တတ်အားသမျှ ပါ၀င်ကုသိုလ်ဒါနပြုခြင်းဖြင့် တိဟိတ်ပုဂ္ဂိုလ်များဖြစ်ကြပါစေ

Type

လူသားတို့လောဘကြောင့်ဖြစ်ရသည့် ဒုဗ္ဘိက္ခန္တရကပ်၊ မောဟကြောင့်ဖြစ်ရသည့် ရောဂန္တရကပ်၊ ဒေါသကြောင့်ဖြစ်ရသည့်  သတ္တန္တရကပ်။    ဤကပ်ကြီးသုံးပါးအနက် ကူးစက်ရောဂါကပ်ဘေးကြောင့်ဖြစ်ရသော  ရောဂန္တရကပ်ဘေးဆိုးကြီးကြောင့်   ကမ္ဘာ့လူသားအားလုံး  ထိခိုက်ပျက်စီးမှုများစွာဖြင့်    လက်တွေ့ရင်ဆိုင်ဖြေရှင်းနေကြရသည်။

 


ထို့ကြောင့်လည်း  ဤသို့ ကပ်ဘေးကြီးများ ရင်ဆိုင်နေရချိန်တွင် ဝေနေယျသတ္တဝါအပေါင်းတို့အနေဖြင့် ဒါနအပါအဝင် ကုသိုလ်ရေးများကိုမမေ့မလျော့ဘဲ  အာရုံစိုက်  ကုသိုလ်ပြုစေချင်ပါသည်။  လှူတတ်လျှင် မြတ်သည့်အတွက် အလှူဒါနပြုတိုင်းလည်း အပြစ်အနာအဆာကင်းသော ဒါနကုသိုလ်မျိုးသာ ဖြစ်စေချင်ပါသည်။ ဆင်းရဲမှုများကြားက အလှူရေစက်လက်နှင့်မကွာဆိုသလို ဒါနကုသိုလ်ပြုသူများနှင့်  မည်သို့သော   ကုသိုလ်အမျိုးမျိုးကိုမဆို  ဝမ်းမြောက်ကြည်နူးစွာဖြင့် တန်ဖိုးထားဂုဏ်ယူရမည် ဖြစ်ပါသည်။

 


အလွှာအားလုံး၏ တတ်အားသမျှ 
ဒါနမျိုးစုံကို သာဓုခေါ်ဆိုအပ်ပါသည်

 


ဆုံးမထိုက် နာယူခံထိုက်သော ဗုဒ္ဓဘာသာဝင် အများစုဖြစ်သည့်    မြန်မာလူမျိုးတို့အနေဖြင့်  ဘယ်ခေတ်ဘယ်အခါမဆို  အလှူဒါနအရာတွင် ရက်ရက်ရောရော  လှူဒါန်းဖြစ်ကြသည်။  မြန်မာ လူမျိုးများသည်  ဆင်းရဲသော်လည်း ပရဟိတတွင် ချမ်းသာကြသည်။ လိုအပ်‌သောအချိန်တွင် လိုအပ် သလို မိမိပိုင်ဆိုင်မှုကိုစွန့်လွှတ်ရန် ဝန်မလေးဘဲ၊ ဒုက္ခရောက်သူကို  ပစ်ပယ်ခြင်း၊   လျစ်လျူရှုခြင်း၊ တွန့်တိုခြင်းအလျှင်းမရှိဘဲ  ကူညီစောင့်ရှောက်ကြ သည်။ 

 


