
နိဒါန်း
စပိန်နိုင်ငံသည် ဥရောပနိုင်ငံများအနက် တတိယ အကြီးဆုံးနိုင်ငံတစ်ခုဖြစ်ပြီး အိုက်ဗီးရီးယန်း ကျွန်းဆွယ်ကို ကန့်လန့်ဖြတ်ထားကာ တည်ရှိ သည်။ အိုက်ဗီးရီးယန်းကျွန်းဆွယ်၏ ၁၃ ပုံ ၁၁ ပုံ ခန့်မှာ စပိန်နိုင်ငံဖြစ်သည်။ စပိန်နိုင်ငံ၏ အကျယ် အဝန်းမှာ ၁၉၆၇၀၀ စတုရန်းမိုင်ဖြစ်ပြီး ဗယ်လီ အဲရစ် ကျွန်းစု၊ ကနေရီကျွန်းစုနှင့် မိုရိုကမ်းခြေရှိ ကျွန်းငယ်ကလေးများပါဝင်ပါသည်။ ထိုကျွန်းများ အပါအဝင် လူဦးရေ ၄၇ သန်းခန့် ရှိသည်။ မြောက် ဘက်ကမ်းခြေတစ်လျှောက်တွင် ပေ ၈၀၀၀ ကျော် မြင့်မားသော ကန်တာဗရီယန်တောင်တန်းရှိပြီး အနောက်နှင့် အနောက်မြောက်ဘက်တွင် ပေါ်တူဂီ နိုင်ငံနှင့် အတ္တလန္တိတ်သမုဒ္ဒရာတို့ တည်ရှိသည်။ Madrid မြို့သည် စပိန်နိုင်ငံ၏ မြို့တော်ဖြစ်ပြီး လူဦးရေအထူထပ်ဆုံးမြို့ဖြစ်သည်။ ၂၀၂၁ ခုနှစ် စာရင်းများအရ စပိန်လူမျိုး ၈၄ ဒသမ ၈ ရာခိုင်နှုန်း၊ ဖိုလိုကန်လူမျိုး ၁ ဒသမ ၇ ရာခိုင်နှုန်း၊ ရိုမေးနီးယန်း လူမျိုး ၁ ဒသမ၂ ရာခိုင်နှုန်းနှင့် အခြားလူမျိုးများ ၁၂ ဒသမ ၃ ရာခိုင်နှုန်း နေထိုင်သည်။
အုပ်ချုပ်ရေး
ဖွဲ့စည်းပုံအခြေခံဥပဒေအရ စပိန်နိုင်ငံသည် စည်းမျဉ်းခံဘုရင်စနစ်ကိုကျင့်သုံးပြီး အစိုးရက အုပ်ချုပ်မှုဆိုင်ရာ ဆုံးဖြတ်ချက်များချမှတ်သည်။ စပိန်နိုင်ငံတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၁၇ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမြို့ နှစ်မြို့၊ ပြည်နယ် ၅၀ နှင့် မြူနီစီပယ် ၈၁၃၁ ခုရှိပါသည်။ လက်ရှိစပိန် ဝန်ကြီးချုပ် Pedro Sanchez သည် စပိန်အစိုးရအဖွဲ့ အုပ်ချုပ်ရေး၏ ဦးဆောင်သူဖြစ်ပြီး အစိုးရအဖွဲ့ အုပ်ချုပ်ရေးတွင် ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးချုပ် နှင့် အစိုးရအဖွဲ့ဝန်ကြီးများ ပါဝင်သည်။ အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများကို ဘုရင်က အဆိုပြု တင်သွင်းကာ အောက်လွှတ်တော်မှ အတည်ပြုချက် ဖြင့် ဘုရင်က ခန့်အပ်သည်။ အစိုးရအုပ်ချုပ်ရေးသည် ကာကွယ်ရေးနှင့် စီးပွားရေးမူဝါဒများ အပါအဝင် ပြည်တွင်းပြည်ပမူဝါဒကို ကိုင်တွယ်သည်။
ဥပဒေပြုရေး
ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သည့် စပိန်ပါလီမန် (Cortes Generales)ကို အထက်လွှတ်တော် (Senate)နှင့် အောက်လွှတ်တော် (Congress) တို့ ဖြင့် ဖွဲ့စည်းထားသည်။ အောက်လွှတ်တော် (Congress)တွင် အမတ် ၃၅၀ ရှိသည်။ စပိန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အထက်လွှတ်တော်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမြို့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ကိုယ်စားပြုသောအမတ်ဦးရေ ၂၆၆ ဦးရှိ သည်။ သက်ဆိုင်ရာပြည်နယ်တစ်ခုချင်းစီအတွက် အထက်လွှတ်တော်ကိုယ်စားလှယ် လေးဦးစီ၊ ကျွန်းစုပြည်နယ်များ၌ အကြီးဆုံးကျွန်းကြီး သုံးကျွန်းအတွက် အမတ်သုံးဦးစီနှင့် ကျွန်းငယ် ခုနစ်ကျွန်းအတွက် အမတ်တစ်ဦးစီ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရမြို့များ (Ceuta and Melilla) တို့တွင် နှစ်ဦးစီဖြင့် ကိုယ်စားလှယ် ၂၀၈ ဦးကို တိုက်ရိုက် ရွေးချယ်သည်။ ကျန်ရှိသောအမတ် ၅၈ ဦးကို ဒေသ ဆိုင်ရာဥပဒေပြုလွှတ်တော်မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၁၇ ခုတွင် ဒေသတစ်ခုလျှင် ကိုယ်စားလှယ် တစ်ဦးစီ ခန့််အပ်ခွင့်ရှိပြီး ကျန်ရှိသည့်ကိုယ်စား လှယ်အရေအတွက်အား ၎င်းဒေသများရှိ လူဦးရေ တစ်သန်းလျှင် ကိုယ်စားလှယ်တစ်ဦးနှုန်းဖြင့် ထပ်မံ ရွေးချယ်ခန့်အပ်နိုင်သည်။
တရားစီရင်ရေး
၁၉၇၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားစီရင်ရေးသည် လွတ်လပ်ပြီး တရားဥပဒေ စိုးမိုးရေးကို လေးစားလိုက်နာသည့် အဖွဲ့အစည်း ဖြစ်သည်။ အမြင့်ဆုံးတရားစီရင်ရေးအဖွဲ့အစည်း သည် နိုင်ငံတော်တရားလွှတ်တော်ရုံးချုပ်ဖြစ်ပြီး နိုင်ငံတော်တရားလွှတ်တော်ရုံးချုပ် ဥက္ကဋ္ဌအား ခန့်အပ်ရန်အတွက် တရားသူကြီးအဖွဲ့ဝင် ၂၀ ဖြင့် ဖွဲ့စည်းထားသော တရားစီရင်ရေးကောင်စီက အမည်စာရင်းတင်သွင်းပြီး ဘုရင်က ခန့်အပ်သည်။ စပိန်နိုင်ငံ၏ အမြင့်ဆုံး အယူခံတရားရုံးသည် သက်ဆိုင်ရာနယ်မြေဒေသ ၁၇ ခုတွင် နောက်ဆုံး အယူခံတရားရုံးလည်း ဖြစ်သည်။
ရွေးကောက်ပွဲစနစ်
စပိန်နိုင်ငံတွင် အောက်လွှတ်တော် (Congress) နှင့် အထက်လွှတ်တော် (Senate)ဟူ၍ လွှတ်တော် နှစ်ရပ်ရှိသည်။ အောက်လွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ်နေရာ ၃၅၀ ရှိပြီး ၃၄၈ နေရာ အတွက် အချိုးကျကိုယ်စားပြုစနစ်(Proportion-al Representation System)ကို ကျင့်သုံး၍ ရွေးကောက်တင်မြှောက်ပြီး ကျန်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရမြို့ နှစ်မြို့အတွက် ကိုယ်စားလှယ် နှစ်နေရာ အား မဲများသူအနိုင်ရစနစ် (First Past The Post) ဖြင့် ရွေးကောက်တင်မြှောက်သည်။ အထက် လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်နေရာ ၂၆၆ နေရာရှိပြီး ၂၀၈ နေရာအား မဲများသူအနိုင်ရ စနစ် (First Past The Post) ဖြင့် ရွေးကောက် တင်မြှောက်ကာ ကျန် ၅၈ နေရာအား ဒေသဆိုင်ရာ ဥပဒေပြုလွှတ်တော်မှ ရွေးချယ်ခန့်အပ်သည်။
အထွေထွေရွေးကောက်ပွဲ/လွှတ်တော်ရွေးကောက်ပွဲ
