ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများအပေါ်လေ့လာခြင်း (တောင်ကိုရီးယားနိုင်ငံ)

Type
1

မေမြန်မာ

(ဇွန် ၂၅ ရက်နေ့မှအဆက်)
သမ္မတရွေးကောက်ပွဲများ


သမ္မတရွေးကောက်ပွဲတွင် Plurality System ကို အသုံးပြုပြီး တစ်နိုင်ငံလုံးတွင် ဆန္ဒမဲအများဆုံးရရှိသည့် ကိုယ်စားလှယ်လောင်းက အနိုင်ရပါသည်။  ဝင်ရောက်ယှဉ်ပြိုင်သည့်  ကိုယ်စားလှယ်လောင်း တစ်ယောက်တည်းရှိနေလျှင်သော်လည်း ရွေးကောက်ပွဲကျင်းပရပြီး ကိုယ်စားလှယ်လောင်းသည် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံနိုင်ရန်အတွက် စုစုပေါင်းဆန္ဒမဲ၏ သုံးပုံတစ်ပုံထက် ကျော်လွန်ရရှိ ရမည်ဖြစ်သည်။   သမ္မတရွေးကောက်ပွဲများကို   ၁၉၄၈    ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး  ၁၉၄၈၊ ၁၉၅၂၊ ၁၉၅၄၊ ၁၉၅၆၊ ၁၉၆၀၊ ၁၉၆၃၊ ၁၉၆၇၊ ၁၉၇၁၊ ၁၉၇၂၊ ၁၉၇၈၊ ၁၉၇၉၊ ၁၉၈၀၊ ၁၉၈၇၊ ၁၉၉၂၊ ၁၉၉၇၊ ၂၀၀၂၊ ၂၀၀၇၊ ၂၀၁၂၊ ၂၀၁၇ ခုနှစ်တို့တွင် ကျင်းပခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ထပ်မံကျင်းပမည် ဖြစ်ပါသည်။ သမ္မတသည် သက်တမ်းတစ်ကြိမ်သာ ရွေးချယ်ခံခွင့် ရှိပါသည်။
လွှတ်တော်ရွေးကောက်ပွဲများ


လွှတ်တော်ရွေးကောက်ပွဲများတွင် နိုင်သူအကုန်ယူစနစ် (First Past The Post )နှင့် အချိုးကျစနစ် (Proportional Representation)ကို ရောနှောအသုံးပြုသည်။ မဲဆန္ဒနယ်ကို အခြေခံသည့် ၂၅၃ နေရာ အတွက် FPTP စနစ်ကို အသုံးပြုပြီး မဲဆန္ဒရှင်များသည် ၎င်းတို့၏ မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်လောင်းတစ်ဦးကို ရွေးချယ်ပေး ရသည်။ Closed List PR စနစ်နှင့် Additional Member စနစ်တို့ဖြင့် ၄၇ နေရာကို ရွေးချယ်ပြီး ပါတီများ၏ တစ်နိုင်ငံလုံးတွင်  မဲရရှိမှု အချိုးအစားအလိုက် နေရာများခွဲဝေရရှိသည်။ နေရာခွဲဝေချထားမှုရရှိနိုင်ရန်အတွက်   နိုင်ငံရေးပါတီများသည် FPTP စနစ်ဖြင့်  ကျင်းပ သောနေရာများတွင်  အနည်းဆုံး ငါးနေရာအနိုင်ရရှိရန် လိုအပ်ပြီး PR စနစ်ဖြင့်ကျင်းပသည့် ကိုယ်စားလှယ်နေရာများတွင် စုစုပေါင်း ဆန္ဒမဲ၏ သုံးရာခိုင်နှုန်းထက် ကျော်လွန်ရရှိရပါသည်။
ဒေသန္တရရွေးကောက်ပွဲများ


Si/ Do ကောင်စီရွေးကောက်ပွဲများနှင့် Gu/ Si/ Gun ကောင်စီ ရွေးကောက်ပွဲများတွင်လည်း FPTP စနစ်နှင့် PR စနစ်ကို ရောနှော အသုံးပြုသည်။ Closed List PR System ကို အသုံးပြုပြီး ကောင်စီ နေရာ စုစုပေါင်း၏  ၁၀  ရာခိုင်နှုန်းကို ပါတီများအနိုင်ရရှိမှုအလိုက် ခွဲဝေသတ်မှတ်ပေးခြင်းဖြစ်သည်။ 
