
ပေကျင်း သြဂုတ် ၂၆
တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် အာဖဂန်နစ္စတန် အရေးနှင့်ပတ်သက်၍ တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရ သည်။
အာဖဂန်အရေးနှင့် ပတ်သက်ပြီး ရုရှားနိုင်ငံ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းနှင့် ဆက်သွယ်ဆွေးနွေးမှု များကို အရှိန်မြှင့်တင်စေလိုကြောင်းနှင့် နိုင်ငံပေါင်းစုံပါဝင်နိုင်သည့် နိုင်ငံရေး မူဘောင်တစ်ခုကို တည်ဆောက်သွားရန် အာဖဂန်နစ္စတန်နိုင်ငံရှိ အဖွဲ့အစည်းများ ကို ထောက်ပံ့ပေးရန် လိုအပ်ကြောင်း သမ္မတ ရှီကျင့်ဖျင်က ဆိုသည်။
အာဖဂန်နစ္စတန်နိုင်ငံမှ ဆင်းသက် လာသည့် အကြမ်းဖက်ခြိမ်းခြောက်မှု လုပ်ရပ်များနှင့် မူးယစ်ဆေးဝါးရောင်း ဝယ်ဖောက်ကားမှုများအား တန်ပြန် တိုက်ဖျက်ရန် စီမံချက်များကို အရှိန် မြှင့်ဆောင်ရွက်ရေး ခေါင်းဆောင်နှစ်ဦးက သဘောတူခဲ့ကြောင်း ကရင်မလင်က သတင်းထုတ်ပြန်ခဲ့သည်။
ထို့ပြင် အိမ်နီးချင်းနိုင်ငံများ၌ ဆူပူ အုံကြွမှုများ ကူးစက်ပျံ့နှံ့သွားမည့်အရေး ကို ကာကွယ်ရန် အရေးကြီးကြောင်းကို လည်း ခေါင်းဆောင်နှစ်ဦးက အလေး ပေးဆွေးနွေးခဲ့ကြောင်း ကရင်မလင်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် ဒေသတွင်း တည်ငြိမ် အေးချမ်းမှုရှိစေရေးအတွက် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (the Shanghai Cooperation Organisation) သဘောတူညီချက်အတိုင်း ဆောင်ရွက် သွားရန် ခေါင်းဆောင်နှစ်ဦးက သဘော တူညီခဲ့ကြသည်။ အဆိုပါ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ သဘော တူညီချက်တွင် တရုတ်၊ ရုရှားနိုင်ငံတို့ အပါအဝင် ဗဟိုအာရှနှင့် တောင်အာရှ နိုင်ငံများ ပါဝင်သည်။
တရုတ်နှင့် ရုရှားနှစ်နိုင်ငံသည် အမေရိကန်နှင့် အခြားသောနိုင်ငံများ၏ တုံ့ပြန်ဆောင်ရွက်မှုများကို တန်ပြန် ဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိကြောင်း နိုင်ငံရေးစောင့်ကြည့်လေ့လာသူများက ဆိုသည်။ စက်မှုထိပ်သီးနိုင်ငံများအဖွဲ့ (ဂျီ ၇)က ယမန်နေ့တွင် အာဖဂန်နစ္စတန် အရေးနှင့်ပတ်သက်၍ အွန်လိုင်း အစည်းအဝေးတစ်ရပ် ကျင်းပကာ ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ သည်။
ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ၎င်းအနေဖြင့် ရုရှားနိုင်ငံသားများ အပါအဝင် အခြားနိုင်ငံသားများကို စစ်တပ်ပို့ဆောင်ရေး လေယာဉ်များဖြင့် အာဖဂန်နစ္စတန်နိုင်ငံမှ သယ်ဆောင် လျက်ရှိကြောင်း ပြောသည်။
သမ္မတ ပူတင်၏ ညွှန်ကြားချက်အရ ဘီလာရုစ်၊ တာဂျစ်ကစ္စတန်နှင့် အခြား သော ဆိုဗီယက်သမ္မတနိုင်ငံဟောင်း များမှ ပြည်သူ ၅၀၀ ကျော်အား အာဖဂန် နစ္စတန်နိုင်ငံမှ ခေါ်ဆောင်သွားမည် ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဌာနက ဆိုသည်။
ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်- အောင်ကျော်ကျော်