ဝါးကို အပူပေး ဆေးစိမ်ခြင်းဖြင့်  နှစ်ရာချီအသုံးပြုနိုင်

Type
၁၁

 

လူတို့သည် ဝါးကို ရှေးယခင်ကတည်းက အမျိုးမျိုးအဖုံဖုံအသုံးပြုကြသည်။ သို့သော် ဝါးသည် ပိုးထိုးလွယ်ခြင်း၊ မှိုတက်ခြင်း၊ ဆွေးမြည့်လွယ်ခြင်းတို့ကြောင့် ပရိဘောဂနှင့် အိမ်ဆောက်ရာတွင် ကြာရှည်မခံ၍အသုံးပြုမှုနည်းကြသည်။ ယနေ့ခေတ်တွင် ပရိဘောဂနှင့်  လူနေအိမ်အဆောက်အအုံများတွင်  ဝါးကို တွင်တွင်ကျယ်ကျယ်  အသုံးပြု လာကြသည်ကို  တွေ့ရသည်။

အဘယ့်ကြောင့်ဆိုသော် ယခုခေတ် နည်းပညာများ      မြင့်မားလာသည်နှင့် အမျှ    ဝါးကို    သက်တမ်းကြာရှည်စွာ ခံနိုင်စေရန် အမျိုးမျိုးတီထွင်ဆန်းသစ်လာကြပြီး ရတနာတစ်ပါးကဲ့သို့ အသုံးပြု လာကြသည်။
တာရှည်ခံအောင်ဆောင်ရွက်
ဝါးကိုတာရှည်ခံအောင်  ပြုလုပ်ရာ တွင်   ဝါး၏အခြေခံသဘောတရားကို ကောင်းစွာနားလည်ရပေမည်။    လူတို့ သည် မျှစ်ကိုစားသုံးကြသည်။ ချိုသော မျှစ်ကိုသာ စားကြသည်။  ခါးသောမျှစ်ကို သိပ်မစားကြပေ။    ချိုသောမျှစ်သည် သကြားဓာတ်ပါ၀င်မှုများကာ မှိုတက် လွယ်သည်။ ပိုးထိုးလွယ်သည်။ ခါးသော မျှစ်သည် သကြားဓာတ်နည်း၍ မှိုတက် ခြင်း၊ ပိုးထိုးခြင်းနည်းသည်။ ထို့ကြောင့် ချိုသောမျှစ်မှဝါးထက်   ခါးသောမျှစ်မှ ဝါးသည် ပို၍ခိုင်ခံ့သည်။ ယင်းကြောင့် သကြားဓာတ်ပါသည့်ဝါးများကို နှစ်ကြာကြာအသုံးပြုနိုင်ရန်အတွက်  ပြုပြင်ပြီး တာရှည်ခံအောင်   ဆောင်ရွက်လာကြ သည်။ 
ထိုအကြောင်းအရာနှင့် ပတ်သက်၍ မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်း ဥက္ကဋ္ဌ ဦးကျော်၀င်းက  “ဝါးကို    တာရှည်ခံ အောင်  ပြုလုပ်နည်း    နှစ်မျိုးရှိပါတယ်။ ပထမနည်းမှာ  မိရိုးဖလာနည်းဖြစ်ပြီး တော့ ဒုတိယနည်းမှာ ဓာတုဆေးများ   ဖြင့်      ပြုလုပ်ရသောနည်းဖြစ်ပါတယ်။ ဝါးကိုတာရှည်ခံနည်း          မပြောခင်မှာ အဓိက   သိသင့်တာလေးကို    အရင် ပြောချင်ပါတယ်။ ဝါးရဲ့   သက်တမ်းကို  ခန့်မှန်းသိရှိရမှာဖြစ်ပါတယ်။ တာရှည် ခံအောင်ပြုလုပ်ရမယ့် ဝါးဟာ  အနည်း ဆုံး သုံးနှစ်သက်တမ်းရှိရပါတယ်။ ဒီလို သက်တမ်းခွဲရာမှာ အလွယ်ကူဆုံးနည်း ကတော့ ဝါးပင်စည်ဟာ ဝါးသက်တမ်း အပေါ်မူတည်ပြီးတော့ အစိမ်းနုရောင် ကနေ မီးခိုးရောင်သန်းတဲ့အစိမ်းရောင်အဖြစ်ပြောင်းလဲသွားမှုအပေါ်ကြည့်ပြီး သက်တမ်းရင့်  မရင့်ကို သိနိုင်ပါတယ်”ဟု ပြောသည်။
