ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများအပေါ် လေ့လာခြင်း(ဖင်လန်ပြည်သူ့သမ္မတနိုင်ငံ)

Type
5

 

ကိုအောင် (ရန်ကုန်)

 

နိဒါန်း


ဖင်လန်ပြည်သူ့သမ္မတနိုင်ငံ (Republic of Finland) သည် မြောက်ဥရောပတိုက်၏ မြောက်ပိုင်းစွန်းတွင် တည်ရှိသော  နိုင်ငံတစ်ခုဖြစ်သည်။  အနောက် ဘက်တွင် ဆွီဒင်နိုင်ငံ၊ အရှေ့ဘက်တွင် ရုရှားနိုင်ငံ၊ မြောက်ဘက်တွင် နော်ဝေနိုင်ငံတို့နှင့် နယ်နိမိတ် ချင်း    ထိစပ်လျက်ရှိသည်။    ဖင်လန်နိုင်ငံ၏ အနောက်ဘက်တွင်   ဘို့သ်နီးယားပင်လယ်ကွေ့ (Gulf of Bothnia)နှင့် တောင်ဘက်တွင် အက်စ် တိုးနီးယားကို    ဖြတ်သန်းစီးဆင်းလျက်ရှိသော ဘော့လ်တစ်ပင်လယ်  (Baltic Sea)၏   ဖင်လန် ပင်လယ်ကွေ့ရှိသည်။ ဧရိယာ ၃၃၈၄၅၅ စတုရန်း ကီလိုမီတာ (၁၃၀၆၇၈ စတုရန်းမိုင်) ကျယ်ဝန်းပြီး လူဦးရေစုစုပေါင်း  ၅  ဒသမ  ၅   သန်းရှိသည်။ မြို့တော်မှာ  ဟယ်လ်ဆင်ကီ  (Helsinki)   ဖြစ်ပြီး   နိုင်ငံ၏အကြီးဆုံးမြို့လည်းဖြစ်သည်။ 

 


၁၉၅၅ ခုနှစ်တွင် မြောက်အတ္တလန္တိတ်သဘောတူစာချုပ်အဖွဲ့ (North Atlantic Treaty Organi-zation-NATO) အဖွဲ့ဝင်နိုင်ငံဖြစ်လာပြီး ကြားနေ မူဝါဒကို  ကျင့်သုံးရန်  အတည်ပြုခဲ့သည်။  ၁၉၆၉ ခုနှစ်တွင် Organisation of Economic Coopera-tion and Development (OECD)  အဖွဲ့ဝင်နိုင်ငံ အဖြစ်လည်းကောင်း၊    ၁၉၉၄   ခုနှစ်တွင်   နေတိုး ငြိမ်းချမ်းရေးဆွေးနွေးမှုအဖွဲ့ဝင် (NATO Partner-ship for Peace) နိုင်ငံအဖြစ်လည်းကောင်း၊ ၁၉၉၅ ခုနှစ်တွင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ်လည်း ကောင်း၊  ၁၉၉၇  ခုနှစ်တွင်  ဥရောပအတ္တလန္တိတ် မိတ်ဖက်ကောင်စီ (Euro- Atlantic Partnership Council) အဖွဲ့ဝင်နိုင်ငံအဖြစ်လည်းကောင်း ပါဝင် ခဲ့သည်။  

 


ဖင်လန်နိုင်ငံအုပ်ချုပ်မှုဒေသများ


ဖင်လန်နိုင်ငံအား မြူနီစီပယ်များဖြင့် ဖွဲ့စည်း ထားပြီး ယင်းတို့ကို  မြို့များ သို့မဟုတ်  မြို့ကြီး များဟုလည်း ခေါ်သည်။ ၂၀၂၁ ခုနှစ်စာရင်းများအရ မြူနီစီပယ် စုစုပေါင်း ၃၀၉ ခုရှိပြီး နေထိုင်သူ ၆၀၀၀ အောက်ရှိသည့် မြူနီစီပယ်မှာ အများစုဖြစ်သည်။ အုပ်ချုပ်မှုအဆင့်အနေဖြင့်     မြူနီစီပယ်အဆင့် အောက်တွင် ပြည်နယ် ၁၉ ခုနှင့် ပြည်နယ်ခွဲ ၇၀ ရှိသည်။ ယင်းအဆင့်များကို မြူနီစီပယ် အဖွဲ့ဝင် များက အုပ်ချုပ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု ဖြစ်သည့်   Aland  ဒေသကို   ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်သည့် ဒေသန္တရကောင်စီက အုပ်ချုပ်သည်။ Sami လူမျိုးများအတွက် Lapland ဒေသတွင်    တစ်စိတ်တစ်ပိုင်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသရှိပြီး  ဘာသာစကားနှင့်   ယဉ်ကျေးမှု ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်းပြီး   ဆောင်ရွက် သည်။

 


