆင်ထားသည်။
နံနက် ၈ နာရီခွဲ အပျက်အစီးစာရင်းအရ နေအိမ် ၇၃၇ လုံးပြိုကျခဲ့ပြီး ၇၂ လုံးမှာ အများအပြားပျက်စီး ခဲ့ကာ ၇၂၉၀ လုံးမှာ အနည်းငယ်ပျက်စီးခဲ့ကြောင်း သိရသည်။ ငလျင်၏ဗဟိုချက်နေရာဖြစ်သည့် ရေဘေးသင့် ဂျီမင်မြို့နယ်ရှိ လမ်းများပေါ်တွင် နံရံအပြိုအပျက်များ၊ အိမ်အပြိုအပျက်များ စုပုံ လျက်ရှိသည်။ လျှပ်စစ်မီးများကိုလည်း ဖြတ်တောက် ထားသည်။ ဒေသခံများမှာ အပျက်အစီးများကို ရှင်းလင်းလျက်ရှိသည်။
ဒုက္ခသည်ခိုလှုံရာနေရာများတွင် ကယ်ဆယ်ရေး အလုပ်သမားများက ငလျင်ဒဏ်ခံပြည်သူများကို မုန့်နှင့် စားစရာများ ဝေငှပေးခဲ့သည်။ ငလျင်ဒဏ် ခံရသူ ၆၉၀၀ ကျော် ပြောင်းရွှေ့နေထိုင်လျက်ရှိပြီး ၁၀၀၀၀ ကျော်မှာ ယာယီခိုလှုံရေးစခန်းများတွင် နေထိုင်လျက်ရှိကြောင်း ဒေသအစိုးရက ပြောသည်။
တရုတ်ငလျင်ကွန်ရက်ဌာနက ငလျင်သည် စက်တင်ဘာ ၁၆ ရက် ဒေသစံတော်ချိန် နံနက် ၄ နာရီ ၃၃ မိနစ်တွင် လှုပ်ခဲ့ကြောင်း၊ ငလျင်ဗဟိုချက် နေရာသည် မြောက်လတ္တီကျု ၂၉ ဒသမ ၂ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၀၅ ဒသမ ၃၄ ဒီဂရီနေရာတွင် ဖြစ်ကြောင်းနှင့် ငလျင်သည် မြေအောက်အနက် ၁၀ ကီလိုမီတာတွင် လှုပ်ခဲ့ကြောင်း ၎င်းက ပြောသည်။
ဆင်ဟွာ