ဝါးသက်တမ်း       နှစ်နှစ်အထိသာ ဝါးပတ်များရှိတတ်ပြီး   နှစ်နှစ်ကျော် သည့်အခါ    ဝါးပတ်များပျောက်ကာ ပြောင်ချော၍    စိမ်းနေတတ်သည်။  လေးနှစ်သားအရွယ်တွင် ခရေပွင့်ကဲ့သို့  အစက်အပြောက်များ  စတင်ပေါ်လာ တတ်ပြီး လေးနှစ်ကျော်     ငါးနှစ်သားဝါး သည်   မီးခိုးရောင်  အစိမ်းကဲ့သို့  ရှိသည်။
“သက်တမ်းနုသောဝါးကို ခုတ်ယူပြီး ငါးရက်ခန့်ကြာတဲ့အခါ ဝါးရဲ့အလေးချိန် က ပေါ့သွားပါတယ်။ လေးနှစ်သက်တမ်း ကျော်တဲ့ဝါးများဟာလည်း ထိုနည်းတူ ပါပဲ။ ဒါကြောင့် သုံးနှစ်နဲ့ လေးနှစ်ကြားက  ဝါးကိုသာ လူတွေအသုံးပြုကြပါတယ်။ သုံးနှစ်သက်တမ်းဝါးက ခုတ်ပြီးပေမယ့် သိသိသာသာ          အလေးချိန်လျော့ကျ သွားတာ  မရှိပါဘူး။  တာရှည်ခံအောင်    သုံးလိုတယ်ဆိုရင်  သုံးနှစ်သက်တမ်းသာ အကောင်းဆုံးဖြစ်ပါတယ်။  ခြောက်နှစ်၊ ခုနစ်နှစ်သက်တမ်း       ဝါးများကတော့ သူ့အလိုလို မခုတ်ဘဲထားရင် ခြောက် သွေ့ပြီး             ပျက်စီးသွားပါတယ်”ဟု     ၎င်းက ပြောသည်။ 
ထိုသို့ခုတ်ပြီးသည့် ဝါးများကို ပထမ နည်းဖြစ်သည့်    မိရိုးဖလာနည်းဖြင့် တာရှည်ခံအောင်ပြုလုပ်ရာတွင်  ရွှံ့ရည် စိမ်ခြင်း၊ ကြပ်တိုက်ခြင်း၊ ရေနံချေးသုတ် လိမ်းခြင်း၊     ထုံးရည်သုတ်လိမ်းခြင်း၊ ကတ္တရာဆေးရည်သုတ်လိမ်းခြင်း၊ ကတ္တ ရာ  ဆေးရည်သုတ်လိမ်းပြီး သဲပက်ခြင်း၊ သဲဆပ်ပြာ(ဆပ်ပြာကြမ်း)ဖြင့်   ရေတွင် စိမ်ခြင်းများကို ပြုလုပ်ကြသည်။
သဲဆပ်ပြာ(ဆပ်ပြာကြမ်း)စိမ်နည်း
“ဝါးကိုပိုးမထိုး         မှိုမတက်အောင် သဲဆပ်ပြာ(ဆပ်ပြာကြမ်း)စိမ်နည်းဟာ မိရိုးဖလာနည်းထဲက    အကောင်းဆုံး တစ်နည်းဖြစ်ပါတယ်။ အချို့သောဒေသ တွေမှာ ခြင်း၊ တောင်း၊ ဆန်ကော၊ ဆန် ခါများကို  ပိုးမထိုး၊   မှိုမတက်အောင်  ကြာရှည်ခံဆေးအဖြစ်သဲဆပ်ပြာကြမ်းရေနဲ့ စိမ်ကြပါတယ်။ ဝါးအလုံးလိုက် သဲ ဆပ်ပြာရည်စိမ်ဖို့အတွက်    အုတ်ကန် ပြုလုပ်ရပါမယ်။ အုတ်ကန်ကိုမိမိအသုံးပြုမှုအပေါ်မူတည်ပြီး  