
ဟာရာရီ စက်တင်ဘာ ၂၇
ဇင်ဘာဘွေနိုင်ငံသည် တရုတ်နိုင်ငံက လှူဒါန်းသည့် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ်ကို စက်တင်ဘာ ၂၆ ရက်တွင် လက်ခံရရှိခဲ့ကြောင်း ယနေ့သတင်းများအရ သိရသည်။
အဆိုပါ တရုတ်နိုင်ငံက လှူဒါန်းသည့် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဇင်ဘာဘွေနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ရှာအိုချန်က ဇင်ဘာဘွေနိုင်ငံ၏ ဒုတိယ သမ္မတနှင့် ကျန်းမာရေးနှင့် ကလေးသူငယ်စောင့်ရှောက်ရေး ဝန်ကြီးဖြစ်သူ ချီဝန်ဂါထံသို့ ဟာရာရီမြို့၏ အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းကာကွယ်ဆေးများကို လက်ခံရရှိခဲ့ပြီးနောက် ချီဝန်ဂါ က ဇင်ဘာဘွေနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တိုက်ဖျက် ရေးတွင် အထောက်အပံ့ပေးသည့်အတွက် တရုတ်နိုင်ငံအား ကျေးဇူးတင်ရှိပါကြောင်း ထုတ်ဖော်ပြောကြားသည်။
ဇင်ဘာဘွေနိုင်ငံသည် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို ဖေဖော်ဝါရီလအတွင်းက စတင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးသူစုစုပေါင်း သုံးသန်းကျော်ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ ၂ ဒသမ ၁ သန်းကျော်ရှိကြောင်း သိရသည်။
လက်ရှိတွင် ဇင်ဘာဘွေနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရသူပေါင်း ၁၂၉၅၀၅ ဦး၊ ပြန်လည်ကျန်းမာလာသူပေါင်း ၁၂၁၁၂၈ ဦးနှင့် သေဆုံးသူပေါင်း ၄၆၀၃ ဦးရှိကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အလင်းသစ်