အုပ်ချုပ်ရေး


သမ္မတသည်  ဖင်လန်နိုင်ငံ၏   အကြီးအကဲ ဖြစ်သည်။ ယခင်က သမ္မတထံတွင်  အုပ်ချုပ်ရေး အာဏာ  ပိုမိုပိုင်ဆိုင်ခဲ့သော်လည်း ၂၀၀၀  ပြည့်နှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အား    အတည်ပြု ပြဋ္ဌာန်းပြီးနောက်တွင်  ၎င်း၏အာဏာမှာ  လျော့ကျ လာခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ သည် ဖင်လန်နိုင်ငံ၏ ကာကွယ်ရေးဦးစီးချုပ်လည်း ဖြစ်ပြီး   နိုင်ငံတော်၏ပြည်ပနိုင်ငံရေး   (Foreign Politics)  ဆိုင်ရာ   ကိစ္စရပ်များအား    နိုင်ငံတော် ကောင်စီနှင့်အတူ ဦးဆောင်ဦးရွက်ပြုသည်။ နိုင်ငံခြားရေးမူဝါဒဆိုင်ရာကိစ္စကဲ့သို့သော လုပ်ငန်းများ အား အစိုးရအဖွဲ့နှင့်အတူ ကြီးကြပ်ဆောင်ရွက်ပြီး ကာကွယ်ရေးဦးစီးချုပ်ဖြစ်သည့်      အားလျော်စွာ ဒီကရီများထုတ်ပြန်ခြင်း၊   လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်း၊ အချို့သော ရာထူးများအား  ခန့်အပ်ခြင်း စသည်တို့ကိုလည်း     လုပ်ဆောင်သည်။   သမ္မတ ရွေးကောက်ပွဲများကို       မဲအများဆုံးရရှိသူအား တိုက်ရိုက်ရွေးကောက်တင်မြှောက်သည့်  စနစ်ဖြင့် ကျင်းပပြီး Two Rounds Basis ဖြစ်သည်။ သမ္မတ ၏သက်တမ်းမှာ     ခြောက်နှစ်ဖြစ်ကာ   သမ္မတ သက်တမ်းအား  တစ်ဆက်တစ်စပ်တည်း  နှစ်ကြိမ် ထမ်းဆောင်နိုင်သည်။

 


ရွေးကောက်ပွဲများ      ကျင်းပပြီးနောက်တွင် နိုင်ငံရေးပါတီများသည် အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ရေး အတွက်  ညှိနှိုင်းမှုများပြုလုပ်ရပြီး  အစိုးရအဖွဲ့အား လွှတ်တော်တွင် အများစု၏ထောက်ခံမဲဖြင့် အတည် ပြုဖွဲ့စည်းသည်။ ထို့အတူ လွှတ်တော်အတွင်း အယုံ အကြည်မရှိအဆို  တင်သွင်းပြီး   အစိုးရအဖွဲ့အား ဖျက်သိမ်းနိုင်သည်။   သို့ရာတွင်   အစိုးရအဖွဲ့တွင် ပါဝင်သည့်ပါတီများမှာ     လွှတ်တော်အတွင်းတွင် နေရာရရှိမှု  အများစုဖြစ်သောကြောင့် ယင်းကဲ့သို့ ဖျက်သိမ်းမှုမှာ    ဖြစ်တောင့်ဖြစ်ခဲဖြစ်သည်။  အစိုးရ အဖွဲ့ထံတွင်     အုပ်ချုပ်မှုအာဏာ    အများဆုံးရှိပြီး ဥပဒေကြမ်းအများစုအား အစိုးရအဖွဲ့က တင်သွင်း ကာ လွှတ်တော်အတွင်းတွင် ဆွေးနွေး မဲခွဲဆောင်ရွက် သည်။ အစိုးရအဖွဲ့အား  ဝန်ကြီးချုပ်က ဦးဆောင်ပြီး ဝန်ကြီးချုပ်ပြီးလျှင်  ဘဏ္ဍာရေးဝန်ကြီးက  အစိုးရ အဖွဲ့၌ ရာထူးအကြီးဆုံး ဖြစ်သည်။ 

 


ဥပဒေပြုရေး


ဖင်လန်နိုင်ငံတွင်      ဥပဒေတစ်ရပ်သာရှိပြီး လွှတ်တော်ကိုယ်စားလှယ်    ၂၀၀    ရှိသည်။ လွှတ်တော်သက်တမ်းမှာ  လေးနှစ်ဖြစ်ပြီး  အချိုးကျ ကိုယ်စားပြုစနစ်  ( D’Hondt Method Open List Proportional Representation System) ဖြင့် ရွေးကောက်တင်မြှောက်သည်။     လွှတ်တော်တွင် အစိုးရအဖွဲ့အားထုတ်ပယ်ခြင်း၊ သမ္မတ၏  ဗီတို အာဏာအား    ပယ်ဖျက်ခြင်း၊   ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်    ဥပဒေများအား   ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်သည်။ 

 


တရားစီရင်ရေး


တရားစီရင်ရေးသည်    Civil Law System ဖြစ်ပြီး  သာမန်ရာဇဝတ်မှုများနှင့်  တရားမမှုများ ဆိုင်ရာတရားရုံးများ၊    ပြည်သူများနှင့်   အများ ပြည်သူအုပ်ချုပ်ရေးအကြား   တရားစွဲဆိုမှုများ အတွက် အုပ်ချုပ်ရေးဆိုင်ရာ တရားရုံးများဟူ၍  နှစ်မျိုးရှိသည်။ ရာဇဝတ်မှုများနှင့် တရားမမှုများ ဆိုင်ရာ တရားရုံးများတွင် ဒေသန္တရတရားရုံးများ (Regional Court)၊ ဒေသန္တရအယူခံတရားရုံးများ (Regional Appellate Court) နှင့် တရားလွှတ်တော် ချုပ် (Supreme Court)တို့ ပါဝင်သည်။ အုပ်ချုပ်ရေး ဆိုင်ရာတရားရုံးများတွင်   အုပ်ချုပ်ရေးဆိုင်ရာ တရားရုံးများ၊ အုပ်ချုပ်ရေးဆိုင်ရာ တရားလွှတ်တော် ချုပ် (Supreme Administration Court) တို့ ပါဝင်သည်။ ထို့အပြင်  အုပ်ချုပ်မှုအလိုက်  အထူး တရားရုံးအနည်းငယ်လည်းရှိပြီး အဆင့်မြင့်အစိုးရ အရာရှိကြီးများအား  ရာဇဝတ်ကြောင်းအရ  တရား စွဲဆိုသော   အမှုများအတွက်   စွပ်စွဲပြစ်တင်မှုများ ဆိုင်ရာဗဟိုတရားရုံး (High Court of Impea-chment ) လည်းရှိသည်။