စပိန်နိုင်ငံတွင် ၂၀၁၆ ခုနှစ်မှ စတင်ပြီး ရွေးကောက်ပွဲများကို ပုံမှန်အားဖြင့် လေးနှစ် တစ်ကြိမ် ကျင်းပသည်။ လက်ရှိပါလီမန်သက်တမ်း သည် ၂၀၂၃ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး နောင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ထက် နောက်မကျဘဲ ပြုလုပ်သွားရန်ရှိပါသည်။ စပိန်နိုင်ငံသည် အချိုးကျ ကိုယ်စားပြုစနစ် (D’hondt-Party List Propor- tional Representation) ဖြင့် အောက်လွှတ်တော် အမတ် ၃၄၈ ဦးနှင့်အထက်လွှတ်တော် ၂၀၈ ဦး ရွေးချယ်တင်မြှောက်ပါသည်။ အထွေထွေ ရွေးကောက် ပွဲများကို တနင်္ဂနွေနေ့၌ ကျင်းပလေ့ရှိသည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရွေးကောက်ပွဲများ
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရွေးကောက်ပွဲများကို လေးနှစ်တစ်ကြိမ် ကျင်းပသည်။ ၂၀၁၉ ခုနှစ် စပိန်နိုင်ငံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရွေးကောက် ပွဲများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၁၇ ခု အနက်မှ ၁၂ ခုဖြစ်သော Aragon, Asturias, the Balearic Islands, the Canary Islands, Canta- bria, Castile and Leon, Castilla-La Mancha, Extremadura, La Rioja, Madrid, Murcia and Navarre တို့တွင် တစ်ပြိုင်နက် ကျင်းပခဲ့ပြီး သီးခြား ရွေးကောက်ပွဲစက်ဝန်းရှိသည့် Andalusia, the Basque Country, Catalonia and Galicia ဒေသများနှင့် ဧပြီလ အထွေထွေရွေးကောက်ပွဲ နှင့်အတူ ကျင်းပခဲ့သော The Valencian Community ဒေသတို့တွင် သီးခြားကျင်းပပါသည်။
စပိန်နိုင်ငံတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြို့တော်ဝန်ရွေးကောက်ပွဲများတွင် အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို အသုံးပြုသည်။ ဒေသ တစ်ခုတွင် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်သူဦးရေ ၂၅၀ အောက် လျော့နည်းပါက Open List ကို အသုံးပြုပြီး ၂၅၀ ထက် ပိုမိုပါက Close and Block List ကို အသုံးပြုသည်။ ၂၀၁၉ ခုနှစ် စပိန်နိုင်ငံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲများကို မေလ ၂၆ ရက်နေ့တွင် ကျင်းပခဲ့ပြီး စပိန်နိုင်ငံရှိ မြို့နယ်ကောင်စီဝင် ၆၆၉၇၉ ဦးနှင့် ပြည်နယ် ၃၈ ခုမှ ကိုယ်စားလှယ် ၁၀၃၈ ဦးအား ရွေးကောက်တင်မြှောက်ခဲ့သည်။
မဲပေးပိုင်ခွင့်ဆိုင်ရာသတ်မှတ်ချက်များ
