
အင်ဂျင်နီယာ ထွန်း (စက်မှုစီးပွားထူးချွန်ဆု)၊ Former Honorary Part-Time Professor (DSTA)
V-Process Casting နည်းစဉ်ကို ဂျပန်နိုင်ငံက ၁၉၇၀ ပြည့်နှစ် အနှောင်းပိုင်းတွင် အောင်မြင်စွာတီထွင်မှတ်ပုံတင်ပြီး ၁၉၈၀ ပြည့်နှစ် တွင် တရုတ်နိုင်ငံသို့ နည်းပညာရောင်းချပေးခဲ့ပါသည်။ တရုတ်နိုင်ငံက ပြည်တွင်း၌ ကားပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများနှင့် စက်ရုံထုတ်လုပ် မှု လုပ်ငန်းများသုံး စက်ကြီးများအတွက် လိုအပ်သောအစိတ်အပိုင်းများ နှင့် အစိတ်အပိုင်းများ စုဖွဲ့တပ်ဆင်ထားသည့်အုပ်စုကို ထည့်သွင်းရန် လိုအပ်သော ကိုယ်ထည်ကြီးများ (Components, Housings for Components Assembled Group) ထုတ်လုပ်ခြင်းအတွက် ထိရောက် ကျယ်ပြန့်စွာ သုံးလျက်ရှိပါသည်။
မိမိ စာတွေ့ဖတ်မှတ်လေ့လာ တတ်သိနားလည်သည်များကို အခြေခံကာ မိမိနှင့်အတူ စက်ရုံများတွင် ထုတ်လုပ်မှုလုပ်ငန်းများ၊ စက်များ ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများ၊ သုတေသနလုပ်ငန်းများ စသည်တို့တွင် လက်တွေ့အတူလုပ်ခဲ့ ကြသည့် အတွေ့အကြုံရှိကြသော အငြိမ်းစား အတတ်ပညာရှင် တပည့်များ၏ စွမ်းပကားဖြင့် ပြည်တွင်း ပြုပြင်ထိန်းသိမ်းရေး အလုပ်ရုံတစ်ခုတွင် V-Process Casting စက်လိုင်းဖြင့် သင်္ဘောအောက် ရေမျက်နှာပြင်နှင့် ထိတွေ့နိုင်သည့် အခန်းများအတွက် အလုံပိတ်ထားစဉ် အလင်းရစေပြီး ရေပြင်နှင့် လွတ်သည့်အခါ ဖွင့်ပြီးလေဝင်နိုင်စေသော ရေလုံမှန်ပြတင်းပေါက် အဝိုင်း (Water Sealed Port Hole) ထုတ်လုပ်ရန် လိုအပ်သည့် စက်စားရန်မလိုဘဲ တိုက်ရိုက်တပ်ဆင် အသုံးပြုနိုင်သည့် အတိုင်း အတာတိကျသည့် မျက်နှာပြင်ချော အလူမီနီယံကွင်း သွန်းထည်များ (Port Hole Ring Castings)ကို သွန်းလောင်း ထုတ်လုပ်ပြခဲ့ပါသည်။
လေဟာနယ်ပုံ သွန်းလောင်းနည်းစနစ်စက်လိုင်း (V-Process casting line) ဖြင့်လက်တွေ့အလူမီနီယံသွန်းထည် (Aluminium Casting) သွန်းလောင်းထုတ်လုပ် နေကြသည်ကို အင်ဂျင်နီယာအသင်း အကျိုးဆောင်ဥက္ကဋ္ဌ ဦးသန်းမြင့်နှင့် အသင်းအကျိုးဆောင် ဗဟိုအလုပ် အမှုဆောင်အင်ဂျင်နီယာများ သွားရောက်ကြည့်ရှုလေ့လာကြပြီး အသင်းအကျိုးဆောင် ဥက္ကဋ္ဌက ဦးဆောင်ဖန်တီး တည်ဆောက်ပေးခဲ့ သော မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း အကျိုးဆောင် ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးကြီးဉာဏ်ထွန်းဦး (ငြိမ်း) အား အသိမှတ်ပြု ဂုဏ်ပြုမှတ်တမ်း တင်ခဲ့ပါသည်။
V-Process Casting နည်းစနစ်ဖြင့် သတ္တုပန်းကနုတ်ထုဆစ် ပုံတူ အလူမီနီယံ သွန်းထည်ပစ္စည်းများကို စီးပွားဖြစ်ထုတ်လုပ်နိုင်မှု
