
ဟာရာရီ ဇူလိုင် ၂၇
ဇင်ဘာဘွေနိုင်ငံသည် တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ခြောက်ကြိမ်မြောက်အဖြစ် ဇူလိုင် ၂၅ ရက် တွင် လက်ခံရရှိခဲ့ကြောင်းနှင့် ဇင်ဘာဘွေနိုင်ငံသည် လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် နိုင်ငံ တစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခု ဇင်ဘာဘွေနိုင်ငံသို့ ရောက်ရှိလာသည့် တရုတ်နိုင်ငံ ထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမှာ Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဖြစ်ပြီး ဇူလိုင် ၂၉ ရက်တွင် တရုတ် နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထပ်မံရောက်ရှိ လာမည်ဟု မျှော်လင့်ကြောင်းနှင့် ဩဂုတ်လတွင်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထပ်မံရောက်ရှိလာမည် ဖြစ်ကြောင်း ဇင်ဘာဘွေနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး အမ်သူလီအင်န် ကူဘီက ပြောကြားသည်။
ဇင်ဘာဘွေနိုင်ငံသည် ယခုနှစ်ကုန်ပိုင်းတွင် နိုင်ငံလူဦးရေ အနည်းဆုံး ၁၀ သန်းအထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
ဇင်ဘာဘွေနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု တတိယလှိုင်းဖြစ်ပွားမှုကြောင့် နိုင်ငံတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူစုစုပေါင်း ၃၀၀၀ ကျော်ရှိသွားပြီဖြစ်ကြောင်း၊ ယနေ့အထိ ဇင်ဘာဘွေနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၉၇၂၇၇ ဦးရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသူစုစုပေါင်း ၆၄၆၂၈ ဦးရှိကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အလင်းသစ်