
အန်ကာရာ အောက်တိုဘာ ၁၈
တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူစုစုပေါင်း ၄၇ ဒသမ ၃ သန်းကျော် ရှိသွားပြီဖြစ်ကြောင်း တူရကီကျန်းမာရေးဝန်ကြီး ဌာနက ယနေ့တွင် အတည်ပြုပြောကြားသည်။
တူရကီနိုင်ငံသည် တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို နိုင်ငံအတွင်း အရေးပေါ်အသုံးပြုရန် တူရကီကျန်းမာရေး အာဏာပိုင်များက အတည်ပြုပေးခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုအစီအစဉ်ကို ဇန်နဝါရီ ၁၄ ရက်တွင် စတင်ခဲ့ ခြင်းဖြစ်သည်။
လက်ရှိတွင် တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသူစုစုပေါင်း ၅၄ ဒသမ ၈၅ သန်းကျော်ရှိကြောင်းနှင့် တတိယအကြိမ် အပိုဆောင်းထိုးနှံပေးသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအပါအဝင် နိုင်ငံအတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးရေ ၁၁၃ ဒသမ ၉၇ သန်းကျော်အသုံးပြုပြီး ဖြစ်ကြောင်း သိရသည်။
တူရကီနိုင်ငံသည် လက်ရှိတွင်လည်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်တက်ခြင်းနှင့် ရင်ဆိုင်နေရပြီး လွန်ခဲ့သည့်တစ်ရက်အတွင်းက ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၄၁၁၄ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၇၆၅၄၂၇၇ ဦး ရှိလာကြောင်း တူရကီ ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုပြောကြား သည်။
ထို့ပြင် တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၈၆ ဦးထပ်မံတွေ့ရှိခြင်းကြောင့် သေဆုံး သူစုစုပေါင်း ၆၇၆၂၃ ဦးရှိလာကြောင်းနှင့် လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်- ၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသူ ၂၄၄၀၃ ဦးရှိကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်