ဒေသန္တရအစိုးရအဖွဲ့အကြီးအကဲများ ရွေးကောက်ပွဲ


နိုင်သူအကုန်ယူစနစ်ကို   အသုံးပြုသည့်   ဤရွေးကောက်ပွဲများ တွင် ဆန္ဒမဲရရှိမှုအများဆုံး အရေအတွက် တူညီနေသည့် ကိုယ်စားလှယ်လောင်းနှစ်ဦးရှိနေပါက  အသက်ပိုကြီးသူကို  ရွေးချယ်ပါသည်။ ကိုယ်စားလှယ်လောင်းတစ်ဦးသာ        ဝင်ရောက်ယှဉ်ပြိုင်ပါက ရွေးကောက်ပွဲကျင်းပခြင်းမပြုဘဲ အဆိုပါကိုယ်စားလှယ်လောင်းကို ရွေးကောက်ပွဲနေ့တွင် ရွေးကောက်တင်မြှောက်ပါသည်။


တောင်ကိုရီးယားနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ


တောင်ကိုရီးယားနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၄၈ ခုနှစ် ဇူလိုင်လ ၁၇  ရက်နေ့တွင်   စတင်ကျင့်သုံးခဲ့ခြင်းဖြစ်သည်။  ယနေ့ အချိန်အထိ စုစုပေါင်း ကိုးကြိမ်ပြင်ဆင်ခဲ့ပြီး ၁၉၈၇ ခုနှစ် အောက်တို ဘာလ ၂၉ ရက်နေ့တွင် နောက်ဆုံးပြင်ဆင်ခဲ့ခြင်းဖြစ်သည်။
အခန်း ၁၀ ခန်းနှင့် ပုဒ်မ ၁၃၀ ပါရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရွေးကောက်ပွဲစီမံခန့်ခွဲမှုအား အခန်းတစ်ခန်းအနေဖြင့် ဖော်ပြပါရှိသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်လိုပါက သမ္မတ သို့မဟုတ် လွှတ်တော် အမတ်အများစုက  အဆိုပြုနိုင်သည်။    ပြင်ဆင်ချက်များအတွက် လွှတ်တော်၏သဘောတူညီချက်သာမက လူထုဆန္ဒခံယူပွဲ ကျင်းပ ရန်လည်း  လိုအပ်သည်။  လွှတ်တော်အတွင်းရှိ   အမတ်နေရာ  သုံးပုံ  နှစ်ပုံနှင့်အထက် ရရှိရန်လိုအပ်ပြီး  လူထုဆန္ဒခံယူပွဲတွင်  မဲပေးခွင့် ရှိသူဦးရေ ထက်ဝက်ကျော်က မဲပေးရန်နှင့် ယင်းထက်ဝက်ကျော်၏ ၅၀ ရာခိုင်နှုန်းကျော်က ထောက်ခံမဲပေးရန် လိုအပ်သည်။


ရွေးကောက်ပွဲကော်မရှင်
တောင်ကိုရီးယားရွေးကောက်ပွဲကော်မရှင်ကို   ၁၉၆၃   ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး လွှတ်တော်၊ တရား လွှတ်တော်ချုပ်နှင့်   ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတို့ကဲ့သို့ပင် လွတ်လပ်ပြီး အမှီအခိုကင်းသည့်အဖွဲ့အစည်းဖြစ်သည်။ ရွေးကောက် ပွဲကော်မရှင်တွင် အဖွဲ့ဝင်  ကိုးဦး ရှိပြီး သုံးဦးကို သမ္မတကလည်းကောင်း၊ သုံးဦးကို လွှတ်တော်ကလည်းကောင်း၊ သုံးဦးကို တရားလွှတ်တော်ချုပ် ကလည်းကောင်း ရွေးချယ်ခန့်အပ်သည်။ တရားလွှတ်တော်ချုပ်က ခန့်အပ်သည့်  သုံးဦးတွင်ပါဝင်သော တရားလွှတ်တော်ချုပ်တရားသူကြီး တစ်ဦးအား ကော်မရှင်ဥက္ကဋ္ဌအဖြစ် ခန့်အပ်သည်။ 


