
နေပြည်တော် ဇွန် ၁၄
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံပွဲကို ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး သရက်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ၎င်းတို့၏ မိဘ အုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တပ်နယ်မှ တာဝန်ရှိသူတစ်ဦးက အမှာ စကားပြောကြားပြီး ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့သော မကွေးတိုင်းဒေသကြီး သရက်မြို့နယ်မှ PDF အဖွဲ့ဝင် အမျိုးသား လေးဦးတို့ကို တာဝန်ရှိသူများက ဝန်ခံ ကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘ အုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။
PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင် ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက် များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက် အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်း ပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားပြီးဖြစ်ရာ ပြစ်မှု ကျူးလွန်ခဲ့ခြင်းမရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဥပဒေ ဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိကြသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက ၎င်းတို့၏ မိဘ အုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်