 


ရွေးကောက်ပွဲစနစ်နှင့် 
ရွေးကောက်ပွဲအမျိုးအစားများ


ဖင်လန်နိုင်ငံတွင် ရွေးကောက်ပွဲအမျိုးအစား လေးမျိုးရှိသည်။ အသက်  ၁၈  နှစ်ပြည့်ပြီးသည့် ဖင်လန်နိုင်ငံသားများသည် လွှတ်တော်ရွေးကောက် ပွဲ၊ သမ္မတရွေးကောက်ပွဲ၊ ဥရောပသမဂ္ဂ ရွေးကောက် ပွဲနှင့် မြူနီစီပယ်နှင့် မြို့တော်ကောင်စီရွေးကောက် ပွဲများတွင် မဲပေးခွင့်ရှိသည်။
သမ္မတရွေးကောက်ပွဲများအား   မဲအများဆုံး ရသူအနိုင်ယူစနစ်ဖြင့် ခြောက်နှစ်လျှင် တစ်ကြိမ် လည်းကောင်း၊ လွှတ်တော်ရွေးကောက်ပွဲများအား အချိုးကျကိုယ်စားပြုစနစ်ဖြင့်     လေးနှစ်လျှင် တစ်ကြိမ်လည်းကောင်း၊ ဥရောပသမဂ္ဂ ရွေးကောက် ပွဲများအား    ငါးနှစ်လျှင်  တစ်ကြိမ်လည်းကောင်း၊ မြူနီစီပယ်ရွေးကောက်ပွဲများအား   လေးနှစ်လျှင် တစ်ကြိမ်လည်းကောင်း ကျင်းပသည်။ ဖင်လန်နိုင်ငံ သည် ဥရောပလွှတ်တော်တွင် ကိုယ်စားလှယ်နေရာ ၁၄  နေရာ  ရရှိသည်။   မြူနီစီပယ်များအောက်ရှိ ကောင်တီများအတွက် ကောင်တီကောင်စီ (Coun-ty Council)   များအား   ခန့်အပ်ရန်    ကောင်တီ ရွေးကောက်ပွဲများကို ၂၀၂၂ ခုနှစ်မှ စတင်ကျင်းပ မည်ဖြစ်သည်။

 


ဖင်လန်နိုင်ငံတွင်  ဝန်ကြီးချုပ်အား လွှတ်တော် ရွေးကောက်ပွဲရလဒ်များအပေါ် အခြေခံ၍ သမ္မတ က  ခန့်အပ်ပြီး   အများအားဖြင့်   အကြီးဆုံးပါတီ ၏ဥက္ကဋ္ဌအား   ဝန်ကြီးချုပ်အဖြစ်   ခန့်အပ်လေ့ရှိ သည်။   ဖင်လန်နိုင်ငံ   ရွေးကောက်ပွဲစနစ်အရ ဝန်ကြီးချုပ်သည် လွှတ်တော်သက်တမ်း လေးနှစ် တာအတွင်း     လွှတ်တော်ကို     ဖျက်သိမ်းပြီး ရွေးကောက်ပွဲများ    ကျင်းပရန်    သမ္မတအား တောင်းဆိုခွင့်ရှိသည်။ ဖင်လန်နိုင်ငံတွင် အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို ကျင့်သုံးခြင်းဖြင့် နိုင်ငံ ရေးပါတီများ ပိုမိုပါဝင်လာစေပြီး ပါတီများ စုပေါင်း ကာ   ညွန့်ပေါင်းအစိုးရဖွဲ့မှုကို   ဖြစ်ပေါ်စေသည်။ D’Hondt   စနစ်သည်    နားလည်အသုံးပြုရန် လွယ်ကူသော်လည်း ပါတီကြီးအချို့အား အသာရ စေသည်။ ဥပမာအားဖြင့် ၂၀၀၇ ခုနှစ်က  ကျင်းပခဲ့ သော လွှတ်တော်ရွေးကောက်ပွဲ၌ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများအပါအဝင် နိုင်ငံရေးပါတီ ၁၈ ခုမှ ကိုယ်စားလှယ်လောင်း ၂၀၀၀ ခန့်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံရေးပါတီ ရှစ်ခုမှ ကိုယ်စားလှယ် လောင်းများသာ ရွေးချယ်ခံခဲ့ရသည်။ 

 