ယခုကပ်ဘေးကြီးတွင်လည်း  မိမိတတ်အား သမျှ ကျရာကဏ္ဍမှ   ပါဝင်ထမ်းရွက်နေကြပြီး ငွေကြေးတတ်နိုင်သူက  ငွေကြေး၊  နေရာထိုင်ခင်း တတ်နိုင်သူက နေရာထိုင်ခင်း၊   လုပ်အားတတ်နိုင်သူ က လုပ်အား  စသည်ဖြင့် ကပ်ဘေးကြီးကို     ရင်ဆိုင် မျှဝေ ပါဝင်ကူညီနေကြသည်ကို   တွေ့ရသည်။     အားလုံးရင်ဆိုင်နေရသည့်    ဒုက္ခဘေးဆိုးကြီးမှ   လွတ်မြောက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် အစား အသောက်အပါအဝင် ဆေးဝါးကိရိယာ အထောက် အကူပြုပစ္စည်းများ၊ နှာခေါင်းစည်းမှအစ   အသက် ကယ်အောက်ဆီဂျင်အထိ     တန်ဖိုးနည်းသည်၊ များသည်မဟူ လှူဒါန်းမှုဒါနအစုစုကို အားတက် သရော တွေ့မြင်နေကြရသည်။ 
အချို့က မိမိပိုင်ဆိုင်သော   တန်ဖိုးကြီးဥစ္စာ ပစ္စည်းများကိုပင်ရောင်းချပြီး လှူဒါန်းကြသည်ဟု  ကြားသိရသည်။ ရဟန်းသံဃာတော်များကလည်း အန္တရာယ်ကင်းဘေးရှင်းရေးအတွက် ပရိတ်ပဋ္ဌာန်း တရားတော်များဖြင့် အသံမစဲရွတ်ဖတ်သရဇ္ဈာယ် တားဆီးကာကွယ်ပေးကြသည်။    ဆရာတော် သံဃာ‌တော်များအပါအဝင်   လူထုလူတန်းစား အလွှာအားလုံး၏  လှူဒါန်းဒါနပြုနေမှုများကို တွေ့‌မြင်ကြားသိရသည့်အခါ  ထိုကုသိုလ်ရှင်များ၏ စေတနာနှင့်        သဒ္ဓါတရားကို      တန်ဖိုးထား ဝမ်းမြောက်ဝမ်းသာစွာဖြင့်  သာဓုအထူးခေါ်ဆိုမိပါ သည်။ 

 


ကောင်းမှုကံများကို ဖြစ်စေသော 
ဤဒါနသည် အဖိုးတန်မွန်မြတ်လှပါသည်

 


ဗုဒ္ဓဘာသာဝင်  သူတော်စင်အပေါင်းတို့အနေ ဖြင့် နောင်ဘဝနောင်သံသရာ နိဗ္ဗာန်မရမီစပ်ကြား ဗုဒ္ဓဘာသာဝင် ပြန်ဖြစ်ရသည်ပင် အထူးမြတ်လှ ပါပြီ။ သဒ္ဓါ၊ သီလ၊ ပညာ စသည့် အင်္ဂါရပ်များအပေါ်တွင် အခြေခံသော မြင့်မြတ်လှသော ဒါနကုသိုလ်နှင့်ပင်    မိမိတောင့်တသော   ဘုံဘဝ၊ မတောင့်တသော်လည်း ရသည့်ဂုဏ်အင် ပြည့်စုံရပါသည်။ 

 


ဒါနသည်   ကောင်းကျိုးတို့၏တည်ရာ    ပြုသင့် ပြုထိုက်သော ပုညကြိယာဝတ္ထု-  ၁၀ ပါးတွင် တစ်ပါး အပါအဝင်ဖြစ်၍ မိမိလှူဒါန်းလိုက်ခြင်း၊ စွန့်လွှတ် လိုက်ခြင်းကို ဖြစ်စေသော စေတနာအရင်းခံသည့် ထိုဒါနတစ်ခုသည်  အလွန်မွန်မြတ်တင့်တယ်လှပါ သည်။ 


မလှူခင်ကပင်  လှူဖို့ရာ  အားထုတ်နေရသည့် ရှေ့စေတနာ၊ လှူစဉ်လှူခိုက် ဖြစ်ဆဲစေတနာ၊ မိမိ လှူဒါန်းလိုက်သည်ကို အဖန်တလဲလဲ  အောက်မေ့ ကြည်နူးဝမ်းမြောက်နေသည့်  နောက်စေတနာအား ဖြင့် “ပုဗ္ဗ မုဉ္စ အပရ” ဟူသည့် စေတနာသုံးဖြာခြံရံနေ သည့် အလှူဒါနတစ်ခု၏   ကုသိုလ်အစွမ်းသည် အလွန်ကြီးမားလှပါပေသည်။ ပေးလှူသူကလည်း မိမိကပေးလှူလိုက်သည့်‌ စေတနာကြောင့်ဖြစ်သည့် “ပတ္တိဒါန” ကုသိုလ်ကောင်းမှုအဖို့ကို ပေးလှူသူက ရရှိသွားသည့်အပြင် အလှူရှင်က‌ ပေးလှူလိုက်သည့် ထို‌ကောင်းမှုကို  မိမိကိုယ်တိုင်ကလည်း  ဝန်တိုခြင်း ကင်းကင်းဖြင့် ဝမ်းမြောက်ဝမ်းသာ သာဓုအနုမော ဒနာဟု    ခေါ်ဆိုခွင့်ရလိုက်သည့်  စေတနာကြောင့် မိမိအတွက်လည်း “ပတ္တာနု မောဒနာ” ဟု ဆိုသည့် ကုသိုလ်တစ်ခုကို ရလိုက်ပါသည်။ 

