
နေပြည်တော် ဇူလိုင် ၂၆
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်နှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာ ပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဒေါ်ကြူကြူဝင်း၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်၊ ဌာန ဆိုင်ရာ အကြီးအကဲများ၊ ပြန်ကြားရေးဝန်ကြီးဌာန အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit -CPU) အဖွဲ့ဝင်များ နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီး ဦးရဲတင့်က အဂတိ လိုက်စားမှုသည် နိုင်ငံအသီးသီး၊ နယ်ပယ်အသီးသီး တွင် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပွားနိုင်ကြောင်း၊ ဝန်ထမ်း များ၊ ဌာနများတွင် အဂတိလိုက်စားမှုဖြစ်ပေါ်ခဲ့လျှင် ပြည်သူလူထု၏ ယုံကြည်မှုလျော့ကျစေသည့်အပြင် နိုင်ငံ၏ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုယဉ်ကျေးမှု ကိုပါ ယိုယွင်းပျက်စီးစေနိုင်ကြောင်း၊ အဂတိ လိုက်စားမှုကျူးလွန်ပါက အဂတိလိုက်စားမှု ဥပဒေဖြင့် အရေးယူခံရမည့်အပြင် လူမှုပတ်ဝန်းကျင် တွင်လည်း ဂုဏ်သိက္ခာထိခိုက်ကျဆင်းစေသည့် အတွက် နိုင်ငံ့ဝန်ထမ်းများ သိရှိရှောင်ကြဉ်ရန် လိုအပ်ကြောင်း၊ အဂတိတရားကင်းရှင်းအောင် လိုက်နာနေထိုင်ခြင်းဖြင့် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်ဖြစ်အောင် ကြိုးစား ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဒေါ်ကြူကြူဝင်း က နိုင်ငံ့ဝန်ထမ်းတိုင်း အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ ဘေးအန္တရာယ်များကို သိရှိရှောင်ကြဉ်နိုင်စေရန်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်ခြင်းဖြင့် ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူမှု အသိုက်အဝန်းကို ဖော်ဆောင်ရန်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာများကို သိရှိရန် လိုအပ်ပြီး တာဝန်ထမ်းဆောင်ရာ၌ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ထမ်းဆောင်ခြင်း ဖြင့် အဂတိတရားကို ရှောင်ကြဉ်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ် များနှင့် ညွှန်ကြားရေးမှူးက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ စုံစမ်းစစ်ဆေးရေးကဏ္ဍများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက် လာသူများ၏ မေးမြန်းမှုများကို ပြန်လည်ရှင်းလင်း ဖြေကြားသည်။
ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင် ဒေါ်ကြူကြူဝင်း သည် ပြန်ကြားရေးဝန်ကြီးဌာန အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့(CPU) အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့ အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြ သည်။
သတင်းစဉ်