ဖင်လန်နိုင်ငံရှိ  Aland  စီရင်စုတွင်   နိုင်ငံ၏ လူဦးရေ ၀ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသဖြစ်ကာ     Aland   ဒေသလွှတ်တော် ရွေးကောက်ပွဲများအား သီးခြားကျင်းပသည်။ Aland စီရင်စုတွင်ရှိသော    နိုင်ငံရေးပါတီများမှာ  ဖင်လန် နိုင်ငံ ပြည်မကြီးတွင်ရှိသည့် နိုင်ငံရေးပါတီများနှင့် မတူညီပေ။ Aland ဒေသ လွှတ်တော်ရွေးကောက် ပွဲများတွင်လည်း    အချိုးကျကိုယ်စားပြုစနစ်ကို အသုံးပြုသည့်အတွက်   ညွန့်ပေါင်းအစိုးရအဖွဲ့များ ဖွဲ့စည်းအုပ်ချုပ်သည်။   Aland   စီရင်စုဆိုင်ရာ ဝန်ကြီးချုပ်အား  လွှတ်တော်ရွေးကောက်ပွဲရလဒ်များအပေါ်  အခြေခံကာ    လွှတ်တော်ဥက္ကဋ္ဌက ခန့်အပ်ပြီး    အများအားဖြင့်   အကြီးဆုံးပါတီ၏ ဥက္ကဋ္ဌအား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လေ့ရှိသည်။

 


မြူနီစီပယ်ရွေးကောက်ပွဲများကို  မြို့များနှင့် အခြား(ကျေးလက်ဒေသ) မြူနီစီပယ်များအတွက် ကျင်းပပြီး     ဖင်လန်နိုင်ငံ၏   အခြေခံအကျဆုံး အုပ်ချုပ်မှုအဆင့်ဖြစ်သည်။    မြူနီစီပယ်များတွင် ကောင်စီမန်နေဂျာဦးဆောင်သော  အစိုးရအဖွဲ့ရှိပြီး ယင်းကောင်စီအား   ရွေးချယ်ရန်   ရွေးကောက်ပွဲ များကို လေးနှစ်လျှင် တစ်ကြိမ်ကျင်းပသည်။ 

 


ဖင်လန်နိုင်ငံသည် ၁၉၉၅ ခုနှစ်တွင်  ဥရောပ သမဂ္ဂအဖွဲ့ဝင်ဖြစ်လာခဲ့ပြီးနောက်   ဥရောပသမဂ္ဂ ရွေးကောက်ပွဲများကို  ၁၉၉၆ ခုနှစ်မှ စတင်ကျင်းပခဲ့ သည်။ 

 


စီရင်စုရွေးကောက်ပွဲများကို      ယခင်က ကျင်းပခဲ့ခြင်းမရှိဘဲ ၂၀၂၂ ခုနှစ်၌ စတင်ကျင်းပမည် ဖြစ်သည်။  လူထုဆန္ဒခံယူပွဲများအား    ကျင်းပရန် လွှတ်တော်က  အဆိုပြုဆောင်ရွက်နိုင်ပြီး  ၂၀၁၃ ခုနှစ်အထိ   ဖင်လန်နိုင်ငံတွင်    လူထုဆန္ဒခံယူပွဲ နှစ်ကြိမ်သာရှိခဲ့ကာ ၁၉၃၁ ခုနှစ်နှင့် ၁၉၉၄ ခုနှစ်များတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။   ဥပဒေတစ်ရပ်ပြဋ္ဌာန်းရန်   သို့မဟုတ် လူထုဆန္ဒခံယူပွဲကျင်းပရန်    ဖင်လန်နိုင်ငံသား   ၅၀၀၀၀   က    လက်မှတ်ရေးထိုး  တောင်းဆိုပါက လွှတ်တော်တွင် ဆွေးနွေးရသော်လည်း  လွှတ်တော် အနေဖြင့်   အဆိုပြုတောင်းဆိုလာသော လူထုဆန္ဒ ခံယူပွဲအားလုံးကို ကျင်းပပေးရန် တာဝန်မရှိပါ။

 


လွှတ်တော်ရွေးကောက်ပွဲများ


ဖင်လန်လွှတ်တော်တွင်  ကိုယ်စားလှယ်နေရာ ၂၀၀ ရှိပြီး ရွေးကောက်ပွဲများအား လေးနှစ်လျှင် တစ်ကြိမ် အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးချယ် သည်။ ရွေးကောက်ပွဲနေ့မှာ  ဧပြီလ၏  တတိယ မြောက် တနင်္ဂနွေနေ့ဖြစ်သည်။ ဝန်ကြီးချုပ်၏အဆို ပြုမှုဖြင့်  သမ္မတက  လွှတ်တော်ကို    ဖျက်သိမ်းခွင့် ရှိသည်။ လွှတ်တော်အတွင်း  ဆွေးနွေးအတည်ပြု ပြီးနောက်  လွှတ်တော်ဖျက်သိမ်းရန် အမိန့်ကြေညာ ချက်ထုတ်ပြန်ပြီး ၅၀  ရက်မှ  ၇၀  ရက်အတွင်းရှိ ပထမဦးဆုံးသော တနင်္ဂနွေနေ့တွင် ရွေးကောက်ပွဲ ကျင်းပရသည်။ ဖင်လန်နိုင်ငံ လွတ်လပ်ရေးရရှိချိန်မှ စတင်ပြီး လွှတ်တော်အား ဖျက်သိမ်းမှု ရှစ်ကြိမ်ရှိခဲ့ ကာ   ၁၉၇၅   ခုနှစ်တွင်   ဖျက်သိမ်းခဲ့ပြီးနောက် လွှတ်တော်အား ဆောလျင်စွာ  ဖျက်သိမ်းမှု  မရှိ သေးပါ။    ရွေးကောက်တင်မြှောက်ခံရန်အတွက် ကိုယ်စားလှယ်လောင်း     တစ်ဦးချင်းအနေဖြင့် အနည်းဆုံးရရှိရမည့်        ဆန္ဒမဲအရေအတွက် (Threshold) သတ်မှတ်ထားရှိခြင်း မရှိပါ။