အလျား၊   အနံ၊ အမြင့်ကိုပြုလုပ်ရပါတယ်။ သဲဆပ်ပြာ စိမ်ရာမှာ  ရေနဲ့သဲဆပ်ပြာအချိုးအစား ကို   အတိအကျပြောဖို့   မလွယ်ပါဘူး။ ဆေးမစိမ်ခင် ရေနဲ့သဲဆပ်ပြာကို ရောစပ် ပြီး  ချွဲကျိကျိအနေအထားထိရောက် အောင် ပြုလုပ်ထားရပါတယ်။  ဝါးကို စိမ်တဲ့အခါ အထူအပါးအသားကျစ်မှု အပေါ်မူတည်ပြီး  ၅ ရက်မှ   ၁၅ ရက်ခန့် အထိ   ကြာတတ်ပါတယ်။  ဝါးအတွင်း ဆေးရည်၀င်     မ၀င်  သိနိုင်တဲ့အချက်က ဆေးရည်မစိမ်မီ    ဝါးကိုဖြတ်ကြည့်ရင်  အတွင်းသားဖြူနေပါမယ်။    ဒါဆိုရင် ဆေးရည်မ၀င်သေးတာပါ။  အကယ်၍ ဆေးရည်စိမ်ပြီး    သုံးရက်လောက် အကြာမှာ  ဝါးကိုဖြတ်ကြည့်မယ်ဆိုရင် အတွင်းသားက     အညိုရောင်အဖြစ် ရောက်တဲ့အခါ  ဆေးရည်ပျံ့နှံ့တယ်လို့          မှတ်ယူနိုင်ပါတယ်” ဟု  ဦးကျော်၀င်းက  ဆက်ပြောသည်။
ပင်လယ်နှင့်နီးသည့်နေရာများတွင် ပင်လယ်ဆားငန်ရည်စိမ်ခြင်း၊ ရေပူစမ်း နှင့်နီးသည့် ဒေသများတွင် ရေပူစမ်းတွင် စိမ်ထားခြင်းများဖြင့်လည်း      ဝါးကို ကြာရှည်ခံအောင်ပြုလုပ်ကြသည်။
ဒုတိယနည်းဖြစ်သည့် ဓာတုဗေဒ ဆေးများကိုအသုံးပြုပြီး ဝါးကိုတာရှည်ခံ အောင်  ပြုလုပ်နည်းသည်  ကမ္ဘာ့နိုင်ငံ အများအပြားတွင်  ပိုမိုအောင်မြင်စွာ အသုံးပြုလာကြသည်။ ဓာတုဗေဒနည်း ကို         အသုံးပြုပြီး         ဝါး၏ကြာရှည်ခံ သက်တမ်းမှာ အနည်းဆုံး နှစ်ပေါင်း ၅၀ အထိခိုင်ခံ့သည်ကိုတွေ့ရသည်။ ဓာတု ဗေဒနည်းကိုအသုံးပြုမည်ဆိုလျှင် ဝါးကို အစို၊  အခြောက်၊  မစိုမခြောက်စသည့် အနေအထားအပေါ်မူတည်ကာ အသုံးပြု မည့်     ဆေးကိုဆုံးဖြတ်ကြရသည်။ ဓာတုဗေဒနည်းဖြင့်    ဆေးစိမ်ရာတွင် ဝါးကိုလေဖိအားသုံး၍     ဆေးစိမ်ခြင်း၊ ဖိအားမပါဘဲရိုးရိုးစိမ်ခြင်း၊ အပူတစ်လှည့် အအေးတစ်လှည့်ဖြင့်     ဆေးစိမ်ခြင်း နှင့်  အပူပေး၍  ဆေးစိမ်ခြင်းနည်းများ ဖြင့်    ဝါးကိုပြုပြင်နိုင်သည်။    သံကန်ကို အသုံးပြုကာ     အပူပေးသောနည်းဖြင့် ဆေးစိမ်လျှင် ထင်း၊ စပါးခွံတို့ကိုအသုံးပြု ကာ ၃ နာရီခန့်ကြာအောင် အပူချိန် ၁၀ ဒီဂရီ ဆဲလ်စီးရပ်စ်မှ ၂၀ ဒီဂရီဆဲလ်စီးရပ်စ် အထိ   အပူပေးပြီးစိမ်ပါက   ဝါးအတွင်း ဆေးပျံ့နှံ့မှုအားကောင်းသည်ကို     တွေ့ ရသည်။