စပိန်နိုင်ငံတွင် အသက် ၁၈ နှစ်ပြည့်ပြီး မဲဆန္ဒ ရှင်စာရင်းတွင် ပါဝင်သော စပိန်နိုင်ငံသားတိုင်း အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသည်။ စပိန်နိုင်ငံတွင် တရားဝင်နေထိုင်သူနှင့် ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံသားဖြစ်လျှင် မြို့တော်ဝန် ရွေးချယ်သော ရွေးကောက်ပွဲများတွင် မဲပေးနိုင် သည်။ စပိန်နိုင်ငံတွင် နေထိုင်သော ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံသားများသည် ဥရောပသမဂ္ဂ ပါလီမန် ရွေးကောက်ပွဲတွင်လည်း မဲပေးနိုင်သည်။
၁၉၃၁ ခုနှစ် မြူနီစီပယ်ရွေးကောက်ပွဲရလဒ် ထုတ်ပြန် ကြေညာပြီးနောက် စပိန်နိုင်ငံမှ အမျိုးသမီးများ ရွေးကောက်ပွဲများတွင် မဲပေးခွင့်ရရှိနိုင်ရေး စတင် အတည်ပြုခဲ့သည်။ စပိန်နိုင်ငံရွေးကောက်ပွဲတွင် အောက်ပါပုဂ္ဂိုလ်များ မဲပေးပိုင်ခွင့်မရှိပါ-
၁။ ထောင်ဒဏ်ကျခံနေရသူ၊
၂။ တရားရုံး၏ ဆုံးဖြတ်ချက်အရမဲပေးပိုင် ခွင့်မရှိကြောင်း အတိအလင်းကြေညာခြင်း ခံရသူ၊
၃။ စိတ်ရောဂါဝေဒနာခံစားနေရသူ။
မဲဆွယ်စည်းရုံးခြင်း
စပိန်နိုင်ငံတွင် ရွေးကောက်ပွဲဥပဒေအရ မဲဆွယ် စည်းရုံးသည့်ကာလမှာ သီတင်းပတ်နှစ်ပတ် ကြာ မြင့်ပြီး ရွေးကောက်ပွဲမတိုင်မီ နှစ်ရက် အလိုတွင် ပြီးဆုံးသည်။ ထိုရက်ကို ရွေးကောက်ပွဲအကြို Rest Day ဟု သတ်မှတ်သည်။ ဥပမာအားဖြင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများဖြစ်သည့် Galicia and the Basque တို့တွင် ဒေသန္တရရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင် ကျင်းပ ခဲ့ရာ မဲဆွယ်စည်းရုံးခွင့်ကို ဇွန်လ ၂၆ ရက်နေ့မှ စတင်ခွင့်ပြုခဲ့ပြီး ဇူလိုင်လ ၁၀ ရက်နေ့တွင် ပြီးဆုံးသည်။
လွှတ်တော်ကိုယ်စားလှယ်နေရာခွဲဝေခြင်း
စပိန်နိုင်ငံရွေးကောက်ပွဲများတွင် ကိုယ်စား လှယ်လောင်းနေရာခွဲဝေပေးရာ၌ ပါတီမှရရှိသော ဆန္ဒမဲအရေအတွက်အပေါ်မူတည်၍ D’hondt စနစ်ကို အသုံးပြု၍ ခွဲဝေပေးသည်။ ဥပမာအားဖြင့် ကောင်စီဝင် ၁၅ ဦးရှိသည့် မြို့တစ်မြို့တွင် မဲ ၆၀ ရာခိုင်နှုန်းရရှိသော ပါတီသည် ကောင်စီဝင် ကိုးဦး အချိုးကျရရှိမည်ဖြစ်သည်။
D’hondt စနစ်အား Jefferson Method (သို့) Greatest Divisors Method ဟုလည်း ခေါ်ပြီး ၎င်းစနစ်သည် ဖက်ဒရယ်ပြည်နယ်များအကြား အမတ်နေရာခွဲဝေခြင်း (သို့) ပါတီစာရင်းအရ အချိုး ကျ ကိုယ်စားပြုစနစ်လည်းဖြစ်သည်။ ဤနည်း လမ်းသည် အချိုးကျ ကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်တင်မြှောက်သည့်နေရာများ ခွဲဝေချ ထားရာတွင် အသုံးပြုကာ အကြီးဆုံးပျမ်းမျှကိန်းကို ယူသည့်စနစ်ဖြစ်သည်။ ပါတီတစ်ခု သို့မဟုတ် အုပ်စု တစ်ခုရရှိသော မဲများကို ၁၊ ၂၊ ၃ စသဖြင့် တစ်ခုပြီး တစ်ခု လွှတ်တော်အတွင်းနေရာများ လျာထားသည့် အတိုင်း ခွဲခြမ်းသည်။ ပါတီများ၏ အမတ်နေရာ ခွဲဝေရာတွင် အချိုးကျကိုယ်စားပြုစနစ်သည် ရရှိ သော မဲအရေအတွက်အပေါ် မူတည်သည်။ ယင်း စနစ်အရ ကိုယ်စားလှယ်များအား ရွေးချယ် တင်မြှောက်ရာတွင် အနည်းဆုံးရရှိရမည့် ဆန္ဒမဲ အရေအတွက် (Threshold) အဖြစ် ၃ ရာခိုင်နှုန်း သတ်မှတ်ထားပါသည်။