 


မဲဆန္ဒနယ်များ    


ဖင်လန်နိုင်ငံတွင်   မဲဆန္ဒနယ်     သို့မဟုတ် ရွေးကောက်ပွဲခရိုင် ၁၃  နယ်ရှိပြီး   မဲဆန္ဒနယ် တစ်ခုလျှင်  လူဦးရေအပေါ်မူတည်ပြီး   လွှတ်တော် ကိုယ်စားလှယ် ခြောက်ဦးမှ ၃၅ ဦးအထိ ရွေးချယ်ခွင့် ရှိသည်။ ရွေးကောက်ပွဲနေ့မတိုင်မီ ခြောက်လအလို တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်များအတွင်း နေထိုင် လျက်ရှိသည့် လူဦးရေအပေါ် အခြေခံတွက်ချက်ခြင်း ဖြစ်သည်။  ခြွင်းချက်အနေဖြင့်  Aland    စီရင်စု အတွက်မူ  လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကို အစဉ်အမြဲ    ရွေးချယ်သည်။    ရွေးကောက်ပွဲနေ့ မတိုင်မီ လူဦးရေအချက်အလက်စနစ် (Population Information System) မှ  အချက်အလက်များကို ကောက်နုတ်တွက်ချက်ပြီး မဲဆန္ဒနယ်များအလိုက် ရရှိသည့် လွှတ်တော်ကိုယ်စားလှယ်အရေအတွက် ကို အစိုးရက ထုတ်ပြန်ကြေညာသည်။ ဥပမာအား ဖြင့်   ၂၀၁၉   ခုနှစ် လွှတ်တော်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အလိုက်      ကိုယ်စားလှယ်ရရှိမှုမှာ အောက်ပါအတိုင်း ဖြစ်ပါသည်- 


    မဲဆန္ဒနယ်အမည်     နေရာအရေအတွက်
၁။         Helsinki         ၂၂
၂။    Uusimaa        ၃၆
၃။    Finland Proper        ၁၇
၄။     SataKunta        ၈
၅။    Aland         ၁
၆။    Tavastia        ၁၄
၇။    Pirkanmaa        ၁၉
၈။    South-East Finland        ၁၇
၉။    Savonia-Karelia        ၁၅
၁၀။    Vaasa        ၁၆
၁၁။    Central Finland        ၁၀
၁၂။    Oulu        ၁၈
၁၃။    Lapland        ၇

 


မဲပေးခွင့်နှင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့် 


ရွေးကောက်ပွဲနေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီး သည့်   ဖင်လန်နိုင်ငံသားတိုင်း   မဲပေးခွင့်ရှိပြီး နေထိုင်မှုနေရာ   (Residence)  အား  ထည့်သွင်း စဉ်းစားမှုမပြုပါ။   မဲပေးခွင့်    မရှိသူများသည် ရွေးကောက်ပွဲတွင်  ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိပါ။ တပ်မတော်သားများလည်း  လွှတ်တော်ကိုယ်စား လှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိပါ။ ထို့အပြင် တရားသူကြီးချုပ်၊ တရားလွှတ်တော်ချုပ်  တရား သူကြီးများကဲ့သို့သော  အဆင့်မြင့်အစိုးရအရာရှိ များသည် ၎င်းတို့၏ လက်ရှိရာထူးများမှ နုတ်ထွက် ခြင်းမပြုဘဲ    လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခွင့် မရှိပါ။

 


ကိုယ်စားလှယ်လောင်း
အမည်စာရင်းတင်သွင်းခြင်း 


လွှတ်တော်ရွေးကောက်ပွဲတွင်      ဝင်ရောက် ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းအမည်စာရင်း များကို  ဥပဒေရေးရာဝန်ကြီးဌာန  (Ministry of Justice) တွင်   မှတ်ပုံတင်ထားသော  နိုင်ငံရေး ပါတီများနှင့်  မဲပေးခွင့်ရှိသော   မဲဆန္ဒရှင်များက တည်ထောင်ဖွဲ့စည်းထားသည့် မဲဆန္ဒနယ်အသင်း အဖွဲ့များက တင်သွင်းခွင့်ရှိသည်။ နိုင်ငံရေးပါတီ များနှင့် မဲဆန္ဒနယ်အသင်းအဖွဲ့များသည် ကိုယ်စားလှယ်လောင်းအမည်စာရင်းများအား ရွေးကောက်ပွဲ နေ့မတိုင်မီ ၄၀ ရက်မြောက်နေ့ ညနေ ၄ နာရီထက် နောက်မကျဘဲ    သက်ဆိုင်ရာ     မဲဆန္ဒနယ်ရှိ ရွေးကောက်ပွဲကော်မတီများထံ တင်သွင်းရသည်။ နိုင်ငံရေးပါတီမဟာမိတ်အဖွဲ့များ၏ ကိုယ်စားလှယ် လောင်း  အမည်စာရင်းတင်သွင်းမှုနှင့်  မဲဆန္ဒနယ် အသင်းအဖွဲ့များ၏   ပူးပေါင်းအမည်စာရင်းများ တင်သွင်းရန်  သတ်မှတ်ရက်မှာလည်း   အတူတူပင် ဖြစ်သည်။     ရွေးကောက်ပွဲကော်မတီများသည် ကိုယ်စားလှယ်လောင်း    အမည်စာရင်းများကို ရွေးကောက်ပွဲနေ့မတိုင်မီ ၃၁ ရက်နေ့တွင် အတည် ပြုရသည်။ ကိုယ်စားလှယ်လောင်း  အမည်စာရင်း များကို မဲရုံများတွင် ကပ်ထားကြေညာပါသည်။

