နိုင်ငံတော်ယန္တရားရပ်ဆိုင်းသွားခဲ့လျှင် ဘာတွေဖြစ်လာနိုင် သနည်း။ အကျဉ်းဆုံးဖြေရလျှင် တိုင်းပြည်ပျက်စီးသွားလိမ့်မည် ဖြစ်သည်။ တရားဥပဒေစိုးမိုးမှု ပျက်ပြားခြင်း၊ နိုင်ငံသူနိုင်ငံသား တို့၏ အသက်အိုးအိမ်စည်းစိမ်များ လုံခြုံမှုပျက်ပြားခြင်း၊ စီးပွား ရေး၊ လူမှုရေး၊ ပညာရေး စသည့်ကဏ္ဍအသီးသီးတို့ပြိုကွဲပျက်စီး ခြင်းတို့အပါအဝင် ဖြစ်ပေါ်လာမည့် အနိဋ္ဌာရုံများစွာတို့မှာ ရေးပြ၍ မကုန်နိုင်ဖွယ်ရှိလိမ့်မည်။
နိုင်ငံတော်ယန္တရားကြီးတစ်ခုလုံး လည်ပတ်အောင် ဆိုင်ရာ ကဏ္ဍအသီးသီးမှနေ၍ မောင်းနှင်နေကြသူများမှာ နိုင်ငံ့ဝန်ထမ်း များဖြစ်ကြသည်။ နိုင်ငံရေးစနစ်များ၊ အစိုးရများ၊ မူဝါဒများ မည်သို့ပင်ပြောင်းလဲစေကာမူ နိုင်ငံတော်ယန္တရားသည် ရပ်ဆိုင်း သွား၍မရ။ နိုင်ငံတော်ကို တာဝန်ယူကြသည့် အစိုးရအသီးသီးတို့ က နိုင်ငံတော်နှင့်ပြည်သူတို့၏ အကျိုးစီးပွားအတွက် ချမှတ်လိုက် သည့်မူဝါဒများနှင့်အညီ နိုင်ငံ့ဝန်ထမ်းတို့က မိမိတို့၏ ကဏ္ဍများ အလိုက် အကောင်အထည်ဖော်ကြရသည်။ တစ်ပါတီစနစ်တွင် ဝန်ထမ်းများသည် ၎င်းတို့၏ ယုံကြည်ချက်အရ နိုင်ငံကိုဦးဆောင် သည့် တစ်ခုတည်းသောပါတီ၌ ဝင်ရောက်လှုပ်ရှားနိုင်ခဲ့ကြသော် လည်း ပါတီစုံဒီမိုကရေစီခေတ်တွင်မူ ဝန်ထမ်းနှင့် နိုင်ငံရေးပါတီတို့ ဒွေးရောယှက်တင် ပြုလုပ်၍မရတော့။ ဝန်ထမ်းတစ်ဦးအနေဖြင့် ပုဂ္ဂလိကယုံကြည်ချက်၊ ခံစားချက်တို့ ရှိကောင်းရှိနေနိုင်သည့် တိုင်အောင် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းဖို့လိုအပ်လာသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ၂၀၁၇ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် ဝန်ထမ်း ကျင့်ဝတ်စာစောင်တွင် ဝန်ထမ်းများလိုက်နာရမည့် အလုပ်ချိန် နှင့် သက်ဆိုင်သည့် စည်းကမ်းများ၊ တာဝန်ထမ်းဆောင်မှု၊ လုပ်ရည်ကိုင်ရည်တို့နှင့် သက်ဆိုင်သည့် စည်းကမ်းများနှင့် လုပ်ငန်းခွင်အတွင်း ပြုမူဆက်ဆံမှုဆိုင်ရာ စည်းကမ်းများအပြင် ပါတီနိုင်ငံရေးကင်းရှင်းရန် စည်းကမ်းများကိုလည်း ချမှတ်ပြဋ္ဌာန်း ထားသည်။ ဝန်ထမ်းများ ပါတီနိုင်ငံရေးကင်းရှင်းရေးနှင့် စပ်လျဉ်း၍-
(က) ပါတီနိုင်ငံရေးပြုလုပ်ခြင်း၊ ပါတီနိုင်ငံရေးလှုပ်ရှားမှု အတွက် ငွေကြေးအကူအညီပေးခြင်း၊ အခြားနည်း ထောက်ပံ့ကူညီခြင်း၊