အထွေထွေအတွင်းရေးမှူးချုပ်ဦးဆောင်သည့် အတွင်းရေးမှူးရုံး က  ကော်မရှင်၏လုပ်ငန်းများကို  ဆောင်ရွက်သည်။  နိုင်ငံအဆင့် ရွေးကောက်ပွဲကော်မရှင်၏ လက်အောက်တွင် Si/Do ရွေးကောက်ပွဲ ကော်မရှင် (မြို့ကြီး/ ပြည်နယ်)၊ Gu/Si/Gun ရွေးကောက်ပွဲကော်မရှင် (ရပ်ကွက်/ မြို့/ခရိုင်)၊ Eup/ Myeon/ Dong ရွေးကောက်ပွဲကော်မရှင်ဟူ၍ ကော်မရှင်အဖွဲ့ခွဲအဆင့်သုံးဆင့်ဖြင့်  လုပ်ငန်းများဆောင်ရွက်သည်။ ကော်မရှင်သည် ရွေးကောက်ပွဲကျင်းပစီမံခန့်ခွဲရေးလုပ်ငန်းများကိုသာမက Korean Civic Education Institute for Democracy ကို တည်ထောင်ဖွင့်လှစ်ပြီး ပြည်သူလူထုအား ရွေးကောက်ပွဲ အသိပညာ ပေးရေးလုပ်ငန်းများ ဆောင်ရွက်သကဲ့သို့ Boundary Delimitation Commission ကို ရွေးကောက်ပွဲမတိုင်မီကာလများတွင် ဖွဲ့စည်းပြီး မဲဆန္ဒနယ်သတ်မှတ်ခြင်းလုပ်ငန်းကို  ဆောင်ရွက်သည်။  နိုင်ငံရေး ပါတီအက်ဥပဒေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း၊ ပါတီရန်ပုံ ငွေနှင့် ပါတီလုပ်ငန်းများ ဆောင်ရွက်ခြင်းကိုလည်း ကြီးကြပ်သည်။ ရွေးကောက်ပွဲကော်မရှင်သည်   လူထုဆန္ဒခံယူပွဲများ  ကျင်းပရန် တာဝန်ရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောသမဝါယမများနှင့် တက္ကသိုလ်များ၏ဥက္ကဋ္ဌများကို ရွေးချယ်သည့် ရွေးကောက်ပွဲများ ကိုလည်း စီမံခန့်ခွဲသည်။ ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၁၄ အရ ဖွဲ့စည်းပြီး သက်တမ်းမှာ ခြောက်နှစ်ဖြစ်သည်။


၂၀၂၀ ပြည့်နှစ် တောင်ကိုရီးယားလွှတ်တော်ရွေးကောက်ပွဲ


တောင်ကိုရီးယားနိုင်ငံ၏ (၂၁) ကြိမ်မြောက် လွှတ်တော်ရွေးကောက် ပွဲများကို ၂၀၂၀ ပြည့်နှစ် ဧပြီလ ၁၅ ရက်နေ့တွင် ကျင်းပခဲ့သည်။ ကိုဗစ်ကာလအတွင်း ရွေးကောက်ပွဲများကျင်းပသည့်  ကနဦးနိုင်ငံ များထဲမှ  နိုင်ငံတစ်ခုဖြစ်သည့်အပြင် ရွေးကောက်ပွဲစီမံခန့်ခွဲမှုမှာ လည်း ရောဂါကူးစက်ပြန့်ပွားခြင်းမရှိရန် နည်းလမ်းများ၊ ပြင်ဆင်မှုများ အားကောင်းကောင်းနှင့်   စီမံနိုင်ခဲ့သည့်အတွက်   နိုင်ငံတကာက လေ့လာရသော ရွေးကောက်ပွဲတစ်ခုဖြစ်ခဲ့သည်။ 
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအထိ စာရင်းများအရ  လူဦးရေ ၅၁၃၃၉၂၃၈ ဦးရှိပြီး ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၄ ရက်နေ့စာရင်းများအရ မှတ်ပုံတင်ထားသည့် မဲဆန္ဒရှင်ဦးရေ ၄၃၉၉၄၂၄၇ ရှိသည်။  COVID-19 ကပ်ရောဂါဖြစ်ပွားနေချိန်ဖြစ်သော်လည်း မဲလာပေးသူ ၂၉၁၂၇၆၃၇ ဦးရှိသည့်အတွက် မဲပေးမှုမှာ ၆၆ ဒသမ၂၁ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင်  ကျင်းပခဲ့သည့်    လွှတ်တော်ရွေးကောက်ပွဲတွင်   မဲဆန္ဒရှင် ၄၂၁၀၀၃၉၈ ဦးနှင့် မဲလာပေးသူ ၂၄၄၃၀၇၄၆ ဦးရှိခဲ့သဖြင့် မဲပေးမှုမှာ ၅၈ ဒသမ ၀၃ ရာခိုင်နှုန်းသာရှိခဲ့ပါသည်။    
                                                       