 


နိုင်ငံရေးပါတီ   တစ်ပါတီလျှင်    မဲဆန္ဒနယ် တစ်နယ်စီ၌ ကိုယ်စားလှယ်လောင်းအများဆုံး ၁၄ ဦး   အမည်စာရင်း   တင်သွင်းခွင့်ရှိပြီး အကယ်၍ မဲဆန္ဒနယ်တစ်နယ်တွင် လွှတ်တော်ကိုယ်စားလှယ် နေရာ ၁၄ နေရာထက်ပိုမို၍ ရွေးချယ်ခံရပါက ယင်း အရေအတွက်အတိုင်း    ရွေးကောက်တင်မြှောက် ခံရမည်ဖြစ်သည်။ နိုင်ငံရေးပါတီများ   စုစည်းပြီး ရွေးကောက်ပွဲဆိုင်ရာ မဟာမိတ်များအဖြစ် ဖွဲ့စည်း နိုင်သော်လည်း အဆိုပါ မဟာမိတ်အဖွဲ့တစ်ဖွဲ့စီ အနေဖြင့်     လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းသည့်     အရေအတွက်မှာ ပါတီတစ်ခုချင်းစီက တင်သွင်းသည့် ကိုယ်စားလှယ် လောင်းအရေအတွက်ထက် မပိုရပါ။

 


မဲဆန္ဒနယ်အသင်းအဖွဲ့တစ်ဖွဲ့အား   သက်ဆိုင် ရာ မဲဆန္ဒနယ်အတွင်း  မဲပေးခွင့်ရှိသည့်  မဲဆန္ဒရှင် အနည်းဆုံး ၁၀၀ ဦးက တည်ထောင်ဖွဲ့စည်းနိုင်ပြီး မဲဆန္ဒနယ်အသင်းအဖွဲ့   တစ်ဖွဲ့လျှင်   ကိုယ်စား လှယ်လောင်း တစ်ဦးစီ အမည်စာရင်းတင်သွင်းနိုင် သကဲ့သို့ မဲဆန္ဒနယ်အသင်းအဖွဲ့များ ပေါင်းစပ်ပြီး ကိုယ်စားလှယ်လောင်းအများဆုံး  ၁၄ ဦး  အမည် စာရင်းအား ပူးပေါင်းအမည်စာရင်း  (Joint List) အဖြစ် တင်သွင်းနိုင်သည်။ အကယ်၍ မဲဆန္ဒနယ် တစ်နယ်တွင် လွှတ်တော်ကိုယ်စားလှယ်နေရာ ၁၄ နေရာထက် ပိုမို၍ ရွေးချယ်ခံရပါက  ယင်းအရေ အတွက်အတိုင်း ရွေးကောက်တင်မြှောက် ခံရမည် ဖြစ်သည်။

 


မဲဆွယ်စည်းရုံးခြင်း


ဥပဒေ၌   မဲဆွယ်စည်းရုံးရေးကာလအား တရား ဝင်သီးသန့် သတ်မှတ်ထားခြင်းမရှိဘဲ ရွေးကောက် ပွဲနေ့အထိ မဲဆွယ်စည်းရုံးနိုင်သည်။ ရွေးကောက်ပွဲ နေ့တွင်မူ  မဲရုံအနီးဝန်းကျင်၌   မဲဆွယ်စည်းရုံးခွင့် မပြုပါ။ ဥပဒေအရ နိုင်ငံရေးပါတီ သို့မဟုတ် မဲဆန္ဒ နယ်အသင်းအဖွဲ့များသည် ၎င်းတို့၏ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအသုံးစရိတ်ဆိုင်ရာ အစီရင်ခံစာ အား   အမျိုးသားစာရင်းစစ်ရုံး   (National Audit Office - NAO) သို့ တင်သွင်းရသည်။

 