ထို့အပြင် ဝါးအတွင်း ဆေးရည်ပျံ့နှံ့ စေရန် အဆစ်များကို ဖောက်ခြင်း၊ လွန် သွားသေးသေးဖြင့်      အပေါက်များ ဖောက်ခြင်းဖြင့် ဝါးမြုပ်သည်အထိထား ကာစိမ်နိုင်သည်။ ဝါးသည်  ဆေးရည် မ၀င်မီ        ရေပေါ်သို့ပေါ်လာနိုင်ခြင်း ကြောင့် ရေထဲတွင်နစ်မြုပ်ရန် အလေး ချိန်များသောပစ္စည်းများဖြင့်  ဖိထားရန် လိုအပ်သည်။ 
ဓာတုဗေဒနည်း ဆေးစိမ်ခြင်း
ဓာတုဗေဒနည်း    ဆေးစိမ်ခြင်းနှင့် ပတ်သက်၍ ဦးကျော်၀င်းက   “ဝါးကို ဆေးစိမ်တဲ့အခါ ဓာတုဗေဒဆေးစိမ်နည်း မှာ Borax ၁ ဒသမ ၅ ဆ၊ Boxic Acid တစ်ဆကို ရေခြောက်ဆတို့နဲ့စိမ်လို့ ရပါ တယ်။ နောက်တစ်နည်းက Boxic Acid နှစ်ဆ၊ Borax နှစ်ဆ၊ Sodium  သုည ဒသမ ၅ ဆကို ရေ ၁၀၀ လီတာဖြင့် ရော၍စိမ်နိုင်ပါတယ်။ ဒီနည်းက ရာသီ ဥတုဒဏ်၊ မြေကြီးနှင့်ထိစပ်နေတဲ့နေရာတွေမှာ အသုံးပြုဖို့တော့ ခံနိုင်ရည်နည်းပါ တယ်။  ပရိဘောဂပြုလုပ်ရာတွင်သာ ဒီနည်းကိုအသုံးပြုသင့်ပါတယ်။ ရာသီ ဥတုဒဏ်၊ မြေနဲ့ထိစပ်တဲ့နေရာတွေမှာအသုံးပြုမယ်ဆိုရင် Copper၊ Cromeနဲ့ Boron အရောအနှော တစ်ဆ၊ Boric Acid ငါးဆ၊ Copper Sulphate သုံးဆ၊ Sodium Dichromate ဒါမှမဟုတ် Potassium Dichromate ကို ရေမှာ ၆ ဒသမ ၈ ရာခိုင်နှုန်းခန့်ရောပြီး  စိမ်နိုင်ပါ တယ်။ မိုးရေများသောနေရာနဲ့စိုစွတ်တဲ့နေရာတွေမှာတော့    Zin    Chloride တစ်ဆနဲ့    Sodium    Dichromate တစ်ဆကို ရေ ၁၀ ဆနဲ့   ဆေးစိမ်နိုင် ပါတယ်။      ကျောက်ချဉ်ထည့်၍လည်း စိမ်နိုင်ပါတယ်”ဟု ပြောသည်။ 
အဆိုပါ Borax နှင့် Boxic Acid ဖြင့် ဆေးစိမ်သောနည်းမှာ     ဘေးထွက် ဆိုးကျိုးမရှိဘဲ     အလွယ်ကူဆုံးနည်း ဖြစ်ကာ ကမ္ဘာပေါ်တွင်အသုံးအများဆုံးဖြစ်သည်။ ဝါးကို  နည်းမှန်လမ်းမှန်ဖြင့် ဆေးစိမ်အသုံးပြုပါက နှစ် ၅၀မှ နှစ် ၁၀၀ ကျော်အထိခိုင်ခံ့ပြီး စနစ်တကျ ခုတ်ယူ သုံးစွဲလျှင်   သစ်နေရာတွင်  အစားထိုး နိုင်ကာ      သစ်တောပြုန်းတီးမှုများကို လည်း  ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ဟိန်းထက်ဇော်(မြန်မာ့အလင်း)၊ ဓာတ်ပုံ - ဇော်ဘီ