a စာမျက်နှာ ၁၈ မှ
လွှတ်တော်နေရာ    ၃၀၀  အတွက် မဲရုံပေါင်း ၁၄၃၃၀ အား ဖွင့်လှစ်ခဲ့ပြီး မဲရုံတစ်ရုံလျှင် ပျမ်းမျှမဲပေးသူ ၂၀၀၀ ဦးခန့် ရှိခဲ့ပါသည်။ တောင်ကိုရီးယားနိုင်ငံ၏  ရွေးကောက်ပွဲများတွင်   မဲရေတွက်ရာ စင်တာများသို့ မဲလက်မှတ်များ ပို့ဆောင်ပြီး စုပေါင်းကာ မဲရေတွက် ခြင်းဖြစ်ပါသည်။ မဲရေတွက်ရုံတစ်ရုံလျှင် ဝန်ထမ်း ၂၅၀ ခန့်  ပျမ်းမျှ ရှိကာ ပျမ်းမျှမဲစာရွက် ၂၃၀၀၀၀ ခန့်အား  ရေတွက်ခဲ့ပါသည်။
ရွေးကောက်ပွဲနေ့တွင်   မဲမပေးနိုင်သည့်  မဲဆန္ဒရှင်များအတွက် ရွေးကောက်ပွဲမတိုင်မီ   ငါးရက်အလိုတွင်   နှစ်ရက်ကြာ   ကြိုတင်မဲ ပေးခွင့်ပြုခဲ့ပါသည်။   မဲဆန္ဒရှင်စာရင်းကို   ဒစ်ဂျစ်တယ်စနစ်ဖြင့် တစ်နိုင်ငံလုံးအတွက် ဆောင်ရွက်ထားသောကြောင့် ရွေးကောက်ပွဲ နေ့ကဲ့သို့ မိမိနေထိုင်ရာအရပ်တွင်သာ မဲပေးရခြင်းမဟုတ်ဘဲ နိုင်ငံ၏ မည်သည့်နေရာတွင်မဆို ကြိုတင်မဲပေးနိုင်ပါသည်။ တစ်နိုင်ငံလုံးတွင် ကြိုတင်မဲပေးရုံ  ၃၅၀၈  ရုံကို  ဖွင့်လှစ်ပေးခဲ့ပြီး ကြိုတင်မဲရုံတစ်ရုံလျှင် မဲပေးသည့် ဦးရေ ပျမ်းမျှ ၃၃၀၀ ဖြစ်ပါသည်။
ကြိုတင်မဲပေးခြင်းအပြင် အဝေးမှမဲပေးခြင်း၊ သင်္ဘောပေါ်တွင် မဲပေးခြင်း၊ နိုင်ငံရပ်ခြား မဲပေးခြင်းတို့ကိုလည်း  ဆောင်ရွက်ခဲ့သည်။ အဝေးမှမဲပေးခြင်းစနစ်မှာ ဆေးရုံ၊  ဘိုးဘွားရိပ်သာ  အစရှိသည့်နေရာ များမှ ထွက်ခွာ၍မရနိုင်သူ၊ ကိုယ်ခန္ဓာမသန်စွမ်းသူ စသည့်အကြောင်း ရင်းများကြောင့်   မဲရုံများသို့   သွားရောက်ရန်  အခက်အခဲရှိနေသူ မဲဆန္ဒရှင်များအတွက်  မိမိနေထိုင်ရာနေရာတွင် စာတိုက်မှတစ်ဆင့် မဲပေးစေသည့်နည်းလမ်းဖြစ်ပါသည်။ ကြိုတင်စာရင်းပေးသွင်းထား ရပြီး အမည်စာရင်းပေးသွင်းရသည့် ကာလမှာ ရွေးကောက်ပွဲမတိုင်မီ ၂၂ ရက်အလိုမှစတင်ကာ ငါးရက်အတွင်း ဖြစ်ပါသည်။ 
နိုင်ငံခြားတွင်နေထိုင်သည့်    တောင်ကိုရီးယားနိုင်ငံသားများ၊ နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများသည်  သက်ဆိုင်ရာနိုင်ငံများရှိ တောင်ကိုရီးယားသံရုံးများရှိ မဲရုံများတွင် မဲပေးနိုင်ပါသည်။ နိုင်ငံခြား ကြိုတင်မဲပေးခြင်းကို ၂၀၀၉ ခုနှစ်မှစတင်ခွင့်ပြုခဲ့ခြင်းဖြစ်ပါသည်။ သို့သော်လည်း COVID-19 ကပ်ရောဂါ ဖြစ်ပွားနေချိန်ဖြစ်သဖြင့် နိုင်ငံပေါင်း ၅၀ ကျော်ရှိ သံရုံးများ၌ ကြိုတင်မဲပေးခြင်းကို ဆောင်ရွက် နိုင်ခြင်းမရှိခဲ့ပါ။ ပင်လယ်ပြင်ရှိသင်္ဘောများပေါ် ရောက်ရှိနေသည့် တောင်ကိုရီးယားနိုင်ငံသားများအား သင်္ဘောများပေါ်တွင် မဲပေး နိုင်ရေး ဆောင်ရွက်ခဲ့ပါသည်။ 
