တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ချီလီနိုင်ငံ ထပ်မံလက်ခံရရှိ

ဆန်တီယာဂို   ဩဂုတ်  ၂၈


ချီလီနိုင်ငံသည် တရုတ်နိုင်ငံဆေးဝါးကုမ္ပဏီ Sinovac ထံမှ Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဩဂုတ် ၂၇ ရက်တွင်   ထပ်မံလက်ခံရရှိခဲ့ကြောင်း ယနေ့သတင်းများအရ သိရသည်။


အဆိုပါ Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများသည် ဩဂုတ် ၂၇ ရက်တွင် ဆန်တီယာဂို အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း နှင့် ကာကွယ်ဆေးများကို ချီလီနိုင်ငံကျန်းမာရေး ဝန်ကြီး အင်းနရစ်ပဲရစ် နှင့် ကျန်းမာရေးဒုတိယဝန်ကြီး ပေါလာဒါဇာတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။
ချီလီနိုင်ငံ     ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ ယခုရောက်ရှိလာသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများသည် ဖေဖော်ဝါရီလ နောက်ပိုင်းမှစတင်ကာ ချီလီနိုင်ငံသို့ ရောက်ရှိလာ သည့်   ၁၆ သုတ်မြောက်ဖြစ်ကြောင်း သိရသည်။


ချီလီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရန် ရည်ရွယ်ထားသည့် လူဦးရေ ၁၅ ဒသမ ၂ သန်းအနက်မှ လူဦးရေ ၉၀ ရာခိုင်နှုန်းနီးပါးသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး    အနည်းဆုံး တစ်ကြိမ်ထိုးနှံပြီးဖြစ်ကြောင်း၊ ချီလီနိုင်ငံသားတိုင်း အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရန် ဆန္ဒရှိကြောင်းနှင့်    Sinovac  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့်   AstraZeneca ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတို့ကို အသုံးပြုကာ အသက် ၁၈ နှစ် အထက် အသက်အရွယ်ရှိသူများကို ကာကွယ်ဆေးထိုးနှံပေးတော့မည်ဖြစ်ကြောင်း ချီလီနိုင်ငံ ကျန်းမာ ရေးဒုတိယဝန်ကြီး ဒါဇာက ပြောကြားသည်။ 


 ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်