မဲဆန္ဒရှင်စာရင်းပြုစုခြင်း


ရွေးကောက်ပွဲနေ့မတိုင်မီ  ၄၆  ရက်မြောက် နေ့တွင်  ကွန်ပျူတာစနစ်သုံး  မဲဆန္ဒရှင်စာရင်းကို လူဦးရေစာရင်းပြုစုရေးအေဂျင်စီ (Digital and Population Data Services Agency) က  ပြုစုရ သည်။ ရွေးကောက်ပွဲနေ့မတိုင်မီ ၅၁ ရက်အလိုတွင် လူဦးရေအချက်အလက်စနစ် (Population Infor-mation System) ၌ရှိသော အမည်၊ သက်သေခံကုဒ် အမှတ်၊ မဲဆန္ဒနယ်၊ နေထိုင်ရာ  မြူနီစီပယ်၊  မဲရုံ အမည် စသည့်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ အချက် အလက်များအား မဲဆန္ဒရှင် စာရင်းအဖြစ် ပြောင်းလဲ ပြုစုခြင်းဖြစ်သည်။      မဲဆန္ဒရှင်     စာရင်းကို ရွေးကောက်ပွဲနေ့ မတိုင်မီ ၄၁ ရက်အလိုတွင် လူဦး ရေစာရင်းပြုစုရေးအေဂျင်စီက     အများပြည်သူ သိရှိရန် ကပ်ထားကြေညာသည်။ ရွေးကောက်ပွဲနေ့ မတိုင်မီ   ၂၄  ရက်ထက်  နောက်မကျဘဲ    မဲပေး ကတ်များအား မဲဆန္ဒရှင်များထံ ပေးပို့သည်။ အဆိုပါ ကတ်တွင် ရွေးကောက်ပွဲနေ့၊ ကြိုတင်မဲပေးရမည့် ကာလ၊ သက်ဆိုင်ရာမဲဆန္ဒနယ်အတွင်းရှိ ကြိုတင် မဲပေး ရမည့် မဲရုံနေရာများ၊  ရွေးကောက်ပွဲနေ့တွင် မဲပေးရမည့် မဲရုံလိပ်စာ၊ ရွေးကောက်ပွဲအာဏာပိုင် များ ထံ ဆက်သွယ်ရမည့် လိပ်စာအချက်အလက်များ ပါဝင်သည်။ မဲစာရင်းများကို  မဲရုံများတွင်လည်း ကပ်ထားသည်။

 


မဲဆန္ဒရှင်စာရင်းတွင် အမည်မပါရှိသူများသည် မဲပေးခွင့်ရှိသူများဖြစ်ပါက ရွေးကောက်ပွဲနေ့ မတိုင် မီ ၁၆ ရက်ထက်  နောက်မကျဘဲ လူဦးရေစာရင်း ပြုစုရေးအေဂျင်စီထံ     လျှောက်ထားနိုင်သည်။ လူဦးရေစာရင်းပြုစုရေး အေဂျင်စီက ရွေးကောက်ပွဲ နေ့မတိုင်မီ   ၁၃   ရက်ထက်    နောက်မကျဘဲ ဆုံးဖြတ်ချက်ချမှတ်ရပြီး အဆိုပါဆုံးဖြတ်ချက်အား လက်ခံနိုင်ခြင်း မရှိသူများသည်  ဒေသန္တရအုပ်ချုပ် ရေးတရားရုံးများထံ ဆုံးဖြတ်ချက်ထုတ်ပြန်အပြီး ခုနစ်ရက်အတွင်း   အယူခံလွှာတင်သွင်းနိုင်သည်။ ဒေသန္တရအုပ်ချုပ်ရေး   တရားရုံးများ၏   ဆုံးဖြတ် ချက်သည် အပြီးအပြတ်ဖြစ်သည်။

 


မဲဆန္ဒရှင်စာရင်းသည် ရွေးကောက်ပွဲနေ့မတိုင်မီ ၁၂ ရက်တွင်   အတည်ဖြစ်ပြီး   ယင်းနေ့နောက် ပိုင်းတွင် မဲဆန္ဒရှင်စာရင်းအား ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်းကို  ဆောင်ရွက်ခွင့် မရှိပါ။ ခြွင်းချက် အနေဖြင့် ဒေသန္တရအုပ်ချုပ်ရေးတရားရုံး သို့မဟုတ် အုပ်ချုပ်ရေးဆိုင်ရာ    တရားလွှတ်တော်ချုပ်ထံ တင်သွင်းသည့် အယူခံအမှုများအနက် ယင်းနေ့ ကျော်လွန်ပြီးနောက်ပိုင်း၌   မဲဆန္ဒရှင်စာရင်းတွင် ပါဝင်ခွင့်ရှိသည်ဟု ဆုံးဖြတ်ချက်ချမှတ်ခံရသည့် မဲဆန္ဒရှင်အမည်စာရင်းကို ထပ်မံထည့်သွင်းနိုင်ပြီး အဆိုပါမဲဆန္ဒရှင်သည် တရားရုံး၏ ဆုံးဖြတ်ချက် ကို   မဲရုံထံယူဆောင်လာရပြီး   သက်ဆိုင်ရာ ရွေးကောက်ပွဲအာဏာပိုင်များထံ ပြသရသည်။

 


မဲပေးခြင်း 


မဲပေးခွင့်ရှိသည့် မဲဆန္ဒရှင်များသည် ကြိုတင် မဲပေးရန်   သတ်မှတ်ထားသည့်   ကာလအတွင်း၌ ကြိုတင်မဲပေးခြင်း သို့မဟုတ် ရွေးကောက်ပွဲနေ့တွင် မဲပေးခြင်းကို   ဆောင်ရွက်နိုင်ပြီး   နိုင်ငံပြင်ပတွင် နေထိုင်သော မဲဆန္ဒရှင်များသည် စာတိုက်မှတစ်ဆင့် မဲပေးနိုင်သည်။

 