၂၀၂၀ ပြည့်နှစ်လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပရာတွင် COVID-19 ကပ်ရောဂါဖြစ်ပွားနေချိန်ဖြစ်သဖြင့် ရောဂါကူးစက်ခံ ထားရသူများအတွက် အဝေးရောက်မဲပေးခြင်းနှင့် ကြိုတင်မဲပေးခြင်း တို့အား ဆောင်ရွက်ခဲ့ပါသည်။ ဤရွေးကောက်ပွဲတွင် အဝေးရောက် မဲပေးရန်  စာရင်းပေးသွင်းရမည့် နောက်ဆုံးရက်မှာ မတ်လ ၂၈ရက် နေ့ဖြစ်သဖြင့် ယင်းနေ့မတိုင်မီကူးစက်ခံရသူများမှာ အဝေးရောက် မဲပေးနိုင်ပြီး ယင်းနောက်ပိုင်းတွင် ရောဂါကူးစက်ဖြစ်ပွားသူများမှာ အထူးရွေးကောက်ပွဲမဲရုံတွင်   မဲပေးရပါသည်။  မဲပေးထားသည့် မဲလက်မှတ်ပါရှိသည့်စာအိတ်များအား ကော်မရှင်သို့ ပို့ဆောင်ရာတွင် ရောဂါပိုးပျံ့နှံ့ခြင်းမရှိစေရန် အခြေခံသန့်ရှင်းရေးစည်းကမ်းများ ချမှတ်ဆောင်ရွက်ခဲ့ပါသည်။ အဝေးရောက်မဲပေးရန် စာရင်းပေးသွင်း ထားသူ ၁၀၀၅၉၂ ဦး ရှိခဲ့သည့်အနက်  ရောဂါကူးစက်ခံရသဖြင့် အဝေးရောက်မဲပေးရန် စာရင်းသွင်းသူ ၃၆၄ ဦးရှိခဲ့ပါသည်။
အဝေးရောက်မဲပေးခြင်းအတွက် စာရင်းပေးသွင်းရမည့်ရက် နောက်ပိုင်းတွင် ရောဂါကူးစက်ခံရသူများအတွက် အထူးရွေးကောက် ပွဲ  မဲရုံ  ရှစ်ရုံကို ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါမဲရုံများတွင် ရောဂါကူးစက်ခံရ သူများအပြင်   မဲရုံရှိ  ကျန်းမာရေးဝန်ထမ်းများပါ  မဲပေးနိုင်စေရန် ဆောင်ရွက်ခဲ့ပါသည်။ ကိုဗစ်လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများ အတွက်ထားရှိသည့် အထူးမဲရုံဝန်ထမ်းများသည်  နှာခေါင်းစည်း၊ မျက်နှာအကာအကွယ်နှင့် လက်အိတ်  အစရှိသည့်  ကာကွယ်ရေး ဝတ်စုံအပြည့်ကို  ဝတ်ဆင်ရသည်။   ပုံမှန်ကြိုတင်မဲပေးခြင်းအား နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ နှစ်ရက်ကြာ ခွင့်ပြုသော်လည်း အထူးရွေးကောက်ပွဲမဲရုံအား တစ်ရက်သာ ခွင့်ပြုပါသည်။ အထူးမဲရုံ ရှစ်ရုံတွင် မဲဆန္ဒရှင်စုစုပေါင်း ၄၄၆ ဦးမဲပေးခဲ့ပြီး ရောဂါကူးစက်ခံရသူ ၁၄၇ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၉၉ ဦး ဖြစ်ပါသည်။ 
ရောဂါပိုးကူးစက်သူနှင့် ထိတွေ့မှုရှိသူများ၊ နိုင်ငံခြားမှ ပြန်လာ သည့်သူများအား ၁၄ ရက်ကြာ အိမ်တွင်စောင့်ကြည့်ခံရသည့်အတွက် ရွေးကောက်ပွဲနေ့တွင် မဲပေးနိုင်ရန် စီစဉ်ပေးခဲ့ပါသည်။ ယင်းစောင့်ကြည့် ခံရသူများသည် စောင့်ကြည့်ကာလ စည်းကမ်းများအား ချိုးဖောက် ပါက ကူးစက်ရောဂါတိုက်ဖျက်ရေးဥပဒေအရ တစ်နှစ်အောက် ထောင် ဒဏ် သို့မဟုတ် ဝမ်သိန်း  ၁၀၀ အောက်  ဒဏ်ကြေးပေးဆောင်ရပါသည်။ မဲပေးရန်အတွက် ညနေ ၅ နာရီ မိနစ် ၂၀ မှ ၇ နာရီအထိ အပြင်ထွက်ခွင့်ပြု ပြီး  ညနေ  ၆ နာရီ  မတိုင်မီ  မဲရုံသို့ အရောက်သွားကာ နံပါတ်စဉ်ရယူပြီး သာမန်မဲပေးချိန်ပြီးနောက်တွင် မဲပေးရခြင်းဖြစ်ပါသည်။ တည်ဆဲ ရွေးကောက်ပွဲဥပဒေ၌ မဲပေးချိန်ပြီးသည့်အခါ မဲရုံတွင် မဲပေးရန်စောင့်နေ သော  မဲဆန္ဒရှင်များအတွက်  နံပါတ်စဉ်ပေးကာ  မဲပေးစေရမည်ဟု ပါရှိသည့်အတွက် ယင်းအချက်ကို အသုံးပြုခြင်းဖြစ်ပါသည်။ 
သာမန်မဲပေးသူများ   မဲရုံမှ     ထွက်ခွာသွားပြီးချိန်၌     သီးခြား ဆောက်လုပ်ထားသော  ယာယီမဲပေးခန်းတွင်  မဲပေးရခြင်းဖြစ်ပြီး လေ့လာသူများအား  နေအိမ်စောင့်ကြည့်ခံရသူ၏လမ်းကြောင်းမှ  နှစ် မီတာအထက်အကွာတွင် စောင့်ကြည့်လေ့လာခွင့်ပြုပါသည်။ နေအိမ် စောင့်ကြည့်ခံရသူများအတွက် ယာယီမဲပေးခန်း  ၅၅၀၀ အား  ဖွင့်လှစ် ခဲ့ကာ နေအိမ်စောင့်ကြည့်ခံရသူ ၁၃၇၈၉ ဦးမှ စာရင်းပေးသွင်းခဲ့ပြီး ၁၁၁၅၁ ဦးမဲပေးခဲ့သဖြင့် မဲပေးမှု ၈၁ ရာခိုင်နှုန်းဖြစ်ပါသည်။ ရွေးကောက် ပွဲကာလတွင် နေအိမ်စောင့်ကြည့်ခံရသူ ၅၉၉၁၈ ဦး ဖြစ်ပါသည်။
ရွေးကောက်ပွဲကြောင့် COVID-19 ကပ်ရောဂါ ပိုမိုပျံ့နှံ့ခြင်းမရှိ စေရေးအတွက်  ရွေးကောက်ပွဲနေ့၌ ပိုးသတ်ခြင်း၊ မဲရုံပုံစံများပြင်ဆင် ဖွဲ့စည်းခြင်း၊ COVID-19 ကပ်ရောဂါဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ ကြိုတင်ပြင်ဆင်ထားခြင်း၊ လမ်းညွှန်ချက်များအား  အသိပေးခြင်း၊ မဲပေးမှုအဆင့်ဆင့်တွင် ရောဂါကူးစက် ပျံ့နှံ့မှုမဖြစ်ပွားဘဲ နည်းလမ်း တကျမဲပေးနိုင်ရေးအတွက် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ခြင်း၊ မဲရေတွက်ရာစင်တာများတွင်လည်း အလားတူ စည်းကမ်းချက်များ ချမှတ်ဆောင်ရွက်ခြင်းတို့အား ဆောင်ရွက်ခဲ့ပါသည်။ မဲပေးမည့်နေ့ မတိုင်ခင် ညနေမှစတင်ကာ မဲရုံများကို ပိုးသတ်ထားပြီး မည်သူမျှ ဝင်ထွက်ခွင့်မရှိပါ။
ရွေးကောက်ပွဲနေ့တွင် မဲရုံ၌  မဲပေးရာတွင် မဲရုံပရဝဏ်တစ်ခုလုံးတွင် အမှတ်အသားများကိုထားရှိပြီး မဲဆန္ဒရှင်တစ်ဦးနှင့်တစ်ဦးအကြား တစ်မီတာစီခွာပြီးနေရသည်။   မဲဆန္ဒရှင်   သက်သေခံကတ်ပြားကို အဆင်သင့်ထုတ်ထားရန်လိုအပ်ပြီး  လက်များကို ပိုးသတ်ဆေးဖြင့် စင်ကြယ်စွာ      ဆေးကြောထားရန်နှင့်     ၎င်းတို့ကိုပေးထားသော လက်အိတ်များကို    အချိန်ပြည့်ဝတ်ဆင်ရသည်။    မဲရုံအတွင်းသို့ ဝင်ရောက်ပြီးသည်နှင့် မဲဆန္ဒရှင်စစ်မှန်ကြောင်းသိရှိရန် Mask ဖယ်ပြရ သော်လည်း    မဲပေးသည့်အဆင့်အားလုံးတွင်     လက်အိတ်ဝတ်ခြင်း၊ မျက်နှာဖုံးအုပ်ခြင်းများဆောင်ရွက်ရသည်။      မဲရုံထွက်ခွာရာတွင် အသုံးပြုပြီးသော လက်အိတ်များကို မဲရုံအပေါက်ဝရှိ တစ်ခါသုံးပစ္စည်း များ  လွှင့်ပစ်သည့် အမှိုက်ပုံးထဲသို့ စွန့်ပစ်ရသည်။ 