 


ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ပညာ တည်းဟူသော အဓိပတိ လေးပါးကလည်း  ထိုကုသိုလ်ကို  လေးနက်စွာဖြင့် ကျေးဇူးပြု‌ပေးနေသည့်အတွက် မိမိပြုသော ထိုဒါန တစ်ခုနှင့်အတူယှဉ်တွဲ၍ မိမိကိုယ်တိုင်ရရှိလိုက်သည့် ကောင်းမှုကံများသည်  အဖိုးတန်လှသော  အကျိုး ကျေးဇူးများပင် ဖြစ်ပါတော့သည်။

 


စေတနာသဒ္ဓါတရားနှင့်  ဉာဏ်ပညာရှေ့ဆောင် သော ကာလဒါနသည် သူတော်ကောင်းတို့၏ ပါရမီ ဖြစ်သည် 

 


ဘုရား၊ တရား၊ သံဃာတည်း‌ဟူသော ရတနာ မြတ်သုံးပါးအပေါ်  ယုံကြည်မှု သဒ္ဓါတရား၊ မိမိ၏ ကိုယ် ကာယ၊ စိတ်ကာယကို ဖြူစင်သန့်ရှင်းအောင် ဆောက် တည်ထားသောသီလနှင့်   မိမိ၏ရုပ်နာမ်သင်္ခါရ တရားများကို မမြဲခြင်း၊ ဆင်းရဲခြင်း၊   အစိုးမရခြင်း တည်းဟူသော အနိစ္စ၊  ဒုက္ခ၊ အနတ္တ လက္ခဏာရေး သုံးပါးတင်၍ သတိကပ်ရှုမှတ်ပွားများ ဆင်ခြင်နေ သော ဝိပဿနာဉာဏ်ပညာ စသည်...  ဤအင်္ဂါရပ်များ ရှေ့ဆောင်နေသော ဒါနတရားသည် အထူးမွန်မြတ်လှ ပါသည်။ 
လောဘတဏှာကို မငြိတွယ်ဘဲ   စွန့်လွှတ်ခြင်း ဟူသည့်   လက္ခဏာရပ်ပါဝင်‌သောကြောင့်  သူတော် ကောင်းတို့၏ ပါရမီတစ်ပါးဟုလည်း  ဆိုထိုက်ပါ  သည်။ ထိုသို့    ကောင်းမြတ်သောစေတနာနှင့် ထက်သန်သော  သဒ္ဓါတရားများ   ရှင်သန်ယိုဖိတ် နေသည့်အတွက်   ထိုသူများကို ကြည့်လိုက်လျှင် “ဘယ်နေရာမှာ ဘာလိုနေလဲ၊ ဘယ်သူ့ကို    ဘယ် အချိန်မှာ    ဘာလှူရမလဲ”ကိုသာ    အစဉ်တွေး နေတတ်ပြီး  သူ့စိတ်မှာ လိုအပ်လျှင် လိုအပ်သည့်  ဘယ်နေရာမှာမဆို    လှူဖို့ရန်ကိုပဲ စဉ်းစားနေ တတ်သည်။ 
အချိန်ကာလအလိုက်   မကျန်းမာသူနှင့်   ဆင်းရဲ ဒုက္ခသောကရောက်နေသူများအပေါ်  သင့်တော်သလို အထောက်အပံ့ပေးကာ   ကာလဒါနကိုလည်း  အကျိုး ရှိစွာ  ပြုတတ်သူဖြစ်သည်။  ပံ့ပိုးပေးကမ်း ကူညီလို သော  ကုသိုလ်စိတ်နှင့်အတူ  ဒုက္ခရောက်ပြီး အကူ အညီလိုအပ်နေသူများအပေါ် ပေးချင်ကမ်းချင်စိတ်  ရှိနေတတ်သည်မှာ  ဖြူစင်လှပသော  ချစ်ခြင်းမေတ္တာ နှင့်  ကရုဏာတရားများပင်ဖြစ်သည်   မဟုတ်ပါ လား။