သဲအပွင့်အရွယ်ကြီးများ၊ ရေ၊ ချုပ်ဆေးမှုန့်များဖြင့် ရောစပ်ထား သည့် နည်းစနစ်သုံးသဲဖြင့် ပြုလုပ်ပုံဆောင်ထားသည့် သဲစိုပုံ (green sand mould) /သဲအပွင့်အရွယ်ကြီးများသုံး ဓာတုတွဲဆက်နည်းစနစ်ဖြင့် ပြုလုပ်ပုံဆောင်ထားသည့် သဲပုံ (chemical setting mould) တို့ဖြင့် ပုံဆောင်ထားသည့် သဲပုံများအတွင်းသို့ သတ္တုရည်သွန်းလောင်း ထုတ်ယူရရှိသော သွန်းထည်ပစ္စည်းများတွင် လေခိုပေါက်များ၊ အနာ များပါပြီး မျက်နှာပြင်ကြမ်းသော သွန်းထည်ပစ္စည်းများ (defective rough surface castings) ကိုသာ ထုတ်လုပ်နိုင်ခဲ့ကြရာမှ ယခုအခါ တွင် စေးပြစ်စေသည့် ပစ္စည်းအမှုန့်များ၊ ရေ စသည်တို့ မပါဘဲ ခြောက်သွေ့သော သဲပွင့်အနု (သေးငယ်သောသဲပွင့်) များ သက်သက် ဖြင့်သာ လေဟာနယ်အတွင်း သဲနုအခြောက်ဖြင့် ပုံဆောင်ထားသည့်ပုံ (dry vacuum mould) အတွင်းသို့ သတ္တုရည်သွန်းလောင်းထည့်ကာ လေပေါက်နှင့် အနာအဆာကင်းပြီး အတိုင်းအတာတိကျသည့် မျက်နှာပြင်ချောလှသော သတ္တုသွန်းထည်များ (defect free precise dimension smooth surface castings) ကို လေဟာနယ်ပုံ သွန်းလောင်းစနစ် (V-Process Casting Method) ဖြင့် ထုတ်လုပ်နိုင်နေ ကြပြီဖြစ်ပါသည်။
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လှေကား အတက် အဆင်း လက်ရန်း အောက်ခြေများ၏ သံပန်းနေရာ အစားထိုးအဖြစ် အလူ မီနီယံ ထုဆစ် ပန်းကနုတ်အလှပြား သွန်းထည်ပစ္စည်းများကိုလည်း ကောင်း၊ ပြတင်းပေါက် အကာအရံ သံပန်းသံတံခါး အစားထိုးအဖြစ် လည်းကောင်း၊ ကနုတ်ထုဆစ် ပုံဖော်ပုံတူ အလူမီနီယံပန်းကနုတ် အလှသွန်းထည်များဖြင့် အစားထိုးသုံးခြင်းကို လည်းကောင်း၊ ခြံစည်း ရိုး အကာအရံအတွက် ထုဆစ် ပန်းကနုတ် အလှဖန်တီးထားသည့် ပုံတူသွန်းလောင်းသံ သတ္တုစပ် (alloy cast iron / gray cast iron) အကာအရံ သွန်းထည်ချပ်များကိုလည်းကောင်း သွန်းလောင်း ထုတ်လုပ်နိုင်ပါသည်။
လှေကား အတက်အဆင်း လက်ရန်း၏ အောက်ခြေနှင့် ပြတင်းပေါက် အကာ နမူနာများအတွက် ကနုတ်ထုဆစ် အလူမီနီယံသွန်းထည်၊ ဝင်းခြံစည်းရိုးအကာ သွန်းလောင်းသံကနုတ် ထုဆစ်သွန်းထည် နမူနာများ
နံရံကပ်အလှဆင်ရန် နှစ်သက်ရာဒီဇိုင်းအမျိုးမျိုး စိတ်ကြိုက်ပုံ ကနုတ်ထုဆစ် ပုံဖော်ထားသည့် ပစ္စည်းပုံတူ အလူမီနီယံပန်းကနုတ် အလှပစ္စည်းကိုလည်းကောင်း၊ သစ်သီးထည့်ကလပ် စသည် စသည် တို့ကိုလည်းကောင်း V-Process casting နည်းများဖြင့် ထုတ်လုပ် သုံးစွဲလာနေကြပြီဖြစ်ပါသည်။ မိမိတွေးခေါ်စဉ်းစားမိသည့် စိတ်ကြိုက် ကနုတ်ထုဆစ်ပုံဖော် V-Process Castings အလူမီနီယံသွန်းထည် များကိုလည်း ပြုလုပ်အသုံးပြုနိုင်ပါသည်။
အလှပန်းအိုးတင်၊ ပစ္စည်းတင်၊ လူထိုင်ခုံများ အဖြစ်လည်း ထုတ်လုပ်သုံးစွဲ နိုင်ပါသည်။ အောက်ခံပြားနှင့်ခြေထောက်များကို ကနုတ်ထုဆစ် ပုံတူဖော် V-Process castings များဖြင့် အလှခုံများ၏ အရွယ်၊ အမြင့်အမျိုးမျိုး ပြုလုပ်ယူနိုင်ပါသည်။