(ခ) ပါတီနိုင်ငံရေးအဖွဲ့အစည်းတွင် ပါဝင်ခြင်း၊
(ဂ) နိုင်ငံတော်အစိုးရက အခါအားလျော်စွာ သတ်မှတ် ထားသည့် စည်းကမ်းများနှင့် အညီ ဖွဲ့စည်းထားခြင်း မဟုတ်သည့် အသင်းအဖွဲ့၊ အစည်းအရုံး၊ သမဂ္ဂ စသည်တို့တွင် ပါဝင်ခြင်း၊
(ဃ) မည်သည့်ရွေးကောက်ပွဲတွင်မျှ ကိုယ်စားလှယ်လောင်း အဖြစ် ဖြစ်စေ၊ ကိုယ်စားလှယ်လောင်း၏ ကိုယ်စား လှယ်အဖြစ် ဖြစ်စေ ပါဝင်ခြင်း၊
(င) မည်သည့်ရွေးကောက်ပွဲတွင်မဆို မဲဆွယ်ခြင်း၊ အကူ အညီပေးခြင်း၊
(စ) ရုံးတွင်းရုံးပြင်၌ ပါတီနိုင်ငံရေးနှင့် စပ်လျဉ်း၍ စည်းရုံး ခြင်း၊ ဆွေးနွေးခြင်း၊ ဟောပြောခြင်းနှင့် ပါဝင်ခြင်း တို့ကို ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
လုပ်ငန်းခွင်အတွင်း ပြုမူဆက်ဆံမှုဆိုင်ရာ စည်းကမ်းများ တွင်လည်း တာဝန်အရ အထက်အကြီးအမှူးက ဥပဒေနှင့်အညီ ပေးသည့် အမိန့်ကို ဝန်ထမ်းကိုယ်တိုင်ဖီဆန်ခြင်း၊ အခြား ဝန်ထမ်းတို့ကို ဆန့်ကျင်စေရန် လှုံ့ဆော်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ သွေးဆောင်စည်းရုံးခြင်း၊ နိုင်ငံတော်နှင့် နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေမည့် စာအုပ်စာတမ်းများ ရေးသားခြင်း သို့မဟုတ် ဖြန့်ဝေခြင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေသည့် လှုပ်ရှားမှုတစ်ခုခုတွင် ပါဝင်ခြင်း သို့မဟုတ် လှုံ့ဆော်ခြင်း သို့မဟုတ် အားပေးကူညီခြင်း စသော အချက်များကို ထည့်သွင်းရေးဆွဲချမှတ်ထားခဲ့သည်။
အထက်ဖော်ပြပါ ဝန်ထမ်းများလိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများကို အစိုးရအဆက်ဆက်တို့က ချမှတ်ပြဋ္ဌာန်းကြရ ခြင်းမှာ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများ စနစ်ကျန ခိုင်မာရေး အတွက်ဖြစ်သည်။ တစ်နည်းအားဖြင့် နိုင်ငံတော်ယန္တရားကြီး ချောမွေ့သွက်လက်စွာ လည်ပတ်နိုင်ရေးအတွက် ဖြစ်သည်။ နိုင်ငံတော်ယန္တရားကြီးခုတ်မောင်းရသည့် စွမ်းအင်မှာ နိုင်ငံ့ ဝန်ထမ်းများပင်ဖြစ်ရာ တာဝန်ကျေပွန်မှု၊ ကျင့်ဝတ်စောင့်ထိန်းမှု၊ စည်းကမ်းလိုက်နာမှုတို့ဖြင့် ဝန်ထမ်းကောင်းများအဖြစ် နိုင်ငံ နှင့် ပြည်သူအပေါ် အလုပ်အကျွေးပြုနိုင်ကြပါစေကြောင်း။ ။