 


အလောဘ ၊ အဒေါသ၊  အမောဟကင်းသောကြောင့် တိဟိတ်ပုဂ္ဂိုလ်ဖြစ်ထိုက်သည်


ကုသိုလ်တရားသည် ကုသိုလ်တရားများအား အထူးကျေးဇူးပြုပါသည်။  အလှူဒါနနှင့် ပတ်သက် ၍ ထူးခြားလေးစားထိုက်သောလူပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ် မြတ်များစွာ  တွေ့ဖူးကြပါလိမ့်မည်။   သူတို့သည်   သူတို့ပိုင်ဆိုင်သော   စည်းစိမ်ချမ်းသာများကို အလွယ်တကူ စွန့်လွှတ်နိုင်ကြသည်။ ဘာကြောင့် ပါလဲ။ သူပိုင်ဆိုင်သော စည်းစိမ်ချမ်းသာများကို တွယ်တာတပ်မက်မှု ကင်းနေသောကြောင့်ဖြစ် သည်။  အကုသိုလ်နှင့်ယှဉ်သော လောဘတဏှာ ကင်းနေသောကြောင့်ဖြစ်သည်။ တွယ်တာနှောင်ဖွဲ့ ခြင်းကင်းမှုက ထိုသူ၏ စိတ်တွင် ကုသိုလ်စေတနာ သဒ္ဓါတရားများကို ပို၍ပို၍ တိုးပွားနေစေသည်။ 
အဖန်တလဲလဲ ကုသိုလ်စိတ်ရင့်သန်‌နေသည်ကို တွေ့ရသည်။   တစ်ပါးသူ၏   တိုက်တွန်းနှိုးဆော်မှု မပါဘဲ  မိမိကိုယ်တိုင် မိမိအသိဖြင့် ထက်ထက် သန်သန် လှူဒါန်းသော  စေတနာတရား၊ ဘုရား၊ တရား၊ သံဃာ ရတနာသုံးတန်နှင့်တကွ ကံ ကံ၏ အကျိုးကို ယုံကြည်သောသဒ္ဓါတရားများ ရှေ့ဆောင် ပြီး    ရွှင်လန်းဝမ်းမြောက်မှု  သောမနဿဖြင့်  လှူဒါန်းအပ်သော ဒါနမှန်သမျှသည် ကုသိုလ်အထူး ကြီးမားလှပါသည်။ 

 


ကိလေသာကုန်ရာ မြတ်နိဗ္ဗာန်မှတစ်ပါး အခြား အကျိုးမမျှော်ကိုးဘဲ    လှူဒါန်းပေးကမ်းလိုသော အလောဘနှင့်အတူ  ဒုက္ခရောက်နေသူများအပေါ် မေတ္တာ၊ ကရုဏာ ကြီးမားသောစိတ်ကြောင့်လည်း  အဒေါသနှင့်   ယှဉ်နေသောကုသိုလ်ဖြစ်သွားသည်။ ဉာဏ်နှင့်လည်းယှဉ်သော   ဒါနဖြစ်သောကြောင့် နောင်ဘဝနောင်သံသရာ၌ ချမ်းသာသော သုဂတိ ဘုံဘဝဝယ်   လူနတ်အကြိမ်ကြိမ်   ဖြစ်ရသည်။ လောဘ၊ ဒေါသ၊ မောဟတရား  သုံးပါးကင်းစွာဖြင့် ပြန်လည်  ပဋိသန္ဓေနေရသောကြောင့် နောင်ဘဝ တွင်   ပညာဉာဏ်ကြီးမားသော   တိဟိတ်ပုဂ္ဂိုလ် ဖြစ်နိုင်သည့်      အကျိုးကျေးဇူးများစွာကိုလည်း   ပိုင်ဆိုင်ရ‌ပေသည်။