Quot =
Quot = သတ်မှတ်ထားသော ကိုယ်စား လှယ် နေရာပမာဏ
V = ပါတီရရှိခဲ့သော ခိုင်လုံမဲအရေ အတွက်
S = ပါတီအတွက်ခွဲဝေပေးထားသော အမတ်နေရာအရေအတွက်
ဗဟိုရွေးကောက်ပွဲကော်မရှင်(Central Election Commission)/Junta Electoral Central (JEC)
ဗဟိုရွေးကောက်ပွဲကော်မရှင်သည် အမြင့်ဆုံးရွေးကောက်ပွဲစီမံအုပ်ချုပ်မှု အဖွဲ့အစည်းဖြစ်ပြီး အမြဲတမ်းအဖွဲ့အစည်းလည်းဖြစ်သည်။ ဗဟို ရွေးကောက်ပွဲကော်မရှင်ကို အောက်လွှတ်တော် တွင် ကိုယ်စားပြုသော နိုင်ငံရေးပါတီများ၊ ညွန့်ပေါင်းအစိုးရများ (သို့) လွှတ်တော်ကိုယ်စား လှယ်အစုအဖွဲ့များ၏အဆိုပြုချက်ဖြင့် တရားစီရင် ရေးကောင်စီက ခန့်အပ်သော တရားသူကြီး ရှစ်ဦး ဖြင့် ဖွဲ့စည်းထားပါသည်။ ဗဟိုရွေးကောက်ပွဲ ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-
၁။ ရွေးကောက်ပွဲကျင်းပခြင်းနှင့် မဲဆန္ဒရှင် စာရင်းမှတ်ပုံတင်ရုံး၏ ဆောင်ရွက်ချက် များကို ကြီးကြပ်ခြင်း၊
၂။ ရွေးကောက်ပွဲမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ကြမ်းရေးဆွဲရာတွင် အကြံဉာဏ်ပေးခြင်း၊
၃။ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ် မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ လိုက်နာ ရမည့်အချက်များကို ညွှန်ကြားခြင်း၊
၄။ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ ရွေးကောက်ပွဲကော်မရှင် အဖွဲ့များ၏ ဆွေးနွေးတင်ပြချက်များထဲမှ ကော်မရှင် အဖွဲ့အားလုံးအတွက် အကျိုးသက်ရောက် စေသော အချက်များကို ပြန်လည်ဆွေးနွေး ပေးခြင်း၊
၅။ မဲဆွယ်စည်းရုံးရေးကာလနှင့်ရွေးကောက် ပွဲကာလအတွင်း ရွေးကောက်ပွဲဆိုင်ရာ အသုံးစရိတ်များအား သက်ဆိုင်ရာငွေစာရင်းပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက် စေခြင်း၊
၆။ တိုင်တန်းချက်များနှင့် အသနားခံစာများကို ဆုံးဖြတ်ပေးခြင်း၊
၇။ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် ပါဝင် ပတ်သက်သူအားလုံးနှင့် သက်ဆိုင်သည့် စည်းမျဉ်းများ ချမှတ်နိုင်ခြင်း၊
၈။ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအတွင်း ကျူးလွန်ခဲ့သောပြစ်မှုများကို ဖြေရှင်းရာ တွင် ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ သို့မဟုတ် သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အုပ်ချုပ်ရေးအဖွဲ့၏ တင်ပြချက်အရ အများဆုံးငွေဒဏ်ချမှတ်နိုင်ခြင်း၊