ကြိုတင်မဲပေးခြင်း 


နိုင်ငံပြင်ပတွင် ကြိုတင်မဲပေးသည့် ကာလမှာ ရွေးကောက်ပွဲနေ့မတိုင်မီ    ၁၁    ရက်မြောက်နေ့ (ဗုဒ္ဓဟူးနေ့) မှ ရွေးကောက်ပွဲနေ့မတိုင်မီ ၈ ရက် မြောက်နေ့ (စနေနေ့)  အထိဖြစ်ပြီး  ဖင်လန်နိုင်ငံ အတွင်းတွင်     ကြိုတင်မဲပေးသည့်    ကာလမှာ ရွေးကောက်ပွဲနေ့မတိုင်မီ    ၁၁   ရက်မြောက်နေ့ (ဗုဒ္ဓဟူးနေ့) မှ ရွေးကောက်ပွဲနေ့မတိုင်မီ ၅  ရက် မြောက်နေ့ (အင်္ဂါနေ့) အထိ ဖြစ်သည်။

 


နိုင်ငံတွင်းရှိ  ပုံမှန်ကြိုတင်မဲပေးသည့် မဲရုံများမှာမြူနီစီပယ်ရုံးများနှင့်   ဒေသန္တရအုပ်ချုပ်ရေး အာဏာပိုင်များက  သတ်မှတ်ပေးထားသည့် အခြား နေရာများ၌ တည်ရှိပြီး  နိုင်ငံပြင်ပ၌  သက်ဆိုင်ရာ ဖင်လန်သံရုံးများတွင်     ဖွင့်လှစ်ခြင်းဖြစ်သည်။ ယေဘုယျအားဖြင့် မြူနီစီပယ်တစ်ခုလျှင် ကြိုတင် မဲရုံ အနည်းဆုံး   တစ်ရုံရှိပြီး   မဲဆန္ဒရှင်များသည် ၎င်းတို့နေထိုင်ရာ မြူနီစီပယ်အတွင်းရှိ ကြိုတင်မဲရုံ၌ မဲပေးခွင့်ရှိသည်။

 


ဖင်လန်နိုင်ငံတွင်  အထူးကြိုတင်မဲရုံများအား ဆေးရုံများ၊    အကျဉ်းထောင်များနှင့်    အခြား သတ်မှတ်ထားသည့် အဖွဲ့အစည်းနေရာများတွင် ဖွင့်လှစ်သည်။ ဆေးကုသမှုခံယူနေသူ သို့မဟုတ် အကျဉ်းကျနေသူ    သို့မဟုတ်   သက်ဆိုင်ရာအဖွဲ့ အစည်းနေရာများနှင့် သက်ဆိုင်သူများသာ ယင်းမဲရုံ များတွင် ကြိုတင်မဲပေးခွင့်ရှိသည်။ ကြိုတင်မဲပေးရုံ များသို့   သွားရောက်မဲမပေးနိုင်သူများ   သို့မဟုတ် ရွေးကောက်ပွဲနေ့တွင် မဲရုံသို့ သွားရောက်မဲမပေးနိုင် သူများအတွက်    အိမ်၌   အထူးကြိုတင်မဲပေးခွင့် ပြုထားသည်။ အဆိုပါပုဂ္ဂိုလ်အား တရားဝင်ကူညီ စောင့်ရှောက်ပြီး တစ်အိမ်တည်း အတူနေသူသည် လည်း ယင်း“အိမ်၌အထူးကြိုတင်မဲ”အား ပေးခွင့် ရှိသည်။ ရွေးကောက်ပွဲအရာရှိက ၎င်းတို့၏ နေအိမ် သို့သွားရောက်ကာ ကြိုတင်မဲပေးစေပြီး မဲလက်မှတ် များ စုစည်းသည်။

 


ရွေးကောက်ပွဲကာလအတွင်း၌ ဖင်လန်သင်္ဘော များပေါ်တွင် တာဝန်ထမ်းဆောင်နေသူများလည်း သင်္ဘောပေါ်၌ ကြိုတင်မဲပေးခွင့်ရှိသည်။ သင်္ဘော ပေါ်၌   ကြိုတင်မဲပေးခြင်းကို   ရွေးကောက်ပွဲနေ့ မတိုင်မီ ၁၈ ရက်ထက်နောက်မကျဘဲ စောနိုင်သမျှ စောစောပြုလုပ်ရသည်။

 


ကြိုတင်မဲပေးခြင်း လုပ်ငန်းစဉ်များ


ကြိုတင်မဲပေးသူသည် မဲရုံသို့ရောက်သည့်အခါ သက်သေခံကတ်ပြားပြသရပြီး   မဲဆန္ဒရှင်စာရင်း တွင် ပါဝင်သူဟုတ်/မဟုတ် ရွေးကောက်ပွဲအရာရှိက စိစစ်ပြီးသည့်အခါ ကြိုတင်မဲလက်မှတ်ကိုရရှိသည်။ မဲဆန္ဒရှင်များသည်    မဲရုံအတွင်းရှိ    ဆန္ဒပြုခန်း (Polling Booth) သို့  သွားရောက်ကာ  မိမိဆန္ဒပြုလို သော   ကိုယ်စားလှယ်လောင်း၏      နံပါတ်အား မဲလက်မှတ်ပေါ်တွင် ရေးသားရသည်။ ကြိုတင်မဲပေး သူသည် ၎င်းနှင့်သက်ဆိုင်သည့် မဲဆန္ဒနယ်အတွင်းရှိ ကိုယ်စားလှယ်လောင်း တစ်ဦးကိုသာ ကြိုတင် ဆန္ဒမဲပေးခွင့်ရှိသည်။  

 

(ဆက်လက်ဖော်ပြပါမည်)