လှူသည့်အခိုက် လောဘကင်းအောင် သတိချပ်ပါ

 


အထူးဂရုပြုရမည့် အချက်များကိုတော့ သတိ ထားရှောင်ကြဉ်စေချင်ပါသည်။    စစ်မှန်သော ကုသိုလ်စိတ်ကို        အကုသိုလ်စိတ်တချို့က  အရောင်ဆိုးတတ်သည်။   အချို့က  လာဘ်လာဘ  လိုချင်၍၊  အချို့က ကျော်စောသတင်း ဂုဏ်ကြီး ထင်ပေါ်လို၍၊  လှူဒါန်းမှုမှန်သမျှ အကုသိုလ်စိတ် ရှေ့ဆောင်၍ လုပ်သည်ဟုပင် မှတ်ယူထိုက်သည်။

 


လောဘကိုအလိုလိုက်၍  ‌ လောဘရှေ့ထားက ကုသိုလ်မဖြစ်သည့်အပြင်     ဒေါသဟူသည့် အကုသိုလ်ဆိုးပါ   လိုက်ပါလာတတ်သည်။   မိုက်မဲ တွေဝေမှု မောဟများပင်  ဖြစ်ပေါ်လာသည်ဆိုလျှင်  ဉာဏ်ပညာကင်းမဲ့ရာ ရောက်ပါသည်။   အသိဉာဏ် ကင်းမဲ့လျှင် အမှားအမှန် ခွဲခြားနိုင်စွမ်းလည်းမရှိ တော့ဘဲ  ကြံစည်တွေးတောမှုများလည်း  တလွဲ ဖြစ်ကာ  နှလုံးသွင်းမှုလည်းမှားပြီး   ယုံမှားသံသယ လည်း   ကြီးလာတော့သည်။


ဒါနပြုသည့်အခိုက်    လိုချင်တပ်မက်သည့်စိတ်   မဖြစ်မိ‌စေရန်         သတိထားသင့်ပါသည်။   သတိလေးကပ်၍   လောဘစိတ်လေးကင်းစင်အောင်  နေသင့်ပါသည်။ ကုသိုလ်တစ်ပဲ   ငရဲတစ်ပိဿာ   ဖြစ်သွားတတ်သည်ကို သတိချပ်ရမည်။ အမှုမဲ့ အမှတ်မဲ့ ပေါ်လာတတ်သည့်ဒေါသကို ချိုးနှိမ်ထား ရမည့်အပြင်  ပညာတည်းဟူသော    အမောဟတရား ကိုသာ     မိမိစိတ်ဝယ်    မယိမ်းမယိုင်  ထားရှိအပ်ပါ သည်။

 


သူများကုသိုလ်က ကိုယ့်အကုသိုလ်ဖြစ်တတ်သည်။ နှလုံးသွင်းမှန်ပါလေ။


လှူဒါန်းသူက စွန့်လွှတ်စိတ်ဖြင့် မေတ္တာတရား ကြီးမားစွာဖြင့် လှူဒါန်းလိုက်သည့် အလှူတစ်ခု၊ ကုသိုလ်တစ်ခုအပေါ် မိမိတို့ကလည်း ဝမ်းမြောက် စွာဖြင့် သာဓုအနုမောဒနာ ခေါ်ဆိုထိုက်ပါသည်။ သူများကုသိုလ်က မိမိကိုယ်မိမိအကုသိုလ်ဖြစ်သွား နိုင်သည်ကို အထူးသတိပြု ဆင်ခြင်ရပါမည်။ 
တစ်ပါးသူလှူဒါန်းမှုအပေါ်  မနာလိုဝန်တိုမှု ဟူသော “ဣဿာ  မစ္ဆရိယ”  မပွားအပ်ပါ။ မနာလို ဝန်တိုမှု   စေတသိက်များသည် ဒေါသမူလအခြေခံ သောကြောင့်  အမုန်းနှင့်   အာဃာတဟူသည့် အကုသိုလ်တရားဆိုးများကိုသာ တိုးပွားစေအောင် ပြုပေးတတ်ပါသည်။ တစ်ပါးသူလှူဒါန်းမှုအပေါ် မနာလိုဝန်တိုမှုဖြစ်ခြင်းသည် အဆိပ်ပင်ရေလောင်း သကဲ့သို့ ဖြစ်ချေသည်။ မိမိ၏စိတ်ထားယုတ်ညံ့မှုကို ပြသရာလည်း ရောက်သွားသည်ကို  သတိပြုစေချင် သည်။ 