မဲပေးစဉ်အတွင်း    မဲပေးသည့်အခန်းများ၊   တံဆိပ်တုံးများနှင့် ရွေးကောက်ပွဲသုံးပစ္စည်းများကို သတ်မှတ်ချိန်တိုင်းတွင် ပိုးသတ်ပြီး မဲရုံပရဝဏ်များကို    လေဝင်လေထွက်ကောင်းသည့်နေရာများတွင် ထားရှိသည်။ Mask တပ်ရန်၊  တစ်မီတာအထက်  ခပ်ခွာခွာနေရန်၊ တစ်ခါသုံးပလတ်စတစ် လက်အိတ်ဝတ်ဆင်ရန် အစရှိသည့် အချက် အလက်များပါဝင်သည့် “ဧပြီလ ၁၅ ရက်နေ့တွင် မဲပေးရာ၌ တစ်နိုင်ငံ လုံး  လိုက်နာရမည့်စည်းကမ်း”ကို  ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့ပြီး     မဲပေးခြင်းလမ်းညွှန်ချက်၊   ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်စာရင်းများနှင့်အတူ သတင်း ဌာနများသို့ ပေးပို့ခဲ့ပါသည်။ ကိုဗစ်ကာလ ရွေးကောက်ပွဲအတွက် အရေးကြီးသည့်အချက်တစ်ခုမှာ     ဌာနဆိုင်ရာများ     ပူးပေါင်း ဆောင်ရွက်မှုဖြစ်ပြီး လုပ်ဆောင်ရမည့်တာဝန်များကို ဌာနဆိုင်ရာ တာဝန်ရှိသူများအကြား ရှင်းလင်းနေရန် လိုအပ်ပါသည်။
ရွေးကောက်ပွဲကြောင့်   ကူးစက်ခံရသူတစ်ဦးမျှ မရှိခဲ့ခြင်းမှာ ပြည်သူလူထု၏ ၎င်းတို့ဆန္ဒအလျောက် ပူးပေါင်းဆောင်ရွက်ခြင်းက အဓိကကျသော်လည်း ဆောင်ရွက်ထားသည့် အစီအမံများကိုသာမက မည်သည့်အတွက်ကြောင့် အဆိုပါနည်းလမ်းများသုံးရသည်၊ စီစဉ် ထားရသည်ကို       ရွေးကောက်ပွဲကော်မရှင်က  ပြည်သူများထံ  ကောင်းမွန်စွာ    အသိပေးနိုင်ခဲ့ခြင်းကြောင့်လည်း    ဖြစ်သည်။ ရွေးကောက်ပွဲကော်မရှင်သည်  မဲဆန္ဒရှင်များထံ  သတင်းအချက် အလက်ရောက်ရှိစေရန် တယ်လီဖုန်းမက်ဆေ့ချ်များပို့ခြင်း၊ သတင်း ဌာနများမှ ထုတ်လွှင့်ခြင်း၊ တစ်နိုင်ငံလုံးတွင် ပိုစတာများကပ်ခြင်း၊ မဲဆန္ဒရှင်ကျင့်ဝတ်အား  မဲရုံအတွင်းတွင်  ကပ်ထားခြင်း  စသည် တို့ကိုဆောင်ရွက်ခဲ့ပြီး  မဲပေးခြင်း၊  မဲရေတွက်ခြင်းများကို နိုင်ငံတော် ပိုင်ရုပ်သံဌာနများမှ အချိန်အပိုင်းအခြားအလိုက် ထုတ်လွှင့်ပြသခဲ့ သဖြင့် ပွင့်လင်းမြင်သာမှုကို မြှင့်တင်နိုင်ခဲ့သည်။
နိဂုံး