ဘုရားကျောင်းဆောင် အဆောက်အဦများနှင့် ဘုရားခန်းအတွင်း ပူဇော်ရန် အလှဆင်ပစ္စည်းများ အတွက်လည်းကောင်း၊ ဘုရားစင်တန်း များ၊ အဆင့်များ၊ အနားကွပ်များကို ကနုတ်ထုဆစ်အလှတန်းချပ်များ အဖြစ်လည်းကောင်း ပုံတူ Aluminium Casting ချပ်ပြားများကို လည်း သွန်းလောင်းပြီး ရွှေရောင်တင် အသုံးပြုနိုင်ပါသည်။
ဆောင်းပါးတွင် ဖော်ပြထားသော သွန်းလောင်းထားသည့် ပစ္စည်းပုံများမှာ အလူမီနီယံသွန်းထည်၊ ကြေးသွန်းထည်၊ သစ်သားပန်း ကနုတ်၊ ကြေးပြားနှင့် ပုံထုပန်းကနုတ်ပုံများကို နမူနာပြပစ္စည်းများ အဖြစ် ပြသထားခြင်းသာ ဖြစ်ပါသည်။
အလူမီနီယံသွန်းထည်များကို Anodizing ခေါ် အလူမီနီယံအရောင် တင်ခြင်း
စျေးကွက်တွင် တွင်ကျယ်စွာ ဖြန့်ချိနေသည့် အခန်းတွင်း အလှ ဆင် ကနုတ် ပန်းချီများ ထုတ်လုပ်ရောင်းချနေသည့် လုပ်ငန်းရှင်များ၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအတွက် အဆောက်အဦ အလှဆင် ပန်းကနုတ်ပုံတူ မျက်ပြင်ချော အလူမီနီယံသွန်းထည်များကို Anodizing ခေါ် အလူမီနီယံ အရောင်တင်နည်းဖြင့် ရွှေရောင်၊ ငွေ ရောင်၊ အပြာ၊ ခရမ်း၊ မရမ်း၊ အနီ၊ အဝါ စသည်ဖြင့် နှစ်သက်ရာအရောင်ကို တောက်ပစွာ အရောင်တင်ပေးနိုင်သဖြင့် စေတီပုထိုး၊ ဘုရားကျောင်း ဆောင်များ၊ ဘုရားဖူးဆောင်များအတွက် နဖူးစည်းဘောင်များနှင့် အခြားအသုံးအဆောင် ပစ္စည်းမျိုးစုံကိုလည်း ပြုလုပ်ယူနိုင်ပါသည်။
လက်ဆောင်ပေးရန် ပစ္စည်းမျိုးစုံများကိုလည်း ဖန်တီးပေးနိုင်စွမ်း ရှိပါသည်။ ပန်းကနုတ် အလှပစ္စည်းများ ရောင်းချနေသည့်ဆိုင်များ နှင့် V-Process Casting နည်းဖြင့် အလူမီနီယံသွန်းထည် ထုတ်လုပ် သူများ၊ အလူမီနီယံ ပစ္စည်းအရောင်တင်လုပ်ငန်း anodizing လုပ်ကိုင် နေသူများ၊ ဈေးကွက်ဖြန့် ရောင်းချပေးမည့်သူများ ပူးပေါင်းပြီး ဆောင်ရွက်နိုင်အောင် ဦးဆောင်စီမံချိတ်ဆက်နိုင်စွမ်းရှိသူက အလေးထား အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ပါလျှင် အလွန်အကျိုးထူး ရရှိနိုင်စေမည့် စီးပွားရေးလုပ်ငန်းကြီးတစ်ခု ဖြစ် ပါသည်။
သတ္တုအရည်ကျိုထုတ်လုပ်ခြင်း၊ V-Process Casting နည်းစနစ် ဖြင့် သွန်းထည်များ သွန်းလောင်းထုတ်လုပ်ခြင်း၊ အလူမီနီယံပစ္စည်းများ အရောင်တင်လုပ်ငန်း anodizing လုပ်ခြင်း စသည်တို့ကို ပိုင်ရှင် တစ်ဦးတည်းက တစ်နေရာတည်း တစ်စုတစ်စည်း စီမံဆောင်ရွက်နိုင် ခြင်းသည် ထုတ်လုပ်မှုစရိတ်လျော့နည်းစေပါမည်။
စိတ်ပါဝင်စားစွာ အကောင်အထည်ဖော် စက်ရုံတည်ဆောက်ပြီး စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လိုသူများသည် လက်တွေ့လေ့လာကြည့်ရှုလိုပါကဖုန်း-၀၉-၅၁၉၂၀၆၂ သို့ ဆက်သွယ် နိုင်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
- Log in to post comments