တစ်ခါတလေမှာ    သူတစ်ပါး ပေးလှူနေသည့် အလှူသည် အကျိုးမရှိဘူးဟု ဖောက်ဖောက်ပြန် ပြန်မြင်နေခြင်းလည်း ရှိတတ်သည်။  “မိစ္ဆာဒိဋ္ဌိ” ဖြစ်နေသော အကုသိုလ်မနောကံတစ်ခုပင်ဖြစ်၍ ကြောက်စရာကောင်းပြီး   အပါယ်သို့   လားစေပါ သည်။ ထိုသို့ ဖောက်ဖောက်ပြန်ပြန် မြင်နေခြင်း သည်   မိမိကိုယ်တိုင်ရော   အလှူခံပုဂ္ဂိုလ်နှင့် အလှူခံပစ္စည်းအပေါ်မှာပါ “ငါ့ဟာ ငါ့ပစ္စည်း ငါ” ဟူ၍ စွဲနေခြင်း၊ “မမြဲ အနိစ္စ၊ အစိုးမရ အနတ္တ” ဟု မမှတ်နိုင်ခြင်းကြောင့်ပင်   ဖြစ်ရသည်ကို  နှလုံး သွင်း ဆင်ခြင်သင့်ပါသည်။      


မဂ်ဖိုလ် နိဗ္ဗာန်အကြောင်းတရားများဖြစ်ပါစေ


ယခုလိုကာလမျိုးသည် စေတနာဖြင့်ပေးလှူ လိုက်သော ဒါန၊    အကုသိုလ်မဖြစ်မိစေရန် ထိန်းသိမ်းရသော သီလနှင့်  မိမိကုသိုလ်များကို အစဉ်တိုးပွားစေမည့်  ဘာဝနာကုသိုလ်များကို ပို၍အားထုတ်သင့်သည့်ကာလဖြစ်သည်။ ဒါနရှင် များနှင့်အတူ ၎င်းတို့၏ ဒါနကောင်းမှုများကို တွေ့မြင်ရခြင်းကပင် သောကဆင်းရဲမှုများကြားမှ ကြည်နူးဝမ်းသာ    စိတ်ချမ်းသာစရာများစွာကို ရရှိစေသည့်အတွက် ကျေးဇူးလည်းတင် “သာဓု သာဓု သာဓု” ဟူ၍လည်း အကြိမ်ကြိမ် ခေါ်မိပါ သည်။ 
အကောင်းဆုံးတွေကို အများအတွက် လုပ်ခဲ့ ကြသည့် ကုသိုလ်ရှင်အပေါင်းသည် ယခုပစ္စုပ္ပန် ဘဝမှာရော နောင်ဘဝများတွင်ပါ ပျော်ရွှင်ကြည်နူး မှုများနှင့်ထပ်တူ     ကောင်းကျိုးချမ်းသာများကို ခံစားရမည်ဖြစ်သည့်အပြင် နိဗ္ဗာန်မရမီစပ်ကြား အပါယ်ဘုံဘဝများနှင့်လည်း အလှမ်းဝေးသွားမည် မှာ သေချာနေသည့်အတွက် ဒါနဟူသော ရိက္ခာ ထုပ်နှင့်အတူ မဂ်ဖိုလ်နိဗ္ဗာန်၏အကြောင်းတရား များဖြစ်ပါစေကြောင်း၊     မိမိတို့နှလုံးသားဝယ် ဗြဟ္မစိုရ်တရားများနှင့်အတူ      ယှဉ်တွဲနေသည့် ကုသိုလ်ဒါနစိတ်များ    အစဉ်တိုးပွားဝေစည်နိုင်ကြ ပါစေကြောင်း     အားလုံးကိုစေတနာသဒ္ဓါတရား  ထက်သန်စွာဖြင့်  ဆန္ဒပြုလိုက်ရပါသည်။      ။