၉။ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့၊ ကိုယ်ပိုင် အုပ်ချုပ်ရေးအဖွဲ့များ၏ သင့်လျော်သော အဆိုပြု တင်ပြချက်များကို အတည်ပြု ဆောင်ရွက်ပေးခြင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်း၊ မဲများရေတွက်ခြင်း၊ ရွေးကောက်ခံ ကိုယ်စားလှယ်များ ကြေညာခြင်း၊
၁၀။ သက်ဆိုင်ရာ ပြည်နယ်နှင့်ခရိုင် ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၏ လုပ်ပိုင်ခွင့် သက်တမ်းကုန်ဆုံးသွားပါက ရွေးကောက်ပွဲ အထောက်အထားများကို ပြည်နယ်ကောင်စီများနှင့် ကောင်စီဝင်များ၊ အောက်လွှတ်တော် အမတ်များထံသို့ တင်ပြခြင်း၊
၁၁။ ဥရောပ ပါလီမန်ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ နှင့် ရွေးကောက်ခံ ကိုယ်စားလှယ်များအား ကြေညာခြင်း၊
၁၂။ ပြည်တွင်းနှင့် ဥရောပပါလီမန်ရွေးကောက် ပွဲများ၏ လွှတ်တော်အမတ်များနှင့်အထက် လွှတ်တော်၊ အောက်လွှတ်တော် အမတ် များ၏ ရွေးကောက်ပွဲရလဒ်များကို ထုတ်ပြန်ခြင်း။
ကျင်းပပြီးစီးခဲ့သောရွေးကောက်ပွဲများ
လွှတ်တော်ရွေးကောက်ပွဲများကို ၁၉၇၉ ခုနှစ်၊ ၁၉၈၂ ခုနှစ်၊ ၁၉၈၆ ခုနှစ်၊ ၁၉၈၉ ခုနှစ်၊ ၁၉၉၃ ခုနှစ်၊ ၁၉၉၆ ခုနှစ်၊ ၂၀၀၀ ပြည့်နှစ်၊ ၂၀၀၄ ခုနှစ်၊ ၂၀၀၈ ခုနှစ်၊ ၂၀၁၁ ခုနှစ်၊ ၂၀၁၅ ခုနှစ်၊ ၂၀၁၆ ခုနှစ်၊ ၂၀၁၉ ခုနှစ်တို့တွင် အသီးသီးကျင်းပခဲ့သည်။
၂၀၁၉ ခုနှစ်တွင် ထူးခြားချက်အနေဖြင့် (၁၃) ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲကို ဧပြီလ ၂၈ ရက်နေ့တွင် ကျင်းပခဲ့ပြီး (၁၄) ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲကို ဥရောပတစ်ဝန်း၌ ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ပွားမီ တစ်လခန့်အလို နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ထပ်မံကျင်းပခဲ့သည်။ အကြောင်းရင်းမှာ ဧပြီလတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် PSOE ပါတီသည် အစိုးရ ဖွဲ့စည်းနိုင်ရန် လူအများစု၏ထောက်ခံမဲ မရရှိခဲ့ သောကြောင့်ဖြစ်သည်။ ယင်းပါတီသည် လွှတ်တော် တွင် မဲအများဆုံး မရရှိခဲ့သဖြင့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများကို Unidas Podemos ပါတီနှင့်ဆောင်ရွက်ခဲ့သည်။ ထိုဆွေးနွေးမှုများ မအောင်မြင်ခဲ့ခြင်းကြောင့် နိုဝင် ဘာလ ၁၉ ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပရန် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ၎င်းပါတီသည် နိုဝင်ဘာလတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် အောက်လွှတ်တော် (Congress) ၌ လူထုဆန္ဒမဲ ၂၈ ရာခိုင်နှုန်းဖြင့် အမတ်နေရာ ၁၂၀ ရရှိခဲ့သည်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပသော ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ဦးရေ ၃၇၀၀၁၃၇၉ ဦးစာရင်းသွင်းခဲ့ပြီး ၂၄၅၀၇၇၁၅ ဦး ဆန္ဒမဲပေးခဲ့ရာ မဲပေးမှုရာခိုင်နှုန်းမှာ ၆၆ ဒသမ ၂ ရာခိုင်နှုန်းဖြစ်ပါသည်။
ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကျင်းပခဲ့သော ၂၀၁၉ ခုနှစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုင်ရာ ရွေးကောက်ပွဲအခြေအနေ
ဒေသဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများဖြစ်ကြသော Basque Country၊ Galicia and Catalonia တွင် ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၂ ရက်နေ့တွင် ကျင်းပခဲ့ပါ သည်။ စပိန်နိုင်ငံတွင် စပိန်နိုင်ငံသားမည်သူမဆို မဲရုံဝန်ထမ်းအဖြစ် ခန့်အပ်နိုင်ပြီး မဲရုံ အဖွဲ့ဝင်များ အား ၎င်းတို့၏မဲဆန္ဒရှင်အမည်စာရင်းပါဝင်သောအရပ်တွင်သာ တာဝန်ပေးအပ်သည်။ ရွေးကောက် ပွဲတာဝန်ထမ်းဆောင်ခြင်းသည် ဥပဒေအရ ပေးအပ် သောတာဝန်ကို ထမ်းဆောင်ခြင်းဖြစ်ပြီး လိုက်နာ ရန် ပျက်ကွက်ပါက ပြစ်မှုဆိုင်ရာအရေးယူမှုများ ရှိသော်လည်း သင့်လျော်သောအကြောင်းပြချက် ပေးနိုင်လျှင် ကင်းလွတ်ခွင့်ပေးနိုင်သည်။
စပိန်နိုင်ငံတွင် စာတိုက်မှမဲပေးနိုင်ပြီး ယင်း စနစ်သည် ကိုဗစ်-၁၉ ကာလအတွင်း ကျင်းပခဲ့ သော ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲများအတွက် လွန်စွာအထောက်အကူပြုခဲ့သည်။ Junta Electoral Central (JEC) သည် ကိုဗစ်ကာလအတွင်း မဲဆန္ဒ ရှင်ပြည်သူများအနေဖြင့် စာတိုက်သို့ ကိုယ်တိုင် သွားရောက်ရန်မလိုအပ်ဘဲ ဆန္ဒမဲပေးနိုင်ရန် လုပ်ငန်းစဉ်အချို့ကို အောက်ပါအတိုင်း လျှော့ပေါ့ ပြင်ဆင်ခဲ့ပါသည်-
နိုင်ငံပြင်ပမဲဆန္ဒရှင်များသည် ၎င်းတို့၏ဆန္ဒပြု ပြီးသော ဆန္ဒမဲလက်မှတ်များကို ရွေးကောက်ပွဲ မကျင်းပမီ ၅ ရက်ထက် နောက်မကျစေဘဲ သက်ဆိုင်ရာ ကောင်စစ်ဝန်ရုံးများသို့ စာတိုက်မှ တစ်ဆင့် ပေးပို့ရမည်ဖြစ်သည်။ ကောင်စစ်ဝန်ရုံး သည် ရွေးကောက်ပွဲနေ့အကြိုရက်တွင် ဆန္ဒမဲ လက်မှတ်များကို စပိန်နိုင်ငံသို့ ပြန်လည်ပေးပို့သည်။ ၂၀၁၉ ခုနှစ် ကိုဗစ်ကာလအတွင်း ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ထူးခြားသောအခြေအနေကြောင့် ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံပြင်ပဆန္ဒမဲ လက်မှတ်များ လက်ခံသည့်သတ်မှတ်ရက်ကို ရွေးကောက်ပွဲကျင်းပမည့်နေ့မတိုင်မီ ဇူလိုင်လ ၁၁ ရက် နေ့အထိ တိုးမြှင့်ပေးခဲ့ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ
စပိန်နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေအား ၁၉၇၈ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် လွှတ်တော် နှစ်ရပ်စလုံးမှ တညီတညွတ်တည်း ထောက်ခံ အတည်ပြုခဲ့ပြီး ဒီဇင်ဘာလ ၆ ရက်နေ့တွင် ပြုလုပ် သောလူထုဆန္ဒခံယူပွဲတွင်လည်း မဲဆန္ဒရှင် ၉၀ ရာခိုင်နှုန်းနီးပါးထောက်ခံမှုဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့ သည်။ စပိန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၇၈ ခုနှစ်တွင် စတင်ပြဋ္ဌာန်းခဲ့ပြီး ပြင်ဆင်မှု များပြုလုပ်ခဲ့ရာ ၂၀၁၁ ခုနှစ်တွင် နောက်ဆုံးပြင်ဆင် ပြဋ္ဌာန်းခဲ့ပါသည်။
နိဂုံး
စပိန်နိုင်ငံသည် ၁၉၃၆ ခုနှစ်မှ ၁၉၇၅ ခုနှစ် နို၀င်ဘာလအထိ တိုင်းပြည်ကိုအုပ်ချုပ်ခဲ့သော General Francisco Franco ၏ စနစ်အောက်တွင် ဖက်ဆစ်နိုင်ငံဖြစ်ခဲ့သော်လည်း လူထု၏ တက်ကြွစွာ ပါဝင်လှုပ်ရှားမှုကြောင့် ဒီမိုကရေစီအသွင်ကူးပြောင်း ရာတွင် အောင်မြင်မှုရရှိခဲ့သော နိုင်ငံဖြစ်သည်။ စပိန်နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသား များ၏ အခွင့်အရေးအနေနှင့် တိုက်ရိုက်နည်းဖြင့် သော်လည်းကောင်း၊ ကိုယ်စားပြုခြင်းနည်းဖြင့်သော် လည်းကောင်း ပါဝင်နေသည်ကို တွေ့ရှိရပါသည်။ လွတ်လပ်မှု၊ တရားမျှတမှုနှင့် တန်းတူညီမျှမှု ရရှိရေးတို့သည် လက်ရှိစပိန်နိုင်ငံကျင့်သုံးနေသော ဒီမိုကရေစီစနစ်အတွက် များစွာအရေးပါကြောင်း တွေ့ရှိရသည်ကို လေ့လာသုံးသပ်တင်ပြအပ်ပါသည်။ ။
ကျမ်းကိုး
- https://www.britannica.com/place/Spain/Government-and-society
- http://www.juntaelectoralcentral.es/cs/jec/centralElectoralCommission
- http://www.juntaelectoralcentral.es/cs/jec/electoralLaw
- https://en.wikipedia.org/wiki/Elections_in_Spain
- http://www.juntaelectoralcentral.es/cs/jec/electoralRegisterOffice
- http://portal.cor. europea.eu/ divisionpowers/Pages/Spain-intro.aspeX
- https://www.senat.fr/senatsdumonde/english/espagne.html THE SPANISHSE NATE senate
- https://www. electionguide. org/elections/id/3359/
- Constitution of Spain
- Spanish Regional Election During the Covid-19 Pandemic by Jordi Barrat Estave/Newcastle University
- https://en.wikipedia.org/wiki/List_of_municipalities_of_Spain
- http://archive.ipu.org/parline-e/reports/ 2294_B.htm
- https://www.legislationline.org/download/id/7334/file/Spain_Law_General_Electoral_
Regime_as_of_2011_en.pdf
- Log in to post comments