တောင်ကိုရီးယားရွေးကောက်ပွဲအောင်မြင်စွာ  ကျင်းပရသည့် အခြားအကြောင်းရင်းတစ်ခုမှာ ကိုဗစ်ကာလအတွင်း မဲဆွယ်စည်းရုံး မှုဆိုင်ရာ အကန့်အသတ်များရှိခဲ့သော်လည်း နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများက    တက်တက်ကြွကြွ       ပူးပေါင်း ဆောင်ရွက်ခဲ့သည့်အတွက် ရွေးကောက်ပွဲကော်မရှင်၏ စီမံခန့်ခွဲမှုများ အောင်မြင်ထိရောက်ခဲ့ခြင်းဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံသည် စီးပွားရေး အားကောင်းခိုင်မာပြီး နည်းပညာ၊ အခြေခံအဆောက်အအုံ၊ လူသားအရင်းအမြစ်နှင့် ဆက်သွယ်ရေးနည်းလမ်းများ ကောင်းမွန်စွာ တည်ဆောက်ပြီးသည့် နိုင်ငံလည်းဖြစ်ပါသည်။
ရွေးကောက်ပွဲများကျင်းပရာတွင် လွတ်လပ်၍  တရားမျှတမှုရှိရန် ရွေးကောက်ပွဲကော်မရှင်၏  အခန်းကဏ္ဍမှာ  အရေးကြီးသကဲ့သို့ သက်ဆိုင်ရာနိုင်ငံ၏ သမိုင်းကြောင်း၊ လူမှုရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ စီးပွားရေးအခြေအနေများ၊ အခြေခံအဆောက်အအုံနှင့် ပြည်သူလူထု၏ ရွေးကောက်ပွဲနှင့်ဒီမိုကရေစီအား သိရှိနားလည်မှု ရေချိန် စသည့်အချက်များပေါ်တွင် များစွာမူတည်နေသည်။ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်တစ်ရပ်ကို တည်ဆောက်ရာ တွင် နိုင်ငံ၏ ရေမြေ၊ အခြေအနေနှင့် သင့်လျော်သည့် ရွေးကောက်ပွဲ စနစ်များဖြင့် ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ခြင်းသည် အရေးကြီးသည့်အားလျော်စွာ     အဆိုပါ   ရွေးကောက်ပွဲများတွင်  မဲဆန္ဒရှင်ပြည်သူလူထု၊  နိုင်ငံရေးပါတီများ  အစရှိသည့်  ရွေးကောက် ပွဲဆိုင်ရာ   ပါဝင်သက်ဆိုင်သူများ   (Electoral Stakeholders)  ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည်လည်းအရေးကြီးကြောင်းကို တောင် ကိုရီးယားနိုင်ငံ၏ ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများ နှင့် နှိုင်းယှဉ်လေ့လာ သုံးသပ်နိုင်စေရန် တင်ပြလိုက်ရပါသည်။   ။
ကျမ်းကိုး
    - Election Data and Election Information Library, National Election Commission of South Korea, www.nec.go.kr
    - Elections in South Korea, Association of World Election Bodies (A-WEB), www.aweb.org
    - Country:  South  Korea,  2020  Parliamentary Elections and Electoral Systems in South Korea, Wikipedia
    - Electoral Politics in Southeast and East Asia: A Comparative Perspective by Aurel Croissant
    - ၂၀၂၀ ပြည့်နှစ်တောင်ကိုရီးယားလွှတ်တော် ရွေးကောက် ပွဲများ၊   တောင်ကိုရီးယား   ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဂျိုဂျွန်းဂီ
    - Republic of Korea ( Kuk-Hoe National Assembly), www.ipu. org
    - National Parliaments: South Korea, Law Library of Congress, www.loc.gov